မြန်မာ့ ဝေဟင်ကို ကာကွယ်နေသည့် တပ်မတော်(လေ) အပိုင်း(၁+၂)
မိတ္ထီလာ မြို့ရဲ့ နံနက်ခင်း ရောင်ခြည်ဦးနဲ့ အတူ အပြာနုရောင် အင်္ကျီ၊ နက်ပြာရောင် ဘောင်းဘီတို့ကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ရဲစိတ်၊ ရဲမာန် တက်ကြွစွာဖြင့် စစ်ချီ သီချင်းကို သံပြိုင် သီဆိုလာသော တပ်မတော် (လေ)မှ စစ်သည်များအား (၆၅)နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့
ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား ကျင်းပရာ လေကြောင်း အတတ်သင် လေတပ် စခန်းရှိ စစ်ရေးပြကွင်း အတွင်းသို့ ချီတက်နေရာ ယူကြသည်ကို တွေ့ရသည်မှာ Uniform အသစ်နှင့် တစ်မျိုး ဂုဏ်တင့်နေသည့် တပ်မတော် (လေ)မှ စစ်သည်များကို ကြည့်ရင်း တိုင်းပြည်အတွက် အားတက်မိခဲ့ ရပါသည်။
မြန်မာ့ တပ်မတော် (လေ)ကို ဒုတိယ ကမ္ဘာစစ် အပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှာ တရားဝင် ဖွဲ့စည်း ခဲ့ပါသည်။ သို့ပေမယ့် လေတပ်တစ်စု အတွက် အခြေခံ
လိုအပ်ချက် ဖြစ်တဲ့ လေကြောင်း ပျံသန်းမှု ပညာရပ် တွေကတော့ ၁၉၄၇ ခုနှစ် မတိုင်မီ နှစ်များ ကတည်းက မြန်မာ နိုင်ငံကို စတင် ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။ ၁၉၃၄ ခုနှစ်မှာ Flying School ဟူသော အမည်ဖြင့် အပျော်တမ်း လေယာဉ်မောင်း သင်တန်းကျောင်း တစ်ကျောင်းကို ရန်ကုန်မြို့မှာ စတင်ထူထောင် နိုင်ခဲ့ပြီး အကျိုးဆက် အဖြစ် မြန်မာ နိုင်ငံမှာ လေကြောင်းပျံသန်းမှု ပညာရပ် များအပေါ် စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များ စတင်ပေါ်ထွက် လာခဲ့ခြင်းကြောင့် Rangoon Flying School သည် မြန်မာ နိုင်ငံရဲ့ ပျံသန်းရေး သမိုင်းဦး အစ အဖွဲ့ အစည်းဟု ဆိုရမည် ဖြစ်ပါသည်။
၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်မှာ Burma Volunteer Air Unit (BVAU) ခေါ် ဗမာ့ အပျော်တမ်း လေတပ်ဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့ပြီး ၁၉၄၁ ခုနှစ် ဧပြီလ ၄ ရက်မှာ (BVAU) ကို Burma Volunteer Air Force (BVAF) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်နိုင်အောင် ကြိုတင်ပြင်ဆင် ခဲ့ပါသည်။ မြန်မာ နိုင်ငံကို ဖက်ဆစ်များ တိုက်ခိုက် သိမ်းပိုက် ပြီးချိန်တွင် BVAF သည် အိန္ဒိယ နိုင်ငံထဲ အထိ ဆုတ်ခွာရွှေ့ပြောင်း ခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း BVAF တပ်ဖွဲ့ဝင် မြန်မာ အမျိုးသား များသည် ဥရောပနှင့် အာရှ စစ်မျက်နှာ များတွင် မဟာမိတ် တပ်များဘက်မှ ပါဝင်ပြီး စစ်ဆင်ရေးများ ဆောင်ရွက် ခဲ့ကြသည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိဖို့ ဆွေးနွေး တောင်းဆိုရာတွင် တပ်မတော် ဖွဲ့စည်း တည်ထောင်ရေးကို ထည့်သွင်း ဆောင်ရွက်မှု၏ တစ်စိတ် တစ်ဒေသ အဖြစ် အမြဲတမ်း လေတပ်မတော် တစ်ရပ် ဖွဲ့စည်း ထူထောင်နိုင်ရေး စီမံချက် ရေးဆွဲ ခဲ့ကြသည်။ စီမံချက် အရ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် မြန်မာနိုင်ငံ အစိုးရ ကာကွယ်ရေး ဌာန Burma Air Force (Dicipline)Act,1947 ကို ပြဋ္ဌာန်း အတည်ပြု ပေးလိုက်ရာမှ အစပြု၍ မြန်မာ့ လေတပ်မတော် Burma Air Force အဖြစ် စတင်ရပ်တည် ထူထောင် နိုင်ခဲ့ပါသည်။
လေသူရဲ များကို လေ့ကျင့်မွေးထုတ် ပေးရန်အတွက် တပ်မတော် (လေ)တွင် ပထမ ဆုံးသော လေ့ကျင့်ရေး လေယာဉ်အဖြစ် Tiger Month လေယာဉ်များကို အသုံးပြု၍ ပထမ ဆုံးသော လေယာဉ်မောင်း သင်တန်းကို မင်္ဂလာဒုံ လေယာဉ်ကွင်း၌ ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်တွင် သင်တန်းသား ၁၂ ဦးဖြင့် စတင်ဖွင့်လှစ် သင်ကြားခဲ့ ပါသည်။ လေသူရဲများ နည်းတူ လေယာဉ်/ ရဟတ်ယာဉ် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ပထမ ဆုံးသော စက်မှုလက်မှု သင်တန်းကို အင်းစိန် စက်မှုလက်မှု ကျောင်းမှာပင် မော်တော်ကား အင်ဂျင်ကို သင်ထောက်ကူ ပစ္စည်းအဖြစ် အသုံးပြုပြီး သင်တန်းသား ၂၈ ဦးဖြင့် ဖွင့်လှစ် သင်ကြားခဲ့ ပါသည်။
ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာ့ လေတပ်မတော် အမြုတေများ အဖြစ် ဂျပန်ပြည်သို့ လေကြောင်း ပညာသင် ၁၀ ဦးကို ရွေးချယ် စေလွှတ်ခဲ့သည်။ မြန်မာနိုင်ငံ အစိုးရ ကာကွယ်ရေး ဌာနက ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဗမာ့ လေတပ်မတော် (Burma Air Force)(B.A.F) စတင်ဖွဲ့စည်း ပေးခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် တပ်မတော် တစ်ရပ်လုံး စည်းလုံး ညီညွှတ်ရေး အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) ကို တစ်ပြေးညီ ပြင်ဆင် ဖွဲ့စည်းခဲ့ရာ ဗမာ့ လေတပ်မတော်မှ တပ်မတော် (လေ)ဟု အမည်ပြောင်းလဲ သုံးစွဲခဲ့သည်။
လွတ်လပ်ရေး ရပြီး မကြာမီပင် ဗမာပြည် ကွန်မြူနစ် ပါတီသည် ဖဆပလ အစိုးရကို ဆန့်ကျင်၍ လက်နက်ကိုင် ပုန်ကန် ထကြွရန် တောခို သွားခဲ့သည်။ ကြီးထွားလာသော ရောင်စုံ သူပုန်တို့ကို နှိမ်နင်းရေး အတွက် လေကြောင်းပစ်ကူ ပေးရန် တောင်းခံလာခဲ့ ကြသည်။ သို့သော် ဤအချိန်၌ လေကြောင်းအကူ ပေးနိုင်လောက်သည့် အင်အား မရှိသေးပါ။ အောက်စ်ဖို့ဒ် လေယာဉ်အချို့ ရှိသော်လည်း လေယာဉ်မောင်း သင်တန်း၌ အသုံးပြုနေ ရသည်။ အမောင်းသင် လေယာဉ် အမျိုး အစားတွင် မပါဝင်သော အော်စတာ လေယာဉ်များ သာရှိသည်။ စစ်မြေပြင်တွင် အသုံးပြုသည့် စက်သေနတ် များကို ယင်းလေယာဉ်တွင် တပ်ဆင် အသုံးမပြု နိုင်သဖြင့် သေနတ်သမား တစ်ဦးကို လေယာဉ်ပေါ် တင်ခေါ်သွားကာ ထိုသေနတ် သမားက စက်သေနတ်ကို ပိုက်၍ မြေပြင်သို့ ပစ်ခတ်ရင်း ပစ်ကူ ပေးရသည်။ ဗုံးချရာ တွင်လည်း တောင်ပံအောက်နှင့် လေယာဉ် ဗိုက်အောက်တွင် ဗုံးချိတ်ဆွဲ ပျံသန်းရခြင်း မဟုတ်ဘဲ တွဲဖက် လေသူရဲက ဗုံးကိုလက်ဖြင့် ကိုင်ထားပြီး လေယာဉ်မှူးက အချက် ပြလိုက်သည်နှင့် တစ်ပြိုင်နက် စနက်တံကို ဖြုတ်၍ လေယာဉ်ပေါ်မှ ပစ်ချခြင်း ဖြစ်သည်။ သို့သော် ဤအော်စတာ လေယာဉ်များကို သုံးသည့် စစ်ဆင်ရေးမှာ ထိရောက်မှု မရှိသဖြင့် လေယာဉ်မောင်း သင်တန်းများကို ရပ်ဆိုင်းပြီး အောက်ဖို့စ် လေယာဉ်များကို စစ်ဆင်ရေးတွင် အသုံးပြုခဲ့ ကြသည်။
၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အင်းစိန်ကို ကေအင်ဒီအိုများက သိမ်းပိုက် လိုက်သဖြင့် ရန်ကုန်မြို့၏ အခြေ အနေမှာ များစွာ စိုးရိမ်ဖွယ် ဖြစ်ခဲ့ရသည်။ ဤအချိန်တွင် နိုင်ငံတော်၏ အခြေအနေ မှာလည်း ဆိုးရွားလျက် ရှိရာ နိုင်ငံခြား သတင်းစာ များက ဖဆပလ အစိုးရအား ရန်ကုန် အစိုးရဟု နှိမ်၍ ရေးသား လာကြသည်။ ထို့ကြောင့် ထိရောက်သော လေကြောင်း စစ်ကူပေးရန် စပစ်ဖိုင်းယား လေယာဉ်များ ဝယ်ယူ၍ ဗမာ့ လေတပ်မတော်သည် ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေးတွင် ထိရောက်သော လေကြောင်းပစ်ကူ ပေးနိုင်ခဲ့သည်။ အောက်စ်ဖို့ဒ် လေယာဉ်များ၏ လေကြောင်း ပစ်ကူကိုလည်း အစွမ်းကုန် အသုံးချနိုင် ခဲ့သည်။
အမှတ်(၁)နှင့် အမှတ်(၃) ဗမာ့ သေနတ်ကိုင် တပ်ရင်းများ တောခိုသွားစဉ် ၁၉၄၈ ခုနှစ် သြဂုတ် ၁၀ ရက်၌ ဗိုလ်မှူး ရှီးရှိုး၊ ဗိုလ်ကြီး တီကလစ်၊ ဗိုလ်ကြီး အက်စ်ခင် တို့သည် ဤစပစ် ဖိုင်းယား လေယာဉ် သုံးစင်းကို မောင်းနှင်၍ မှော်ဘီမြို့ မြောက်ဘက်ရှိ ဝါးနက်ချောင်း ဒေသ၌ သူပုန် တပ်ရင်းများအား ဝေဟင်မှ ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြသည်။
ထိုစဉ်က တောင်ငူမြို့သည် ကေအင်ဒီ အို၏ အင်အား အတောင့်တင်းဆုံး မြို့ဖြစ်နေပြီး ကေအင်ဒီအို တို့သည် ရန်ကုန်-မန္တလေး လမ်းမကြီးကို ဖြတ်တောက်ထားလျက် ရှိရာ တောင်ငူ နှင့် အချို့ မြို့များမှာ ကေအင်(န်)ယူ များ၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ရန်ကုန်-မန္တလေး လမ်းမကြီးကို ပြန်ဖွင့်ရန် ကေအင် ဒီအိုများ အခိုင်အမာ တပ်စွဲထားသည့် စာဗူးတောင်း ဒေသကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် လေကြောင်းမှ သွားရောက် တိုက်ခိုက်ခဲ့ ကြသည်။ ထိုနေ့ လေယာဉ် သေနတ်သမား သိန်းစော၊ ထွန်းအောင်ကျော်ကို လေကြောင်းမှ တိုက်ခိုက်ကြရာ မြေပြင်မှ သောင်းကျန်းသူ များကလည်း အပြင်းအထန် ပြန်လည်ခုခံ ပစ်ခတ်ကြ၍ လေယာဉ်ပျံကို ထိမှန်ပြီး ထိုးကျ ပျက်စီးခဲ့သည်။ လေသူရဲ လေယာဉ်သား အားလုံး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ ရသည်။ ဒုတိယ ဗိုလ်ထင်ကြီးသည် အမှတ်(၂) လေယာဉ်မောင်း သင်တန်းမှ အောင်မြင်ပြီး ၁၄ ရက်အကြာတွင် တိုက်ပွဲ၌ ကျဆုံးခဲ့ ရခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် တပ်မတော်က စာဗူးတောင်းကို သိမ်းပိုက် လိုက်သော အခါ တောင်ငူသို့ ချီတက်ရန် လမ်းပွင့်သွားသည်။
ထိုအချိန်က ရောင်စုံ သူပုန်များကို လေကြောင်းမှ သွားရောက် တိုက်ခိုက်ရာတွင် အသုံး ပြုခဲ့သော ဗုံးမှာ လေယာဉ်ပေါ်မှ ကြဲချရန် စနစ်တကျ ထုတ်လုပ်ထားသော ဗုံးများ မဟုတ်ဘဲ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး အတွက် အရေးကြီး အခြေ အနေကြောင့် ရေပိုက်များ၊ ဓာတ်မီးတိုင်များ၊ မီးသတ်ဘူးများကို ဗုံးခွံအဖြစ် အသုံးပြု၍ တပ်မတော် (ကြည်း) လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ တပ်မှ ဗိုလ်ကြီး တင်မောင်နှင့် ဗိုလ်ကြီး သောင်းညွှန့်တို့က အန္တရာယ် အသွယ်သွယ် အကြားမှ ကြိုးပမ်းတီထွင် ထုတ်လုပ်ကြခြင်း ဖြစ်သည်။ ယင်းဗုံးများကို ဝေဟင်မှ ကြဲချ ရာတွင်လည်း ဗုံးချိတ် ကိရိယာ၌ ချိတ်ဆွဲ သယ်ဆောင်ပြီး ကြဲချခြင်း မဟုတ်ဘဲ လေယာဉ် ကိုယ်ထည်တွင်း သယ်ဆောင်လာသော ဗုံးကို လက်ဖြင့်ကိုင်ပြီး စနက်တံ ဖြုတ်၍ ဓာတ်ပုံရိုက် ကင်မရာ အပေါက်မှ ဖြုတ်ချခြင်း ဖြစ်သည်။ လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးလု နီးပါး အချိန်တွင် ဤသို့ မဆောင်ရွက်လျှင် မဖြစ်သည့် အခြေအနေ မျိုးကြောင့်သာ ဗမာ့ တပ်မတော်မှ အရာရှိ များနှင့် ဗမာ့ တပ်မတော်မှ လေသူရဲ များက အသက်ကို ပဓာန မထားဘဲ စွန့်လွှတ် စွန့်စားသည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်သည်။
တပ်မတော် (လေ)သည် ဝါးနက်ချောင်း တိုက်ပွဲ၊ ပန်းတနော် တိုက်ပွဲ၊ သာယာဝတီ တိုက်ပွဲ၊ စာဗူးတောင်း တိုက်ပွဲ၊ အင်းစိန် တိုက်ပွဲ စသည်ဖြင့် တိုက်ပွဲပေါင်း များစွာ ဆင်နွှဲ ခဲ့ရသည်။ လေကြောင်းမှ တိုက်ခိုက်ရာတွင် ဖောက်ထွင်းအား ကောင်းသော ရော့ကတ် (Rocket) များ အသုံးပြု မှသာ ထိရောက်မှု ရှိနိုင်သည်။ ထို့ကြောင့် ထိုစဉ်က လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်မှူးကြီး အက်စ်ခင်သည် ကျိုင်းတုံ လေယာဉ်ကွင်းကို အခြေပြုပြီး အောက်စ်ဖို့ဒ် လေယာဉ် အပေါ့စားတွင် ရော့ကတ် တပ်ဆင်၍ စမ်းသပ် ပစ်ခတ်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် လေတပ် ဦးစီးချုပ် ကိုယ်တိုင် ပထမ ဆုံးအကြိမ် စမ်းသပ် ပစ်ခတ်ရာ ရော့ကတ် ပြင်းအားကို မခံနိုင်ဘဲ လေယာဉ် တောင်ပံ ကျိုးထွက်သွားကာ လေယာဉ် ပျက်ကျသွား၏။ ထိုလေယာဉ်နှင့် အတူ လေတပ် ဦးစီးချုပ်လည်း ကျဆုံးသွားခဲ့ လေသည်။ အဆိုပါ လေတပ် ဦးစီးချုပ်သည် တိုက်ပွဲပေါင်း များစွာ ဆင်နွှဲအောင်ပွဲ ဆင်နိုင်ခဲ့သည့် ဝါရင့် လေသူရဲ တစ်ဦး ဖြစ်ပါသည်။
တပ်မတော် (လေ)သည် ပြည်ပ ကျူးကျော်သူ များအား တွန်းလှန် တိုက်ခိုက်သည့် နဂါးနိုင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေးနှင့် မဲခေါင် စစ်ဆင်ရေး များတွင် တပ်မတော်(ကြည်း) တပ်ဖွဲ့ဝင် များနှင့်အတူ တိုက်ပွဲ ဝင်ခဲ့သည်။ ဤစစ်ဆင်ရေးများ မစတင်မီ ရန်သူ့စခန်း များအား လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် လေကြောင်းဓာတ်ပုံ ရိုက်ယူခြင်းများ ကြိုတင် ဆောင်ရွက်ခဲ့သည်။
ဘုရင့်နောင် စစ်ဆင်ရေးတွင် ဗမာ့လေ တပ်မတော်မှ လေသူရဲ များသည် နဂါးနိုင် စစ်ဆင်ရေး ဆင်နွှဲစဉ် ကာလကဲ့သို့ပင် ဗမာ့ကြည်း တပ်မတော်အား လေကြောင်းအကူ အမျိုးမျိုး ပေးခဲ့ကြသည်။ အောက်စ်ဖို့ဒ် လေယာဉ်များကို ကင်းထောက်လေယာဉ် အဖြစ်လည်းကောင်း၊ ဒါကိုတာ လေယာဉ်များကို သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ အဖြစ်လည်းကောင်း အသုံးပြုခဲ့ပြီး တိုက်လေယာဉ် များအဖြစ် ဆီးဖိုင်းယား လေယာဉ်များ ကိုသာ အားထား အသုံးပြု ခဲ့ရသည်။ ၁၉၅၄ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မိုင်းဆတ်မြို့ကို ဗမာ့ တပ်မတော်က သိမ်းပိုက် နိုင်ခဲ့သည်။
ဘုရင့်နောင် စစ်ဆင်ရေး အကြိုကာလ ဖြစ်သော ၁၉၅၄ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်တွင် လေသူရဲ ဗိုလ်ဂျော့ဂျီ ၀ိုင်လီ၊ လေကြောင်းလမ်းပြ ဆိုင်မွန်နှင့် လေကြောင်း အချက်ပြ ကလီးနီးယပ်စ် တို့သည် ဒါကိုတာ လေယာဉ်ဖြင့် ၀မ်ဆလာ ဒေသ တောင်ကုန်းအမှတ် (၅၀၂၁)တွင် တပ်စွဲထားသော ဗမာ့ကြည်း တပ်မတော်၏ ရှေ့တန်း စခန်းသို့ စစ်ဆင်ရေး ရိက္ခာများ ဝေဟင်မှ ချပေးစဉ် မြေပြင်မှ တရုတ်ဖြူ တပ်များ၏ ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့သည်။
ဘုရင့်နောင် စစ်ဆင်ရေး အပြီး တစ်နှစ်အကြာ ၁၉၅၅ ခုနှစ်၊ မတ်လတွင် တပ်မတော်သည် ရန်ကြီးအောင် စစ်ဆင်ရေးကို ဆင်နွှဲ ရပြန်သည်။ ထိုစစ်ဆင်ရေး ကြီးတွင် တရုတ်ဖြူ အင်အား ၆၀၀၀ ကျော် ရှိနေသော စခန်း လေးခုကို တိုက်ခိုက် ခဲ့ကြသည်။ ဘုရင့်နောင် စစ်ဆင်ရေးကြောင့် ကစဥ့်ကလျား ဆုတ်ခွာ ထွက်ပြေး သွားကြသော တရုတ်ဖြူ တပ်များသည် မြန်မာပြည် မြောက်ပိုင်းတွင် အင်အား ပြန်လည် စုဖွဲ့ နေကြသည်။ ဗမာ့ တပ်မတော်သည် ၁၉၅၄ ခုနှစ်အတွင်း ပြည်ပရန် ကာကွယ်ရေးနှင့် ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး အတွက် စပစ်ဖိုင်းယား တိုက်လေယာဉ် ၃၁ စင်းကို အစ္စရေး နိုင်ငံမှ ၀ယ်ယူ၍ အင်အား ဖြည့်တင်း ထားခဲ့သည်။ ထို့ကြောင့် အမှတ်(၁) အုပ်မှ လေသူရဲ များသည် စပစ်ဖိုင်းယား တိုက်လေယာဉ် များကို ဆီးဖိုင်းယား တိုက်လေယာဉ် များနှင့် တွဲဖက်၍ တရုတ်ဖြူ စခန်းများကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက် ခဲ့ကြသည်။
အမှတ် (၂)အုပ်မှ လေသူရဲ များကလည်း ဒါကိုတာ လေယာဉ်ဖြင့် ရှေ့တန်း စစ်မျက်နှာရှိ မြေပြင် တပ်ဖွဲ့များကို ရိက္ခာပစ္စည်း များနှင့် ခဲယမ်းမီးကျောက် များကို လေကြောင်းမှ ချပေးခဲ့သည်။ ရန်သူများသည် လေကြောင်း ရိက္ခာနှင့် ခဲယမ်း မီးကျောက်များ ချပေးသည့် ဒါကိုတာ လေယာဉ်များကို မြေပြင်မှ ပြင်းပြင်း ထန်ထန် ဆီးကြို ပစ်ခတ်ကြသည်။ ဤသို့ ပစ်ခတ်သည့် ကြားမှ လေသူရဲ များကလည်း ရဲဝံ့ စွန့်စားစွာ ဝင်ရောက် ချပေးခဲ့သည်။ ၁၉၉၅ ခုနှစ် မေလ ၁၃ ရက်တွင် လေသူရဲ ဗိုလ်ထွန်းမြင့် မောင်းနှင်သည့် ဒါကိုတာ လေယာဉ် တစ်စင်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဗမာ့ကြည်း တပ်မတော်၏ စခန်း တစ်ခုသို့ လေကြောင်းမှ ရိက္ခာ ချပေးစဉ် ရန်သူ၏ ပစ်ခတ်မှုကြောင့် လေယာဉ်ပျက်ကျ ခဲ့ရသည်။ လေသူရဲနှင့် လေယာဉ်သား အားလုံး အသက်ဆုံးရှုံး ခဲ့ရသည်။ ဤဆုံးရှုံးမှုသည် တရုတ်ဖြူ စစ်ဆင်ရေးတွင် ဗမာ့ တပ်မတော်၏ ဒုတိယ အကြိမ် ဆုံးရှုံးမှု ဖြစ်သည်။
၁၉၉၅ ခုနှစ် ဧပြီလ ၁၉ ရက်မှစ၍ တပ်မတော်က တရုတ်ဖြူတို့ တပ်စွဲထားသည့် ဆင်ဦးခေါင်း စခန်းကို စတင် တိုက်ခိုက်ရာ ဗမာ့ တပ်မတော်မှ တိုက်လေယာဉ် များက အနီးကပ် လေကြောင်း ပစ်ကူပေး၍ တိုက်ခိုက် ခဲ့ကြသည်။ ဧပြီလ ၂၂ ရက်တွင် လွယ်ဘန်ဆုံကို လည်းကောင်း၊ ဧပြီလ ၂၅ ရက်တွင် မုံးယောင်းကို လည်းကောင်း၊ မေလ ၇ ရက်တွင် တာချီလိတ် တောင်ထိပ်ကို လည်းကောင်း တိုက်ခိုက် ရာတွင် တိုက်လေယာဉ် များက အနီးကပ် လေကြောင်း ပစ်ကူပေး တိုက်ခိုက် ခဲ့ကြသည်။ မေလ ၈ ရက်တွင် အိုကီနာဝါ ခံတပ် ဥမင်လိုဏ်ခေါင်း ကိုလည်းကောင်း၊ မေလ ၁၁ ရက်တွင် မိန်းမတောင်၏ ဆင်တောင် စခန်း ကိုလည်းကောင်း၊ မေလ ၁၄ ရက်မှ ၁၅ ရက်များတွင် လွယ်ကုန်းကြီး ကိုလည်းကောင်း ဗမာ့ တပ်မတော်က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ မေလ ၂၂ ရက်တွင် မိုင်းကွင်းကို တိုက်ခိုက်ရာ တရုတ်ဖြူ ၁၅၁၇ ဦး လက်နက် ချခဲ့သည်။ တိုက်ပွဲများသည် များစွာ ပြင်းထန်ကာ ရန်သူဘက်မှ အကျအဆုံး များခဲ့ပြီး ထိုင်းနိုင်ငံ အတွင်းသို့ ကစဥ့်ကလျား ဆုတ်ခွာ သွားကြသည်။ ၁၉၅၅ ခုနှစ် မေလတွင် ရန်ကြီးအောင် စစ်ဆင်ရေး ပြီးဆုံးခဲ့ရာ တရုတ်ဖြူ ကျူးကျော်သူ အင်အားမှာ ၃၀၀၀ ခန့်အထိ လျော့ကျခဲ့သည်။
မဲခေါင် စစ်ဆင်ရေးတွင် အမှတ်(၁) အုပ်မှ ဆီးဖြူရီ တိုက်လေယာဉ် များက ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ မတ်လ ၂၃ ရက်အထိ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။ စစ်ဆင်ရေး ကာလမှာ နှစ်လကျော် မျှသာ အချိန်ကြာမြင့် ခဲ့သော်လည်း ရန်သူ စခန်းများသို့ အကြိမ် ၇၀ တိုင်တိုင် လေကြောင်းမှ သွားရောက် တိုက်ခိုက် ခဲ့ကြသည်။ လေကြောင်း စစ်ဆင်ရေးများ ဆင်နွှဲရာတွင် ၂၀ မမစက် အမြောက်ကျည် ၂၇၂၉၀ တောင့်၊ ၂၀ ပေါင် လူသတ်ဗုံး ၁၄၃ လုံး၊ ပေါင် ၂၅၀ လူသတ်ဗုံး ၂၀ လုံး၊ ပေါင် ၂၅၀ မီးလောက်ဗုံး ၁၀ လုံး အသုံးပြု တိုက်ခိုက် ခဲ့ရခြင်းက ဤမဲခေါင် စစ်ဆင်ရေးသည် ပမာဏ မည်မျှ ကြီးမားကြောင်း ဖော်ပြလျက် ရှိသည်။
မြဝတီ