လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပုဂံသည်မြန်မာ မြန်မာသည်ပုဂံ



စာရေးသူတို့နိုင်ငံရဲ့ သမိုင်းနဲ့ပတ်သက်လို့ လေ့လာတွေ့ရှိချက်ကို ရေးရမယ်ဆိုရင် ပုဂံမတိုင်မီမှာ ရှိခဲ့တာက ပျူနိုင်ငံသရေခေတ္တရာဖြစ်ပါတယ်။ ပျူမင်းတွေစိုးစံခဲ့တဲ့ အဲဒီသရေခေတ္တရာခေတ်တုန်းက မြန်မာဆိုတဲ့ နာမည်လည်း မရှိသေးသလို၊ မြန်မာစာပေလည်း မပေါ်သေးပါ။

ပျူရွာ (၁၉)ရွာနဲ့ သမုဒ္ဒရာဇ်မင်းတည်ခဲ့တဲ့ပုဂံမှာ ပျူစာကို အဓိကပြောဆိုရေးသားကြမယ် ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။ ပုဂံမင်း (၅၅)ဆက် ရှိတာမှာ အနုရုဒ္ဓလို့သိကြတဲ့ အနော်ရထာမင်း လက်ထက်မှာတော့ ပါဠိစာကို အသုံးများတာ တွေ့ရပါတယ်။ မွန်စာကိုလည်း ပုဂံမှာ သုံးနေကြပါပြီ။ မြန်မာစာကတော့ ကျန်စစ်သားမင်း လက်ထက်မှ သုံးလာကြတာလို့ လေ့လာသိရှိရပေမယ့် အသုံးနည်းပါသေးတယ်။ တကယ်သုံးလာကြတာက နရပတိစည်သူမင်းလက်ထက်မှာပါ။ အဲဒီမင်းလက်ထက်မှာတော့ မြန်မာစာကို အဓိကသုံးနေကြပါပြီ။

ရေးရရင် မြန်မာတိုင်းပြည်ဆိုတာ ပုဂံခေတ်မှာမှဖြစ်လာရတာပါ။ ပုဂံဟာ မြန်မာမင်းတွေ အုပ်စိုးတဲ့နိုင်ငံ ဖြစ်သွားပါပြီ။ ပျူစာတွေလည်း ပျောက်ကွယ်တိမ်ကောသွားရပါတယ်။ ဒါကြောင့် 'ပုဂံသည် မြန်မာ၊ မြန်မာသည် ပုဂံ' ဆိုတာကို ပုဂံနဲ့မြန်မာကို ခွဲလို့မရတဲ့အတွက် ဒီဆောင်းပါးခေါင်းစဉ်ကို ပေးရခြင်းဖြစ်ပါတယ်။
အေဒီ(၉)ရာစုမှာ ပျူရွာ(၁၉)ရွာနဲ့ သရေခေတ္တရာက သုပညာနဂရဆိန္ဒမင်းရဲ့ တူတော်ဖြစ်တဲ့ သမုဒ္ဒရာဇ်မင်း စပြီးတည်လာတဲ့ပုဂံကို ပထမပျူဂါမလို့ ခေါ်ခဲ့ပါတယ်။ အဲဒီနောက်မှ ပေါက္ကံရာမလို့ ခေါ်ရာက ပုဂံဖြစ်လာတာပါ။ ကျောက်စာတွေမှာတော့ တမ္ပဒီပတိုင်း၊ ကြေးနီရောင်မြေလို့ ရေးတာတွေ့ရပါတယ်။
ပုဂံရဲ့နယ်နိမိတ်ကတော့ အရှေ့ဘက်မှာ ကျောက်ကူးဥမင်ဘုရား၊ အနောက်ဘက်မှာ ဧရာဝတီမြစ်၊ တောင်ဘက်မှာ တူရွင်းတောင်နဲ့ မြောက်ဘက်မှာ တွင်းရွာဖြစ်တယ်။ (၁၁)ရာစုက (၁၃)ရာစုအတွင်းမှာ ဘုရားစေတီပေါင်း(၄၀၀၀)ကျော် တည်ထားခဲ့တယ်။
အဲဒီအချိန်က ပုဂံနဲ့ခေတ်ပြိုင်နိုင်ငံကတော့ (၁၂)ရာစုမှာ ထင်ရှားခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး အဲဒီနိုင်ငံမှာရှိတဲ့ ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီးရဲ့ ယဉ်ကျေးမှုနဲ့လည်း အချိန်တူညီတယ်လို့ သိရပါတယ်။
ဒီဘက်ခေတ် (၁၉၇၅)ခုနှစ်မှာတော့ ဇူလိုင်လ(၈)ရက်နေ့မှာ လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပုဂံဘုရားတွေ ပြိုပျက်ခဲ့ရတဲ့အတွက် ပြန်လည်ပြုပြင်ခဲ့ရတယ်။ အခုအချိန်မှာတော့ ပုဂံမြေမှာ ဘုရားပေါင်း (၂၀၀၀)ကျော်ပဲ ရှိပါတော့တယ်။ သမုဒ္ဒရာဇ်မင်းကနေ စောမွန်နှစ်မင်းအထိ နှစ်ပေါင်း (၁၂၆၁)နှစ်ကြာအောင် ပုဂံမင်း (၅၅)ပါး စိုးစံအုပ်ချုပ်ခဲ့ကြတာမှာ သမိုင်းမှာ အထင်ရှာဆုံးဖြစ်တဲ့ ပုဂံမင်းတွေကတော့ (၃)ပါးပဲရှိပါတယ်။ ဒီမင်း (၃)ပါးကတော့ ပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်တော်မူပြီး ထေရဝါဒဗုဒ္ဓသာသနာတော်အစစ်အမှန်ကို မြန်မာနိုင်ငံမှာ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့တဲ့ အနော်ရထာမင်း၊ အနော်ရထာမင်း တည်ထောင်တော်မူခဲ့တဲ့ နိုင်ငံတော်ကို တည်တံ့ရှည်ကြာတိုးတက်အောင်ဆောင်ရွက်ပြီး မွန်မြန်မာတိုင်းရင်းသားချစ်ကြည်ရေးကိုလည်း စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့ သူရဲကောင်းအာဇာနည်မင်းဖြစ်တဲ့ ကျန်စစ်သားနဲ့ ကျန်စစ်သားမင်းရဲ့မြေးတော် အလောင်းစည်သူ တို့ပဲ ဖြစ်ပါတယ်။
စေတီဘုရားပုထိုးတွေ၊ ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ နှစ်ပေါင်း(၁၀၀၀)ကျော် ရှည်ကြာခဲ့တဲ့ ပုဂံဟာ မြန်မာတွေအတွက် အလွန်ဂုဏ်ယူစရာလည်း ကောင်းလှပါတယ်။ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကိုရောက်လာကြပြီဆိုရင်လည်း သူတို့အဓိကသွားကြတဲ့နေရာကတော့ မြန်မာနိုင်ငံအကြောင်းပြောလာပြီဆိုရင် ကမ္ဘာကသိကြတဲ့ ရန်ကုန်က ရွှေတိဂုံစေတီတော်နဲ့ ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေရှိရာ ပုဂံကိုပဲဖြစ်ပါတယ်။

ပုဂံကိုလာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လေ့လာကြည့်ရှုကြတဲ့ ဘုရားတွေကိုလည်း ရေးပါဦးမယ်။ ဒီဘုရားတွေကတော့ ညောင်ဦးက ရွှေစည်းခုံဘုရား၊ ပုဂံက အာနန္ဒာဘုရား၊ ဗူးဘုရား၊ ထီးလိုမင်းလိုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မဟာဗောဓိဘုရား၊ ရွှေဆံတော်ဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ ငကျွဲနားဋောင်းဘုရား၊ အလိုတော်ပြည့်ဘုရား၊ မင်းနန်းသူရွာက စူဠာမုနိဘုရား၊ လေးမျက်နှာဘုရား၊ သမ္ဘူလဘုရား၊ တရုတ်ပြေးမင်းဘုရား၊ မိဖုရားဖွားစောရဲ့ ဖွားစောရွာက ဓမ္မရာဇကဘုရား၊ မြင်းကပါရွာက ဂူပြောက်ကြီးဘုရား၊ မြစေတီဘုရား၊ မနူဟာဘုရား၊ အပါယ်ရတနာတွေပဲဖြစ်တယ်။ ဒီဘုရားတွေအပြင် အချိန်ယူပြီး လေ့လာသင့်တဲ့ ဘုရားတွေကတော့ တန့်ကြည်တောင်ဘုရား၊ တုရင်တောင်စေတီ၊ ကျောက်ဂူဥမင်ဘုရား၊ ဆင်များရှင်ဘုရား၊ ရှင်ပင်သက်ရှည်ဘုရား၊ မင်္ဂလာစေတီ၊ မဟာဗောဓိစေတီတော်၊ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရား၊ ငှက်ပစ်တောင်စေတီ၊ ဆပဒစေတီ၊ နန္ဒာမညာဘုရား၊ နန်းဘုရားနဲ့ ပုထိုးသားများဘုရားတွေလို့ ဆိုပါရစေ။
ဘုရားတွေအပြင် ပုဂံမှာ နောက်ထပ်လေ့လာစရာတွေလည်း ကျန်ပါသေးတယ်။ အဲဒါတွေကတော့ ညောင်ဦးက ကျန်စစ်သားဥမင်၊ ပုဂံက မီးမလောင်ကျောင်း၊ ဥပါလိသိမ်၊ အာနန္ဒာအုတ်ကျောင်း၊ သရပါတံခါး၊ ပိဋကတ်တိုက်၊ ရှေးဟောင်းပုဂံပြတိုက်နဲ့ မြင်းကပါရွာက ရာဇကုမာရကျောက်စာလို့လည်း ခေါ်ကြတဲ့ မြစေတီကျောက်စာ ဖြစ်ပါတယ်။

ဒီကနေ့ ပုဂံမှာရှိနေတဲ့ ဘုရားအားလုံးကို လေ့လာနိုင်ဖို့ဆိုတာကတော့ အချိန်ယူရပါမယ်။ မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးရမယ်ဆိုတဲ့ စကားကလည်း ရှိပါတယ်။ မြန်မာလူမျိုး၊ မြန်မာနိုင်ငံတော် စတင်ဖြစ်ပေါ်လာရာ ပုဂံမြေမှာက သမိုင်းအရ တန်ဖိုးကြီးလှတဲ့ ကြည့်ရှုလေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှုအနုပညာ လက်ရာတွေကလည်း များလှတဲ့အတွက် မြန်မာတိုင်း သွားရောက်သင့်ကြတယ် ဆိုတာကိုလည်း ရေးပါရစေ။

http://pargyii.blogspot.com/
FROM - FB

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>