ကျွန်တော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့စာအုပ်လေးတစ်ခုရှိတယ်။
ကြာပြီဗျာ။ စာအုပ်နံမည်ကိုမမှတ်မိတော့ဘူး။ ပြင်သစ်စာရေးဆရာတစ်ယောက်ရေးခဲ့တဲ့ နံမည်ကျော်စာအုပ်ဆိုတာကိုတော့မှတ်မိနေပါတယ်။မှတ်မိသလောက်လေးနဲနဲပြန်ပြောပြချင်တယ်။ ဒီလိုဗျာ ...
ထားပါတော့ ဇာတ်လိုက်နံမည်က မောင်ဖြူတဲ့။
မောင်ဖြူဟာ ရိုးသားတယ်။ အရာရာတိုင်းကို အရိုးသားဆုံးတွေးတယ်။
အရိုးသားဆုံးပဲ လုပ်ဆောင်တယ်။ လူတိုင်းနဲ့ လဲအရိုးသားဆုံးပဲဆက်ဆံတယ်။
သူ့ရဲ့ ရိုးသားစွာ ပြုမူပြောဆိုဆက်ဆံမှုတွေကိုလဲ အားလုံးကနားလည်မယ်လို့ ပဲသူကယူဆထားတယ်။
သူ့မှာအမေတစ်ယောက်ရှိတယ်။
အဲ့ဒီအမေကြီးနဲ့ အတူနေပြီး အမေကြီးကိုလုပ်ကျွေးပြုစုနေတယ်လို့ ပဲအကြမ်းအားဖြင့်ဆိုကြပါစို့ ဗျာ။
ဒါပေမဲ့ အမေကြီးက မောင်ဖြူနဲ့ အတူနေချင်စိတ်မရှိဘူး။
သူ့ဟာသူ ဘိုးဘွားရိပ်သာမှာသွားနေချင်တယ်။
ဒီတော့မောင်ဖြူဟာ သူ့ အမေကြီးရဲ့ အလိုအတိုင်း ဘိုးဘွားရိပ်သာတစ်ခုကို ပို့ ပေးလိုက်တယ်။
သူ့ အမေကြီးဟာ ဘိုးဘွားရိပ်သာမှာ သူနဲ့အရွယ်တူ အဘိုးအဖွားတွေနဲ့ အတူနေထိုင်ရင်း၊
ဘဝသစ်တစ်ခုပြန်ရသွားသလိုဖြစ်ပြီးပျော်ရွှင်နေခဲ့တယ်။
ဒီ့အပြင် ဘိုးဘွားရိပ်သာက အဖိုးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိခဲ့ကြတယ်။
သူ့ အမေကြီးဟာ လုံးဝပြောင်းလဲသွားတယ်။
လန်းဆန်းလာတယ်။ တက်ကြွလာတယ်။ မျှော်လင့်ချက်တွေရှိလာတယ်။
နေရတာကျေနပ်စရာဆိုတဲ့ အပြုအမူ အပြောအဆိုတွေရှိလာတယ်။
ဒါကိုကြည့်ပြီး မောင်ဖြူဟာကျေနပ်တယ်။ ဝမ်းသာတယ်။
ငါနဲ့ အတူနေရင် ငါ့အမေဟာ ဒီလိုတွေခံစားကျေနပ်ရမှာမဟုတ်ဘူးဆိုပြီး
အရိုးသားဆုံးတွေးတယ်။ သူ့ အမေရဲ့ နောက်ဆုံးအချိန်လေးအတွက် ကျေနပ်ပီတီဖြစ်နေမိတယ်။
ဒီအထိကိုကောက်ချက်နဲနဲချမယ်။
အမှတ် ၁ ... မောင်ဖြူဟာ သူ့ အမေကြီးကို လုပ်ကျွေးပြုစုရတာညိုညင်လို့ ၊
ဘိုးဘွားရိပ်သာကိုပို့ လိုက်တာမဟုတ်ဘူး။
သူ့အမေကြီးရဲ့ တောင်းဆိုချက်ကို လိုက်ရောပေးခဲ့တာ။
ဒီလို လိုက်ရောပေးခဲ့လို့ သူ့ အမေကြီး အခုလို စိတ်သစ်လူသစ် ဘဝသစ်ဖြစ်ပြီး၊
နောက်ဆုံးအချိန်တွေကို ကျေကျေနပ်နပ်ကြီး ကျော်ဖြတ်နေတာကိုမြင်ရတော့ မောင်ဖြူဟာ ဝမ်းသာတယ်
ကျေနပ်ပီတိဖြစ်တယ်။ လူတွေကလဲ ဒီလိုပဲမြင်ကြမှာပဲလို့ သူအရိုးသားဆုံးတွေးတယ်။
အမှန်ကတော့အဲ့ဒီလိုမဟုတ်ဘူး။
လူတွေက မောင်ဖြူဟာ အမေတစ်ခု သားတစ်ခုပဲရှိတာတောင်၊
အမေအိုကြီးကို လုပ်ကျွေးမှုမပြုပဲ ရက်ရက်စက်စက် ဘိုးဘွားရိပ်သာကိုပို့ ပြစ်တယ်။
ကျေးဇူးမသိတတ်တဲ့ သားဆိုးသားမိုက်လို့ ယူဆနေကြတာ။
တစ်နေ့ တော့ မောင်ဖြူရဲ့ အမေအိုကြီးဟာ၊ မီးစာကုန်ဆီခန်းတဲ့အချိန်ရောက်လာပြီး၊
သဘာဝအလျှောက် ငြိမ်းချမ်းစွာနဲ့ ပဲ ဘဝတစ်ပါးကိုပြောင်းသွားတယ်ဆိုပါတော့ဗျာ။
အမေကြီးရဲ့ အသုဘ အခန်းအနားကို မောင်ဖြူက ဆောင်ရွက်ပေးပြီးတဲ့ အချိန်မှာ၊
မောင်ဖြူရဲ့ ချစ်သူကောင်မလေးက၊ သူ့ ရဲ့ ချစ်သူ မောင်ဖြူ စိတ်အပန်းပြေစေဖို့ ရည်ရွယ်တာလား၊
ဒါမှ မဟုတ်သူကိုယ်တိုင်ကပဲ စိတ်ပါတာလား ... ဘာလဲတော့မသိဘူး ရုပ်ရှင်သွားကြည့်ကြရအောင်လို့ အကြံပြုတယ်။
လူတစ်ဘက်သားရဲ့ အလိုကို အတတ်နိုင်ဆုံးဖြည့်စည်းပေးတတ်ပြီး၊
အရာရာကို ရိုးရိုးပဲတွေး၊ ရိုးရိုးပဲ နေထိုင်တတ်တဲ့ မောင်ဖြူကလဲ၊
သူ့ ချစ်သူကောင်မလေးရဲ့ အလိုကိုဖြည့်စည်းပေးချင်လို့ လား၊
သူကိုယ်တိုင်ကပဲ စိတ်အပန်းဖြေချင်လို့ လား၊ ဘာလဲတော့မသိဘူးဗျာ
ကောင်မလေးရဲ့ အဆိုကိုလိုက်ရောပြီး နှစ်ယောက်အတူရုပ်ရှင်သွားကြည့်ကြတယ်။
သွားကြည့်ကြတဲ့ ရုပ်ရှင်က ရီစရာကား ... ။
အဲ့ဒီ့နေရာမှာ ကောက်ချက်ချရမယ်ဆိုရင် ...
အမှတ် ၂ ... မောင်ဖြူရဲ့ ချစ်သူဟာ မောင်ဖြူရဲ့ စိတ်ပင်ပန်းနေရတာကို၊
သူ့ အတွေးနဲ့ သူ တတ်နိုင်သလောက် cover ပြန်လုပ်ပေးဖို့ ကြိုးစားတယ်။
မောင်ဖြူကလဲ ချစ်သူရဲ့ စေတနာကို သဘောပေါက်တယ်။
သူ့ ရဲ့ မူအတိုင်း သူ့ အတွက်မလိုအပ်ရင်တောင် သူများကတောင်းဆိုတာကို
တတ်နိုင်သလောက်လုပ်ပေးချင်တဲ့စိတ်နဲ့  လက်ခံခဲ့တယ်။
ပြီးတော့ ဒါဟာ ချစ်သူနှစ်ယောက်ကြားမှာ ထားရှိတဲ့၊
အချင်းချင်းနားလည်မှု၊ ကြင်နာမှု၊
ဒီလိုပဲမောင်ဖြူ ဟာရိုးရိုးလေးတွေးပြီးရိုးရိုးလေးလုပ်ခဲ့တယ်။
ဒါပေမဲ့ ပတ်ဝန်းကျင်ကတော့ဒီလိုမမြင်ဘူး။
အမေကြီးရဲ့ အသုဘလဲပြီးရော ချစ်သူနှစ်ယောက်တွဲပြီး၊
ဟာသရုပ်ရှင်သွားကြည့်ကြတယ်။ ကောင်ကြသေးရဲ့ လားဆိုတဲ့ အတွေးကိုတွေးတယ်။
အဆိုးမြင်ဝါဓနဲ့ ကြည့်တယ်။
ထားတော့ ... တစ်ခြားဟာတွေဆက်ပြီးလေမရှည်တော့ဘူး။
ဖတ်ရတာရှည်သွားမယ်။ အပေါ်မှာရေးခဲ့တဲ့ ကောက်ချက်တွေ ကိုပဲမှတ်ထားလိုက်ကြတော့။
ဒီလိုနဲ့ ဇာတ်လမ်းကို အဆုံးသတ်ရမယ်ဆိုရင်၊
မောင်ဖြူဟာရိုးရိုးကုတ်ကုတ်နေတတ်တဲ့သူဖြစ်တဲ့အတွက်၊
အနိုင်ကျင့်ချင်ကျတဲ့ လူတွေကလဲရှိသေးတယ်။
မကြာခဏလဲ အနိုင်ကျင့်ခံရသေးတယ်။
ဒီတော့ သူငယ်ချင်းတစ်ယောက်က အတင်းပေးလို့ 
သေနတ်တစ်လက်ကိုဆောင်ထားမိပါလေရော။
တစ်နေ့ ကျတော့ ထုံးစံအတိုင်း မောင်ဖြူဟာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုတစ်ခုကိုခံရပါလေရော။
သေနတ်ဆောင်ထားမိတဲ့မောင်ဖြူဟာ ခါတိုင်းလိုမဟုတ်ပဲ၊
သေနတ်ကိုထုပ်ပြ ကာကွယ်ရင်း ကျည်ဆန်ထွက်သွားပြီး၊
အနိုင်ကျင့်သူ အုပ်စုထဲကတစ်ယောက်ကိုထိပြီး၊
အဲ့ဒီ့တစ်ယောက်သေဆုံးသွားတဲ့အတွက် မောင်ဖြူ အဖမ်းခံရပြီး၊
တရားရင်ဆိုင်ရပါလေရော .... ။
အဲ့ဒီမှာ စတွေ့ တာပဲဗျာ။
တရားရင်ဆိုင်နေတဲ့ အချိန်မှာ တရားသူကြီးက မောင်ဖြူရဲ့  background ကိုပြန်ကောက်တော့၊
ခုနကရေးခဲ့တဲ့ ကောက်ချက် တွေကိုသွားဖေါ်မိပါလေရော။
အမှန်ကတော့ ကောက်ချက်တွေကအများကြီးပါ။
အကျဉ်းချုံးပြီးပြောခဲ့လို့  ဒီလောက် ပဲထားလိုက်ပါတော့။
ဒီလိုနဲ့ အဲ့ဒီ့ကောက်ချက်တွေကြောင့်မောင်ဖြူဟာ၊
ရက်စက်တတ်သူ၊ ကိုယ်ချင်းမစာတတ်သူ၊
လူ့ အဖွဲ့ အစည်းရဲ့ ပြင်ပကိုရောက်နေသူဆိုပြီး
တရားသူကြီးက ကောက်ချက်ချလိုက်ပါလေရော။
အဲ့ဒီ့ကောက်ချက်ကြောင့်ပဲ မောင်ဖြူဟာ မိမိကိုယ်မိမိ ခုခံကာကွယ်ချင်းမဟုတ်နိုင်၊
သေစေလိုသောအကြောင်းကြောင့် ပြုလုပ်သည်ဟုဆုံးဖြတ်ပြီး၊
သေစားသေစေ အမိန့် ချမှတ်လိုက်ပါလေရောဗျာ။
အမှန်က တရားသူကြီးရဲ့ ကောက်ချက်နဲ့ မောင်ဖြူရဲ့ 
အမူအကျင့်၊ စိတ်နေစိတ်ထားတို့ ကဆန့် ကျင်ဘက်နော်။
ဇတ်လမ်းရဲ့ အဆုံးသတ်ပိုင်းဖြစ်တဲ့ မောင်ဖြူကို တရားသူကြီးက
သေစားသေစေ အမိန့် ချတဲ့အခါ မောင်ဖြူ ကသူ့ ရင်ထဲရှိတဲ့အတိုင်း၊
တရားသူကြီးကို အရိုးသားဆုံးပြန်ပြောပုံ ရယ်၊
အသတ်ခံရခါနီး သူတို့ ဘာသာထုံးလမ်းအရ ဆုတောင်ပေးဖို့ လာတဲ့
ခရစ်ယာန် ဘုန်းတော်ကြီးကို မောင်ဖြူ က သူ့ ရင်ထဲရှိတဲ့အတိုင်း၊
မေးမြန်းပြောဆိုပုံတွေရှိသေးတယ်။
ဒါပေမဲ့ ဒါကိုတော့ ဘာသာရေးနဲ့ ပတ်သက်လာလို့ ကျွန်တော်ချန်ထားခဲ့တော့မယ်။
ဒီတော့ဗျာ ... ဒီ post ကိုကျွန်တော်ရေးရတဲ့ ရည်ရွယ်ချက်ကဘာလဲ ?
လောကကြီးမှာ မောင်ဖြူလို လူမျိုးတွေ အတော်များများရှိကြမယ်ထင်တယ်ဗျာ။
ရိုးရိုးနေ၊ ရိုးရိုးပြော၊ ရိုးရိုးတွေး၊ ရိုးရိုးလုပ် ... အဲ့ဒီလိုလူစားတွေပေါ့။
သူတို့ ဘာကြောင့်ဒီလိုတွေးတယ်၊ဒီလိုလုပ်တယ်၊ ဒီလိုပြောတယ်ဆိုတာကို၊
အခြားလူတွေကလဲ သိကြလိမ့်မယ်၊ နားလည်ကြလိမ့်မယ်လို့ ၊
သူတို့ ကရိုးရိုးလေးပဲထင်ထားတတ်ကြတာ။
အမှန်က အဲ့ဒီလိုမဟုတ်ဘူး။
ဒီတော့ အကြောင်းတစ်ခုခုရှိလာပြီဆိုရင် ဟန်ဆောင်မှုတွေဖုံးလွမ်းနေတဲ့
လူ့ အဖွဲ့ အစည်း အသိုင်းအဝိုင်းကြီးဟာ၊
ဒီလို ရိုးသားသူတွေကို အပြင်ဘက်ကလူများ၊
လူ့ အဖွဲ့ အစည်းအတွင်းမရှိသင့်သောလူများ၊
Outsider များဆိုပြီး နံမည်တတ်ပြောဆို ဆက်ဆံတတ်ကြတယ်ဗျာ။
အဲ့ဒါလေးပါ .... ။
ဒီ post ကိုကျွန်တော်ရေးရတဲ့ ရည်ရွယ်ချက်ကအဲ့ဒါလေးတစ်ခုပါပဲဗျာ။

by Zay Yar Haling
http://zayyarhlaing.blogspot.com/
http://zayyarhlaing.blogspot.com/
No comments:
Post a Comment