လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကြယ် စင် တစ် ပွင့် ရဲ့ နေ ဝင် နိ ဂုံး



.(ဖြစ်ရပ်မှန်ဇာတ်လမ်း)

"ဆေးလိပ်ကိုဘယ်လိုသောက်နေတာလဲ ကျော်သိန်း.....ညဘက် ဆေးလိပ်သောက်ရင် နို့ဆီခွက်နဲ့အုပ်
သောက် ဖို့ ငါမမှာထားဘူးလားကွ"

ဆရာကြီးစိုးမောင်ရဲ့ ကြိမ်းမောင်းသံခပ်သဲ့သဲ့ကို ကြားနေရပေသည်။တပည့်တွေကလည်း တပည့်တွေပင်။အတန်တန်မှာထားရဲ့သားနဲ့ တခါတလေ ပေါ့ပေါ့ဆဆနဲ့နေတတ်သည်။အခုလည်း ညဘက်မှောင်ကြီးမဲကြီးထဲ ဆေးလိပ်မီးတစ်ရဲရဲ နှင့်သောက်နေသည်မို့ ဆရာကြီးစိုးမောင်က ဆူနေခြင်းဖြစ်သည်။

"စစ်မြေပြင်မှာ အမြဲတမ်းသတိ ရှိရှိနေရတယ်ကွ။တချက်ကလေးပေါ့လိုက်တာနဲ့ မင်းတင်မကဘူး. တစ်စခန်းလုံးအသက်ပါ ပါသွားနိုင်တယ်.နားလည်လား" ဆရာကြီးစိုးမောင်ရဲ့ အသံခပ်အုပ်အုပ်ဖြင့် ဆူသံကို ကြားရင်း အတွေးပေါ်လာသဖြင့် ကျွန်တော်ပြုံးမိသွားသည်။ကျွန်တော်လည်း စခန်းစရောက်စက ဆရာကြီးစိုးမောင်ရဲ့ ဂရုဏာဒေါသော ပြောတာကိုခံခဲ့ရသေးလို့ဖြစ်သည်။
အဲ့ဒီတုန်းက ကျွန်တော်က စခန်းကို ရောက်ခါစအချိန်။ ကျောင်းဆင်းဒုဗိုလ်နဲ့ မို့ အတွေ့အကြုံ မရှိသေးပေ။တနေ့မှာ ကျွန်တော်ရေချိုးဆင်းတော့ ပစ္စတိုကို မယူသွားမိ။ဒါကို သိသွားတဲ့ ဆရာကြီးစိုးမောင်က ကျွန်တော့်ဆီလာပြီး
"ဗိုလ်ကြီးရေချိုးတုန်းက ပစ္စတိုမယူသွားဘူးဆို .ဘာလို့လဲ "
ဆိုပြီးမေးလာသည်။
"မြင့်ဆွေနဲ့ ထွန်းလှမှာ အရှည်(အမ်အေ ၁)တွေပါလာလို့ ကျွန်တော်လည်းမယူသွားလိုက်တော့တာဗျ" လို့ ပြန်ပြောတော့
"နောက်ဆိုရေဆိပ်ဆင်းရင် သေနတ်ပါအောင် ယူသွားပါ ဗိုလ်ကြီး. တပည့်မှာ ပါတယ်ဆိုပြီး စိတ်ချလို့မရဘူး။တကယ်တမ်းဖြစ်လာရင် ကိုယ့်မှာသေနတ်ပါမှ ပြန်ခုခံလို့ရမှာမလား...ဒါကြောင့် ရေဆိပ်ဆင်းတိုင်း သေနတ်ပါအောင် ယူသွားပါ.ကျွန်တော်စိတ်မချဘူး..မဟုတ်ရင် ဗိုလ်ကြီးရေဆိပ်ဆင်းတိုင်း ကျွန်တော့်ကိုခေါ်သွားပါ ဆိုပြီး ဂရုဏာဒေါသောနှငိ့ ပြောလေသည်။
"ကျွန်တော်နားလည်ပါပြီ ဆရာကြီး.. နောက်ဆို ယူသွားပါ့မယ်။ စိတ်ပူပေးတာ ကျေးဇူးပါပဲ" ဆိုပြီး ပြန်ပြောလိုက်တော့မှ ကျေနပ်ဟန်ပြပြီး ပြန်ထွက်သွားလေတော့သည်။
ဆရာကြီးစိုးမောင်ကား ဤသို့တည်း။စခန်းနှင့်ရဲဘော်များအပေါ်တွင် အင်မတန်သစ္စာရှိပြီး အမုန်းခံ၍ ပြောသင့်သည်များကို အားမနာတမ်းပြောတတ်သူဖြစ်သည်။သူ့ရဲ့ အရပ်မှာ မနိမ့်မမြင့် ဖြစ်ပြီး ကျစ်လစ်သော ခန္ဓာရှိသည်။သာမန်အချိန်တွင် မျက်နှာသည် ပြုံးသဖွယ်ရှိသော်လည်း တပည့်များကိုဆုံးမရာတွင်တော့ မျက်နှာထားတင်းတင်းနှငိ့ ဆက်ဆံတတ်ပေသည်။တပည့်တွေကို အင်မတန်ဂရုစိုက်သူဖြစ် ပြီး အမြဲတမ်းစိုးရိမ်ပူပန်ပေးလေ့ရှိသည်။ ထမင်းစားချိန်တွေမှာ တပည့်တွေနဲ့အတူစားတတ်ပြီး ပုံတိုပတ်စလေးများကို ရယ်မောစရာ စနောက်ပြောတတ်သူမို့ ထမင်းဝိုင်းသည် ရယ်မောသံများနှင့် စိုပြေနေတတ်ပေသည်။ ညဘက်ရောက်လျင်လည်း တပည့်တွေ စောင့်ခြုံ အိပ်မအိပ်ကအစ လိုက်လံစစ်ဆေးပြီးမှ အိပ်တတ်သူဖြစ်သည်။တခါတရံ ကင်းတာဝန်ကျ ရဲဘော်လေးများ ဖျားနာနေပါက ကင်းအစား ဝင်ပေးလေ့ရှိသည်။ထို့ကြောင့်ပင် တပည့်များက ချစ်ကြောက် ရိုသေကြပေသည်။
စခန်းထိုင်တာဝန် ဟူသည် လှူပ်ရှားတာဝန်နှင့်မတူ။လှူပ်ရှားတာဝန်လောက် မပင်ပန်းသော်လည်း ငြီးငွေ့မှူကိုတော့ ခံစားကြရသည်။ပတ်ဝန်းကျင်ရှိသစ်ပင်တွေ တောင်တန်းတွေကို မြင်ရဖန်များသောအခါ ချစ်သူမရှိသူတွေတွေပင် လွမ်းစိတ်ဝင်လာပြီး စာတွေရေးလိုက် ကဗျာတွေစပ်လိုက်နှငိ့ လွှမ်းစိတ်တဝေဝေကို ဖြေဖျောက်နေရပေတော့သည်။တောင်ပေါ်မှာနေစဉ်အတွင်း ဖျော်ဖြေရေးအတွက်
ရေဒီယိုတစ်လုံးကိုသာ အဖော်ပြုနေထိုင်ရသည်။ရေဒီယိုသည်လည်း ငြီးငွေ့မှူဒဏ်ကို ကြာကြာမတွန်းလှန်နိုင်ပေ။ တနေကုန်နားထောင် ရင်းနှင့်ပင် လူကငြီးငွေ့လာတတ်ပေသည်။ ထိုအထဲတွင် အစားအသောက်အပေါ်ငြီးငွေ့စိတ်သည်လည်း ပိုပိုတိုးလေ့ရှိသည်။ ဆီအနည်းငယ်ပါသော အသားတုဟင်းနှင့် ငါးခြောက်ချက်ဟင်းတို့သည်ကား စခန်းအတွက် အကောင်းဆုံးသောအစားအစာများဖြစ်ကြသလို စားရဖန်များ၍ မမြင်ချင်လောက်အောင် ငြီးငွေ့နေသော အရာများလည်းဖြစ်လေသည်။စခန်းကုန်းသည် ရေဆိပ်နှင့် အတော်အတန်ဝေးသောကြောင့် ရာသီသီးနှံများ စိုက်ပျိုးရန် ခက်ခဲလှပေသည်။နေ့စဉ် အသားတု။ ငါးခြောက်ကို ထည်လဲစားရပါများသော အခါ ငြီးငွေ့သတတ်ငြီးငွေ့လာတတ်၍ အသီးရွက် လတ်လတ်ဆတ်ဆတ် ။ အသားစို လတ်လတ်ဆတ်ဆတ် စားချင်စိတ်တွေ တဖွားဖွားပေါ်လာလေ့ရှိသည်။အသားရနိုင်သည့် ခရုမှအစ ပုတ်သင်ညိုအဆုံး အစာအဖြစ် စားသောက်ကြရလေ့ရှိသည်။တခါတရံမှာတော့ ရှဉ့်ငပေါဟုခေါ်သော ရှဉ့်အိုလေးများရတတ်ပေသည်။ အမဲရှာလွန်းလို့ ငှက်တွေသည်ပင် ခြံစည်းရိုးထိပ် ဖြတ်မပျံရဲတော့ပေ။
ယခုလည်း စခန်းထို်င်ရသည်မှာ တစ်လပြည့်တော့မည်ဖြစ်သောကြောင့် အသားရှားပါးလာပြီဖြစ်သည်။တခါတရံ ငရုပ်သီးထောင်းကို အားပြု၍လည်းကောင်း ။ တခါတရံမှာတော့ ငှက်ပျောအူရခိုင်ချက်ကို အားပြု လွေးလိုက်နှင့် ဖြတ်သန်းနေရသည်။
ဤသို့ဖြင့်နေရက်များ ကုန်လွန်လာပြီး တနေ့တွင် "ဗိုလ်ကြီးတော့ ဒီနေ့ ဝက်ဂျပိုးဟင်း စားရတော့မယ်။" ဟု ဆရာကြီးစိုးမောင် ကပြောလာသည်။
"ပစ်သံခတ်သံလည်း မကြားရဘဲ ဘယ်က ဝက် ရတာတုန်း ဆရာကြီးရ... နေပါဦး..ဝက်ဂျပိုးဆိုတာ တောဝက်အကောင်သေးသေးတွေခေါ်တာလားဗျ" ကျွန်တော့အမေးကို ဆရာကြီးစိုးနို်င်က အပြုံးဖြင့်သာ တုန့်ပြန်သည်။ စားခါနီးကျသိရမှာပေါ့ ဗိုလ်ကြီးရ ဆိုပြီးသာ ပြန်ဖြေလေတော့ ကျွန်တော်လည်း ဆက်မမေးမိတော့ပေ။ အသားဟင်းပြတ်နေသည်မှာ ကြာပြီမို့ နေ့လည်စာစားချိန်မှသာ အပြတ်လွေးတော့မည် စိတ်ကူးမိရင်း ထိုနေ့က ထမင်းစားချိန်မြန်မြန်ရောက်ပါစေ ဆုတောင်းမိလိုက်သေးသည်။အသားဟင်းစားရဖို့ဆိုတာ တစ်နှစ်တစ်ခါကျတဲ့ သင်္ကြန်လို ရင်ခုန်စရာပင် ဖြစ်ပေတော့သည်။
နေ့လည်စားစားချိန်ရောက်တော့ အစိမ်းရင့်ရောင် ငပိထောင်းတစ်ခွက် ။ အသားတုဟင်းနှင့် ဟင်းချိုတစ်ခွက် စားပွဲပေါ်သို့ ဆရာကြီးကိုယ်တိုင် လာချပေးသည်။ဟင်းခွက်တွေကြားမှာ ဝက်ဂျပိုးဟင်းဆိုတာကို ရှာကြည့်မိသည်။ သို့သော်လည်း မတွေ့။အသားနှင့်တူတာဆိုလို့ ဟင်းခွက်တစ်ခွက်မှမပါ။
"ဘယ်မှာလဲ ဗျ..ဆရာကြီးပြောတဲ့ ဝက်သားဟင်း အဲမှားလို့ ဝက်ဂျပိုးဟင်းဆိုတာ. ကျွန်တော်တော့ မတွေ့မိပါလား" လို့မေးတော့ စားပွဲပေါ်မှ အစိမ်းရင့်ရောင် ဟင်းခွက်ကို ထိုးပြရင်း
" ဒီမှာလေ ဝက်ဂျပိုးဟင်းဆိုတာ"ဟု ပြုံးစိစိနှင့် ပြန်ဖြေလေသည်။ ဝက်ဂျပိုးဟင်းဆိုတာကို အသားဟင်းထင်မှတ်ပြီး အပြတ်လွေးမယ် စိတ်ကူးထားတဲ့ ကျွန်တော့်စိတ်ကူးတွေ လွှင့်ပြယ်သွားပြီး ခက်ရှက်ရှက်ဖြစ်နေတဲ့ကျွန်တော့ကို ဆရာကြီးက
"ဝက်ဂျပိုးဆိုတာကို ဗိုလ်ကြီးက အသားဟင်းလို့ ထင်နေတာမလား..အမှန်တော့ တောဂမုန်းလို့ခေါ်တဲ့ အစိမ်းရောင်အပင်တစ်မျိုးကို တောင်ပေါ်မှာ ဝက်ဂျပိုးလို့ခေါ်ကြတာလေ.. ကျွန်တော်တောင်ပေါ်စလိုက်တုန်းကလည်း ဝက်ဂျပိုးဟင်းဆိုတာကို တောဝက်သားဟင်းလို့ ထင်ခဲ့တာ"ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ပြောရင်း "ဗိုလ်ကြီးကို ကျီစယ်မိတာ စိတ်မဆိုးနဲ့ဗျာ။ စိတ်ရွှင်ရအောင် ကျီစယ်လိုက်တာပါ "တဲ့။ ကျွန်တော်မှာ ငိုအားထက်ရယ်အားသန် ဖြစ်ခဲ့ရတာကို ပြန်တွေးရင်း ပြုံးနေတာကို တွေ့သွားတဲ့ ဆရာသိန်းဝင်းက
"ဗိုလ်ကြီး. ဘာတွေတွေးပြီးပြုံးနေလဲဗျ။မဟုတ်မှလွဲရော ဗိုလ်ကြီး ကောင်မလေးအကြောင်းပဲဖြစ်ရမယ်"
လို့ ပြောလာတော့မှ အတွေးကပြတ်သွားလေသည်။
ဘာပဲပြော ပြော ထိုနေ့ကငြီးငွေ့မှူတွေပြေပျောက်သွားခဲ့ရတာတော့ အမှန်ပင်။ ဒါကြောင့်လည်း ခေါင်းဆောင်မှူအင်္ဂါရပ်တွေထဲမှာ ဟာသဥာဏ်ကို စွမ်းရည်တစ်ရပ်အနေဖြင့် ထည့်ထားတာဖြစ်ကြာင်း ကျွန်တော်လေးနက်စွာ ခံစားလိုက်မိသည်။လူ့သဘာဝအရ မြင်ရ ကြားရ နေတဲ့အာရုံတွေထက် အာရုံအသစ်အဆန်းကို ခံစားလိုကြသည်။ထိတွေ့လိုကြသည်။ထိုအခါ ငြီးငွေ့လာပြီး လက်ရှိအခြေအနေကို ကောင်းစွာစိတ်မဝင်စားတတ်ကြတော့ပေ။ထိုသို့သော အခြေအနေမျိုးတွင် ခေါင်းဆောင်လုပ်သူသည် ဟာသဥာဏ်စွမ်းရည်ဖြင့် လက်ရှိအခြေအနေကို စစ်သည်တွေ စိတ်မပျက်အောင် ထိန်းကျောင်းနိုင်ဖို့လိုအပ်ကြောင်း နားလည်ခဲ့ရသည့်အတွက် ဆရာကြီးရဲ့ကျီစယ်မှူကို ကျွန်တော်ကတော့ သင်ယူမှူတစ်ခုလို့ပဲ မှတ်ယူခဲ့ပေသည်။
ကျောင်းဆင်းခါစ အရာရှိငယ်တစ်ဦးအတွက် သင်ယူစရာကားများလှပေစွ။
--------။။---------။။----------။။--------
တောက်.တောက်... တောက်.တောက်....တောက်
ကင်းတဲအတွင်းမှ တုံးခါက်သံထွက်ပေါ်လာသည်။အချိန်ကား ၅နာရီခန့်ရှိလေပြီ။ ကင်းတာဝန်ကျ ရဲဘော်လေး၏ တုံးခေါက်သံကြောင့် စခန်းတွင်းမှာ လှူပ်လှူပ်ရှားဖြစ်လာ၏။စခန်းတွင်း တံမြက်စည်းလှည်းသံ ။ မနက်စာချက်ပြုတ်ရန် ထင်းခွဲသံ တို့ဖြင့် မနက်ခင်းသည် ဝေဝေဆာဆာရှိလှပေသည်။တပ်ကြပ်ကြီးဦးစီးပြီး ရဲဘော်သုံးယောက်သည် စခန်းအောက်ခြေရှိ ရေဆိပ်သို့သွားရာလမ်းကို မိုင်းရှင်းရန်ပြင်ဆင်နေကြသည်။မကြာခင်မှာပဲ တပ်ကြပ်ကြီးစိုးမောင်က ရေဆိပ်လမ်းကြောင်းမိုင်းရှင်းသွားတော့မည်ဖြစ်ကြောင်း သတင်းပို့လာသည်။သေချာဂရုစိုက်ရှင်းလင်းဖို့ မှာကြားရပေသည်။
ခံစစ်စခန်း(Defended Post) များကို အချက်အချာမြေ(Critical Ground)ပေါ်တွင် တည်ဆောက်ထားလေ့ရှိရာ ခံစစ်စခန်းများသည် တိုက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သည့် အရာဖြစ်သည့်အတွက် ခံစစ်စီမံချက်များကို မပြတ်လုပ်ဆောင်ရန် လိုအပ်ပေသည်။
တောင်ကုန်းများနှင့် သစ်ပင်များရဲ့အကာအကွယ်ကိုယူ၍ စခန်းနှငိ့ မနီးမဝေးမှာပင် သောင်းကျန်းသူတွေက မိုင်းလာထောင်တတ်ကြသည်။ အထူးသဖြင့် ရေဆိပ်လိုနေရာမျိုးသည် မဖြစ်မနေသွားလာကြရသော နေရာဖြစ်သောကြောင့် ပိုပြီး သတိထားရပေသည်။ရေထည့်စရာအဖြစ် ဝါးပိုးဝါးတွေကို အဆစ်ဖောက်ပြီး ရေထည့်သုံးကြသည်။ဝါးပိုးဝါးတစ်ဗူးဆိုလျင် နေ့လည်စာကောင်းကောင်းချက်နိုင်ပေသည်။
ရေဆိပ်သို့ ခဏခဏမလွှတ်ချင်သောကြောင့် ချက်ပြုတ်ရေးအတွက်ရေကို ဝါးပိုးဝါးများဖြင့် သိုလှောင်ထားရပေသည်။
"ထမင်းစားလို့မြိန်ရဲ့လားတပည့်ကြီးရ.." ဆရာကြီးစိုးမောင်ရဲ့ စေတနာပါလှသော အမေးသံကို နေ့လည်ခင်း ထမင်းဝိုင်းတွေအပြီးမှာ ကြားရမြဲဖြစ်သည်။တပည့်တွေကို တူတွေ သားတွေလို ဂရုတစိုက်ရှိလှ သော ဆရာကြီးစိုးမောင်နှင့် အတူတာဝန်ထမ်းဆောင်ရသည်မှာ ကျွန်တော်အတွက် ကံကောင်းလှပေသည်။
"တပည့်တွေကို ချော့တန်ချော့ မာန်တန်သည် မာန်မှ ဗိုလ်ကြီးရ.. ဒီကောင်တွေက တခါတလေ အသည်းငယ်တယ်။မာန်ပါများရင်လည်း စိတ်ညစ်ပြီး အလုပ်ကောင်းကောင်း မလုပ်တတ်ကြတော့ပြန်ဘူး"
နေ့လည်လက်ဖက်ရည် သောက်ချိန်စကားဝိုင်းမှာ တပည့်တွေအကြောင်း စခန်းအတွက်ပြင်စရာရှိတာတွေအကြောင်း ပြောလိုက်နှင့် ကျွန်တော်တို့ဖြတ်သန်းခဲ့သည် မှာ ဒီနေ့ဆို သုံးလပင်ကျော်ခဲ့ပြီဖြစ်ပေသည်။
"ဆရာကြီးစိုးမောင် ရှေ့အပါတ်ထဲမှာ ရိက္ခာပို့အဖွဲ့တက်လာလိမ့်မယ်။ထုံးစံအတိုင်း ဆရာကြီးဦးစီးပြီး ဆရာတစ်ယောက် ရဲဘော်နှစ်ယောက်က လမ်းပြအဖြစ်နဲ့ အထက်ဖက်က ပွိုင့်( ၂၉၂၃ )စခန်းကို လိုက်ပို့ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..ကျွန်တော်ပြင်ဆင်ထားလိုက်ပါ့မယ်"
အလေးပြုပြီး ပြန်လည်ထွက်သွာသော ဆရာကြီးစိုးမောင်ကို နောက်ကျောကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချမိသည်။
ဖာပွန်ဒေသစခန်းများသည် တောင်ပေါ်ဒေသစခန်းများဖြစ်သည့်အလျောက် တောင်တက်တောင်ဆင်းများပေ
သည်။တောင်ပတ်လည်ကို ဖောက်ထားသောလမ်းမကြီးကို သောင်းကျန်းသူများက မိုင်းထောင်ထားလေ့ရှိသောကြောင့် လမ်းကို အသုံးမပြုကြချေ။တစ်နေရာမှ တစ်နေရာသို့သွားလိုလျင် လမ်းကို မသုံးဘဲ တောလမ်းအတိုင်းသာ မိုင်းရှင်းပြီး ဖြည်းဖြည်းချင်းချီတက်ကြရသည်။ ဘယ်လောက်ပဲ ဂရုတစိုက်နှင့် မိုင်းရှင်းသည်ဖြစ်စေ အန္တရာယ်ကား ရှိနေဆဲပင်ဖြစ်သည်။
------!!------!!--------!!---------!!-----------
၂၀၁၀ခုနှစ် ဆောင်းအကုန်နွေအကူးနေ့ရက်များထဲမှတစ်ရက်တွင် ဖြစ်သည်။စခန်းရှိစစ်သည်များ နွေဦးရဲ့
လေရူးပြေပြေလေးနဲ့အတူ ရိက္ခာပို့အဖွဲ့လာမည့် အချိန်ကို စောင့်မျှော်နေကြပေသည်။ရိက္ခာတွေအပြင် အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းတစ်ချို့ပါ ပါလာတော့မည်မို့ စိတ်လှူပ်ရှားနေကြသည်။
"ဒီတစ်ရက် နှစ်ရက်အတွင်းတော့ ထမင်းစားကောင်းဦးမယ် ဗိုလ်ကြီး..ရိက္ခာပို့အဖွဲ့နဲ့ ကျွန်တော် ငါးဒန်တွေမှာထားတယ်" ဟု ပြောပြီးနောက် ဆရာကြီးစိုးမောင်သည် ချက်ပြုတ်ရေးတဲရှိရာသို့ သွားလေသည်။
"ငါးဒန်ပါလာရင် မင်းမချက်နဲ့နော်.ငါကိုယ်တိုင် ဆီသေချာသတ်ပြီး စပါယ်ရှယ်ချက်ကျွေးမယ်ကွ" တပည့်တွေကို လက်ရာကောင်းကောင်း စားစေချင်သော ဆရာကြီးစိုးမောင်သည် တခါတလေ သူကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးတတ်သည်။ယခုလည်း ရိက္ခာပို့အဖွဲ့နှင့်ပါလာမည့် ငါးဒန်ကို သူကိုယ်တိုင် ချက်ကျွေးမည်ဖြစ်ကြောင်း မှာကြားနေလေသည်။
"ဆရာကြီးက ပွိုင့်(၂၉၂၃)ကို လိုက်ပို့ရဦးမှာမလား" ချက်ပြုတ်ရေးတာဝန်ကျရဲဘော် ဖြစ်သူ အောင်ထွန်းက ပြန်မေးလိုက်ရာ ဆရာကြီးစိုးမောင်က
"မင်းပြောမှ ငါသတိရတယ်.ဟုတ်တယ်ကွ ညနေစာချက်ချိန်ကျော်လောက်မှ ငါတို့က ပြန်ရောက်လောက်မှာ..ဒါဆို မင်းပဲချက်လိုက်တော့ တပည့်ရေ. ဆီကို သေချာသတ်ပြီး နာနာလုံးချက်နော်.မဟုတ်ရင် စားမကောင်းဘူးကွ" ဟု စိတ်မချဟန်နှင့် မှာကြားလေသည်။
ဆယ်နာရီကျော်လောက်တွင် ရိက္ခာပို့အဖွဲ့ စခန်းသို့ရောက်လာခဲ့ပြီဖြစ်သည်။အထုပ်အပိုးများနှင့် တောင်တက် တောင်ဆင်း ခဲ့ရသောကြောင့် အားလုံးမှာ ပင်ပန်း၍ ချွေးများပင် ရွှဲနေပေသည်။
"ပါလာတဲ့ရိက္ခာတွေနဲ့အမယ်စုံတွေရယ်. စာနဲ့တခြား ပစ္စည်းတွေ စုံမစုံ စစ်ကြည့်ပါဦး ညီလေး. ညီလေးတပ်ရေးဗိုလ်ကြီး က စာတစ်စောင်နဲ့ပစ္စည်း စာရင်းလည်း ထည့်ပေးလိုက်သေးတယ်။ ရော့.ညီ"
စခန်းပေါ်ရောက်ရောက်ချင်း ထိုင်မနားသေးဘဲ ပစ္စည်းစုံ မစုံစစ်ဖို့ပြောလာတဲ့ စီနီယာအစ်ကို ကို အားတောင်နာမိသည်။ကျွန်တော်တို့စခန်းအတွက် ရိက္ခာနဲ့အမယ်စုံတွေကို သယ်လာပေးရသော်လည်း ညည်းညူဟန်မပြဘဲ ပစ္စည်းမစုံမှာ စိတ်ပူနေသည့်အတွက် ကျွန်တော်က
"ခရီးပန်းလာတာ ထိုင်နားပါဦးအစ်ကို. ကျွန်တော်သွားစစ်လိုက်ပါ့မယ်။လမ်းခရီးက ဝေးတော့ နည်းနည်းပါးပါးတော့ လျော့တာရှိနိုင်တာပေါ့ .ကြိုးစားသယ်လာပေးတာကိုပဲ ကျေးဇူးတင်လှပါပြီဗျာ"
လာပို့ရသည့် ခရီးက နည်းလှသည်မဟုတ်။မိုင်းအန္တရာယ်ကြောင့် လမ်းမသုံးဘဲ တောင်တက် တောင်ဆင်းတလျောက် ခက်ခက်ခဲခဲ လာခဲ့ရသည်မို့ နည်းနည်းပါးပါးတော့ အဖိတ်အစင် ရှိနိုင်သည် မဟုတ်လား။ ရဲဘော်ရဲဘက်စိတ်အပြည့်နှငိ့ အခုလို ဂရုတစိုက် သယ်လာပေးတာကို ကျေးဇူးတင်မဆုံးဖြစ်ရပေသည်။
"နားလည်ပေးတာကျေးဇူးပဲ ညီလေးရေ. အစ်ကိုတို့ ညီလေးတို့အထက်ဖက်က ပွိုင့်(၂၉၂၃ )စခန်းကို ခရီးဆက်ရဦးမယ်ညီလေး။ညီလေးတို့ဆီက နယ်မြေကျွမ်းကျင်တဲ့သူ ကို လမ်းပြအဖြစ် လိုက်ခဲ့စေချင်တယ်" ဟု စီနီယာအစ်ကို က အမောဖြေ ရေနွေးကြမ်းသောက်ရင်း ပြောလာသည်။လမ်းကင်းလုံခြုံရေးယူထားသော တပ်မ တပ်မှ ဖြစ်၍ နယ်မြေအနေအထားနှင့် စိမ်းနေကြပေသည်။ထို့ကြောင့်ပင် ကျွန်တော်တို့စခန်းမှ စစ်သည်အချို့ကို လမ်းပြအဖြစ်ကူညီပေးရန် တောင်းဆိုခြင်းဖြစ်သည်။
"အဲ့ဒီအတွက် ကျွန်တော်စီစဉ်ပြီးသွားပါပြီ။ အစ်ကိုကြီးတို့စစ်ကြောင်းနဲ့ လိုက်ဖို့ ညီလေးဆီက ဆရာကြီးတစ်ယောက်ဦးစီးပြီး ဆရာတစ်ယောက် ရဲဘော်နှစ်ယောက် ထည့်ပေးလိုက်ပါ့မယ်။အခုတော့ နေ့လည်စာ စားပါဦး အစ်ကိုကြီး"
နေ့လည်စာပြင်ပေးရင်း ကျွန်တော် ပြန်ဖြေလိုက်သည်။ခဏအကြာမှာပဲ...
"ကျွန်တော်တို့အဖွဲ့အသင့်ဖြစ်ပါပြီ ဗိုလ်ကြီး" ဆရာကြီးစိုးမောင်က သတင်းပို့လာခြင်းဖြစ်သည်။ဂရုတစိုက်သွားကြဖို့ မှာကြားချိန်မှာပင် ရိက္ခာပို့စစ်ကြောင်းသည်လည်း နေ့လည်စာစားပြီသွားကြပြီဖြစ်သည်။
နေ့လည်စာစားပြီးချိန်မှာတော့ ရိက္ခာပို့အဖွဲ့နှင့် ကျွန်တော့်စခန်းမှ လမ်းပြစစ်သည်များသည် ပွိုင့်( ၂၉၂၃) စခန်းသို့ ချီတက်သွားပြီဖြစ်သည်။
----------!!---------!!----------!!-----------!!
ညနေ (၄)နာရီခန့်လောက်တွင်ဖြစ်သည်။
ပွိုင့်(၂၉၂၃)ကို ရိက္ခာပို့သွားတဲ့စစ်ကြောင်း မိုင်းဖြစ်စဉ် ဖြစ်လို့တဲ့ ဗိုလ်ကြီး ... နှစ်ယောက်ထိသွားတယ် ပြောတယ်"
ပွိုင့်( ၂၉၂၃) စခန်းသို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကြောင်းတွင် စစ်သည်နှစ်ယောက် မိုင်းထိကြောင်း စက်သမားမှ သတင်းပို့လာသည်။
"ဘယ်လိုဖြစ်ရတာလဲဗျာ.ကျွန်တော်တို့ စခန်းကရောပါသေးလားဗျ...မိုင်းထိလူနာထဲမှာ"
ရိက္ခာပို့စစ်ကြောင်းနှင့်အတူ ထည့်ပေးလိုက်သော လမ်းပြစစ်သည်များအတွက် ပူပန်စွာ ကျွန်တော် မေးလိုက်မိသည်။
"ကျွန်တော်တို့ဆီက ဆရာကြီးစိုးမောင် ထိသွားတယ် လို့ပြောတယ် ဗိုလ်ကြီး...ဒဏ်ရာက စိုးရိမ် ရတဲ့အခြေအနေလို့ရှိတယ်လို့လဲ ပြောပါတယ် ဗိုလ်ကြီး"
စက်သမားရဲ့သတင်းပို့သံအဆုံးမှာ ကျွန်တော် ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားသည်။ကျွန်တော်တင်မဟုတ် စခန်းတစ်ခုလုံးက စစ်သည်တွေလည်း စိုးရိမ်မှူအပြည့်နှင့် စက်တဲနားမှာ ရှိနေကြပေသည်။
"စက်တက် တိုင်း ထူးခြားမှူကို ကျွန်တော့်ဆီကို မပြတ်သတင်းပို့ပါ။ဆေးရုံကို ကျွန်တော်ဆီက လူနာပို့ လိုက်ချင်လိုက်ရလိမ့်မယ်။ အဲ့ဒီအတွက် ဆရာကြီး မျိုးထွန်း ကပြင်ဆင်ထားပါ"
ကျွန်တော်ရဲ့ အမိန့်ပေးသံအဆုံးမှာ ဒုအရာခံဗိုလ်မျိုးထွန်းသည် ကျွန်တော့်အား ပြန်လည်အလေးပြု၍ စီစဉ်စရာရှိသည်များ စီစဉ်ရန် ထွက်သွားလေပြီဖြစ်သည်။
အချိန်ကား ကုန်နိုင်ခဲလှသည်။ မိုင်းထိလူနာ အကြောင်းကို စိုးရိမ်ရသည်ဟု သိထားသည်မှအပ တိတိကျကျ မသိရသေးပေ။ ညာဘက် ခြေထောက်ကို ထိသွားတဲ့အပြင် မျက်လုံးကိုပါ ထိသွားကြောင်း နှင့် ဆီးခုံ နဲ့ ရင်ဘတ်တွေမှာ မိုင်းစ မိုင်းန အချို့ထိထားကြောင်းသာ သိရသေးသည်။
ညနေ ၆နာရီခန့်တွင် ရိက္ခာပို့စစ်ကြောင်းသည် စခန်းသို့ ရောက်လာခဲ့သည်။ကျွန်တော့်ဆီမှ လမ်းပြအဖြစ်လိုက်သွားသော ဆရာဝင်းသိန်း နှင့် ရဲဘော်နှစ်ဦးကို မျက်နှာမကောင်းစွာနှင့် တွေ့ရသည်။ကျွန်တော် ဘာမှမပြောရသေးခင်မှာပင် ဆရာဝင်းသိန်းက
"ဗိုလ်ကြီး ဆရာကြီးစိုးမောင် ဆုံးပြီ.." ဟု ဝမ်းနည်းသံဖြင့် ရှိုက်ကြီးတငင် ပြောဆိုပေသည်။
"သောင်းကျန်းသူတွေ ထပ်ဆင့်မိုင်းထောင် တတ်တာကိုသိတဲ့ ဆရာကြီးက ကျန်တဲ့စစ်သည်တွေကို နောက်ဆုတ်ခိုင်းပြီး သူကိုယ်တိုင် လူနာကို မိုင်းထိနေရာကနေ ဆွဲထုတ်တာ. အဲဒီမှာ သူပါ ထပ်ထိတော့တာပါပဲ ဗိုလ်ကြီး.."
ဆရာဝင်းသိန်းရဲ့ စကားသံများမှာ ကျွန်တော့နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေသည်။အဖြစ်အပျက်တို့သည် အမှန်တကယ် ဖြစ်နေသည်ဟု ကျွန်တော်မယုံကြည်နိုင်သေး။ဆရာကြီး စိုးမောင် အသက်ရှိနေသေးသည်လို့သာ စိတ်မှာ ထင်နေမိသည်။
လူနာပုခက် ရှေ့သို့ရောက်လာသောအခါ ဆရာကြီးစိုးမောင်ရဲ့ မျက်စိတစ်ဖက်မှ သွေးတို့သည် ယိုစီးနေသည်။မျက်စိမှ ကျသော သွေးတို့သည် ရင်ဘတ်တစ်ခုလုံး ပေါ်သို့ကျလေရာ ရင်ဘတ်တစ်ခုလုံး သွေးတို့ဖြင့် နီရဲနေသည်။ညာဘက်ခြေထောက် အောက်ဖက်နားက ဘောင်းဘီစသည် သွေးရည် စိမ်ထားဘိသည့်အလား စိုရွှဲနေသည်။ ဆီးခုံကို ထိသွားသည်မို့ အသက်ပါပျောက်သွာကြောင်း ရိက္ခာပို့စစ်ကြောင်းမှ ဆေးတပ်သားက ရှင်းပြနေပေသည်။
"စထိတာက ကိုယ့်ဆီက ရဲဘော်လေးကို စထိတာ... ဆရာကြီးက မိုင်းထိလူနာနားကို တခြားရဲဘော်တွေအကပ်မခံဘဲ သူကိုယ်တိုင် မိုင်းရှင်းပြီး လူနာကိုသွားအဆွဲမှာ ထပ်ထိတာပဲ ညီလေး.."
"ကိုယ် တကယ်ကို စိတ်မကောင်းပါဘူး..ဒါပေမဲ့ ဆရာကြီးကသာ အတွေ့အကြုံရှိရှိနဲ့ သတိမပေးခဲ့ရင် ထပ်ဆင့်မိုင်းထောင်တတ်တာ ကို သတိမမူဘဲ လူနာကိုဝိုင်းဆွဲကြရင် နှစ်ယောက် သုံးယောက်လောက် ထပ်ထိနိုင်တယ် ညီလေး.."
"ဟုတ်တယ် ဗိုလ်ကြီး..ဆရာကြီးက တခြားရဲဘော်တွေထိခိုက်မှာစိုးလို့ သူကိုယ်တိုင်လူနာသွားဆွဲခဲ့တာ. မမျော်လင့်ဘဲ သူပါ
ထပ်ထိသွားတယ်' ဆရာဝင်းသိန်းက တုန်ရီသော အသံဖြင့် ကြေကွဲစွာ ပြောလာပေသည်။
စိတ်မကောင်းပေမဲ့လည်း ကိုယ့်ဆီမှာ မိုင်းထိလူနာ ပါသေးလို့ ကိုယ်တို့ဆက်ထွက်ရမယ်ညီလေး..ဆရာကြီးကိုတော့
ညတွင်းချင်းပဲ မြေမြှုပ်ပစ်ပါ။ တောထဲမှာဆိုတော့ သန်းခေါင်ကျော် အောင် မထားတာ အကောင်းဆုံးပဲညီလေး"ဟု ပြောပြီး ရိက္ခာပို့စစ်ကြောင်းသည် ဆက်ထွက်ရန် ပြင်ဆင်နေပြီဖြစ်သည်။
စီနီယာအစ်ကိုရဲ့စကားအဆုံးမှာ လူနာအလောင်းကို မြေမြှုပ်ဖို့စီစဉ်ရသည်။အလောင်းမှ သွေးများကို သန့်စင်ပြီး ခါးပတ်နှင့် ဖိနပ်များ ချွတ်ပေးလိုက်သည်။အလောင်းအား သန့်စင်ပြီး နောက် မြေမြှပ်မည့်နေရာသို့ ပုခက်ဖြင့် ထမ်းသွားလိုက်ကြပေသည်။
စခန်းဘေးမှ မြေကျင်းတူးသံခပ်သဲ့သဲ့ကို ကြားနေရသည်။ကျွန်တော်သည် အမိန့်ပြန်စာ ကို စားပွဲပေါ်တွင် ရေးနေစဉ် မျက်ရည်တို့ဝေ့ဝဲလာသည်။ ရင်ထဲမှာ စို့နင့်စွာရေးနေသည်မို့ လက်တို့သည် အနည်းငယ်တုန်ရီနေပေသည်။ မမှားအောင် ဂရုတစိုက်ရေးရင်းကပင် ကျွန်တော်အတွေးတချို့တွင် ဆရာကြီးစိုးမောင် ရှိစဉ်က ပြောခဲ့သော စကားများပြန်ကြားယောင်လာ၍ အာရုံကို မနည်းပြန်စုစည်းနေရပေသည်။
အတူနေခဲ့သည့်သံယောဇဉ်တို့သည် အလွယ်တကူပြတ်၍ မသွားချေ။သာသည်ဖြစ်စေ နာသည်ဖြစ်စေ သစ္စာမပျက်ဘဲ အတူတူ ရုန်းကန်ခဲ့ကြသည့် အဖြစ်အပျက်များ အာရုံတွင် ပေါ်လာသောအခါ နှလုံးသားတို့သည် နာကျင်ရပေသည်။
......!!......!!.........!!.......!!.......
စခန်းဘေး ခြံစည်းရိုးနားရှိ မီးရောင်ပြပြအောက်ဝယ် လူတစ်စုသည် ငြိမ်သက်စွာလှဲလျောင်းနေသော အလောင်းတစ်ခုအား အလေးပြုနေကြသည်။ငိုရှိုက်သံတို့ထွက်မလာသော်လည်း သူတို့ရဲ့ ရင်ထဲမှာ စို့နင့်ကြေကွဲနေကြပေသည်။နေ့ခင်းက ပြုံးရွှင်စွာရှိနေသော ခန္ဓာတစ်ခုသည် အခုချိန်မှာ အသက်မရှိတော့ပေ။အဖြစ်အပျက်တို့သည်ကား မြန်ဆန်လွန်းပေစွ။တိုင်းပြည်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရင်း သက်တမ်းတိုတိုဖြင့် ကြွေလွင့်သွားရသော ဘဝတစ်ခု၏ နေဝင်ချိန်ကား နာကျင်မှူတို့ဖြင့် ကုန်ဆုံးခဲ့ပေလိမ့်မည်။ဘဝဟူသည် မမြဲသော သဘောတရားရှိသည်မှန်သော်လည်း မငြိမ်းချမ်းသော တိုင်းပြည်တစ်ခုတွင်တော့ လူ့သက်တမ်းတိုတိုဖြင့် ကြွေလွင့်ရသော ဘဝပေါင်းများစွာရှိနေပေဦးမည်။သွေးစွန်းသော နေ့ရက်အချို့ကိုလည်း ဖြတ်သန်းရပေဦးလိမ့်မည်ဖြစ်သည်။
ပြည်သူတို့ရဲ့ လုံခြုံရေးအတွက် မြေခပေးခဲ့ရသော ကြယ်စင်တစ်ပွင့်သည် အလေးပြုနေသော ကျွန်တော်တို့အား တစ်နေရာမှနေပြီး ပြုံး၍ကြည့်နေမလား..ဒါမှမဟုတ် သူ့မိသားစု ရှိရာဆီသို့ပဲ ပျံသန်းသွားလေပြီလား .....
ကြွေလွင့်သွားတဲ့ကြယ်စင်ပွင့်ရဲ့ မိသားစုတွေလည်း အခုဆိုသိလောက်ပြီပေါ့...ခိုကိုးရာမဲ့သွားသော မုဆိုးမတစ်ယောက်ရဲ့ ရင်တွင်းမှာ တိမ်တိုက်တွေပြိုကျသော ကောင်းကင်းတစ်ခုလိုများ ဖြစ်နေမလား...အဖေကို ဘယ်တော့မှ ပြန်တွေ့ခွင့်မရနိုင်တော့တာကို မသိနိုင်သေးတဲ့ ကလေးငယ်လေးဟာ သူ့အဖေရဲ့ အနမ်းဖွဖွတွေကို တမ်းတနေမလား.....ဒါမှမဟုတ် ဂုဏ်ယူမှူတွေရောပြွမ်းနေတဲ့ အပြုံးတွေပဲ ပြုံးနေကြမလား....ကျွန်တော်အနေဖြင့် သေချာမသိနိုင်....
သေချာသည်ကား မငြိမ်းချမ်းမှူတွေရှိနေသမျှ သွေးစွန်းသောနေ့ရက်အချို့တွင် ကြယ်စင်အချို့ မြေခပေးနေရဦးတော့မည်သာ ဖြစ်ပေတော့သည်။

(ဖာပွန်ဒေသ တစ်နေရာတွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားသော တပ်ကြပ်ကြီးစိုးမောင် အား ဂုဏ်ယူသတိရလျက်)



ပြည်ငြိမ်းသွင်


No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>