လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဗိုလ်ချုပ်၏ ရည်မှန်းချက်များ အောင်မြင်သွားပြီလား





၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့ရောက်ရှိလာတော့မည်ဖြစ် သည်။
ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်တေဇ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်းစသည်ဖြင့် သမိုင်းခေတ်အမျိုးမျိုးတွင် ကျရောက်လာသော သမိုင်းပေးတာဝန်ကို ဦးလည်မသုန်ကျေပွန်စွာထမ်း
  ဆောင်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်စဉ်က အသက် ၃၂ နှစ်မျှသာရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။ သို့သော် နိုင်ငံတကာခေါင်းဆောင်များက ဗိုလ်ချုပ် ကိုလေးစားကြသည်။ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းက ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်သောအခါ မြန်မာနိုင်ငံတိုင်းပြည်ပြုလွှတ်တော်သို့ဝမ်းနည်း ကြောင်း သ၀ဏ်လွှာကို အောက်ပါအတိုင်းပေးပို့ လိုက်သည်။
“မြန်မာနိုင်ငံတော်ကြီး၏အောင်လံတံခွန်သဖွယ် ဖြစ်သော အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သူ၏ရဲမက်တော်ဝန်ကြီးများသည် မသမာသော လူသတ်သမားတို့၏ လက်ချက်ဖြင့် အသက်ဆုံးရှုံး ခဲ့ရသည်ကို ဗီယက်နမ်ပြည်ထောင်စုအစိုးရနှင့်တကွ ကျွန်ုပ်ကပါ လှိုက်လှိုက်လှဲလှဲဝမ်းနည်းကြေကွဲခြင်းဖြစ် ရကြောင်းကို အဆွေတော်နှင့်တကွ အဆွေတော်၏ တိုင်းသူပြည်သားများ၊ မြန်မာနိုင်ငံတော်အစိုးရနှင့် ပရိဒေ၀မီးတောက်လောင်လျက်ရှိကြရသော ကွယ်လွန်သူအာဇာနည်ကြီးများ၏ချစ်မငြီးသော ဇနီးသည်များ၊ သားသမီးများနှင့် ဆွေးမျိုးသားချင်း အပေါင်းတို့အား တစ်ဆင့်ပြောကြားပေးစေလိုပါ သည်။
ဗီယက်နမ်လူမျိုးတို့သည် မိမိတို့၏လွတ်လပ်ရေး အတွက် အသက်သွေးခဲကိုပူဇော်၍တိုက်ခိုက်နေကြ သည်ကို သူ၏နှလုံးသည်းပွတ်အကြားမှ ယိုစီးထွက် ပေါ်လာသော ဗိုလ်ချုပ်ကြီးအောင်ဆန်း၏ ကျွန်ုပ် တို့အပေါ်တွင်ထားရှိသော ကရုဏာကို ကျွန်ုပ်တို့ သည်ကမ္ဘာမကျေသမျှမေ့နိုင်သဖွယ်မရှိပါကြောင်း”
ထိုကဲ့သို့ ဗီယက်နမ်ခေါင်းဆောင်ကြီးဟိုချီမင်း က သ၀ဏ်လွှာများပေးပို့လာကြသည်။ ဗိုလ်ချုပ် အောင်ဆန်းမကွယ်လွန်မီက လွတ်လပ်လာသော မြန်မာနိုင်ငံတော်ကို မည်ကဲ့သို့တည်ဆောက်မည်ကို ထိုစဉ်က ဗိုလ်ချုပ်ပြောကြားခဲ့သော မိန့်ခွန်းများက ဖော်ပြနေသည်။
ဂျပန်တော်လှန်ရေးပြီးသွားပြီးနောက် ၁၉၄၅ သြဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေး ပါတီအသီးသီးမှ ခေါင်းဆောင်များကို ဖဆပလအဖွဲ့ ချုပ်သို့ဖိတ်ခေါ်ပြီးနောက် ဆွေးနွေးပွဲကျင်းပခဲ့သည်။ ဤဆွေးနွေးပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်လိုကြောင်း အောက်ပါ အတိုင်းဟောပြောသွားခဲ့သည်။
“.....ဂျပန်ပြည်မှာလို စစ်ဘက်ကလက်ဝါး ကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရ တဲ့ စစ်အာဏာရှင်ဝါဒမျိုးမရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်။
နောက် လွတ်လပ်စွာဖော်ပြခွင့် စည်းရုံးခွင့် အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာတွေးတောခွင့်၊ ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ် ခွင့်၊ ကိုယ့်အိမ်ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရား သဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသာခွင့်၊ အလုပ်သမားလယ်သမားများ ရဲ့ အနည်းဆုံးအခွင့်အရေးများကိုအစိုးရကစောင့် ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုး တိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှု အတိုင်းဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာအထိအခိုက် လျော်ကြေးရန်ပုံငွေအစရှိသည်တို့ကို အစိုးရကထား ပြီး အိုမင်း၍လည်းကောင်း၊ နာဖျား၍လည်းကောင်း၊ ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော် လည်းကောင်းအလုပ်မရနိုင်၍သော်လည်းကောင်း အသက်မွေးဝမ်းကျောင်းမပြုစွမ်းနိုင်သူများသည် အစိုးရ၏အထောက်အပံ့ကိုရရှိခွင့်ဒီိမိုကရေစီအခွင့် အရေးမျိုးတွေလည်းရှိရမယ်။
အဲဒီလိုအခြေခံအချက်များအရ ကျွန်တော်တို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးကိုတည်ထောင်ခဲ့ တယ်။
တစ်ဖန် ၁၉၄၆ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် ကန်တော်ကလေးမြူနီစီပယ်ကျောင်း၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းဆရာများညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးနှင့် ပတ်သက်၍ “၀န်ကြီးများနှင့် တွေ့ပြီး စကားပြောလိုက်သည့်ကတိ များကို ဘယ်အခါမျှမယုံကြည်ကြစေလိုကြောင်း၊ ပညာရေးသည် နိုင်ငံရေးဖြစ်သဖြင့် နိုင်ငံရေးလွတ် လပ်မှပညာရေးလွတ်လပ်မည်ဖြစ်သဖြင့် နိုင်ငံရေး လွတ်လပ်အောင်ကြံဆောင်ကြရန် တိုက်တွန်းလိုက် ပါကြောင်း”
ထို့ပြင် ၁၉၄၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် မြန်မာပြည်အင်္ဂလိပ်ကုန်သည်ကြီးများအသင်း၌ စီးပွားရေးတည်ငြိမ်မှုနှင့် အလုပ်သမားလူတန်းစား များအရေးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “စီးပွားရေးမကောင်းသမျှကာလပတ်လုံးကျွန်ုပ်တို့ မြန်မြန်ဖြစ်စေချင်သော ငြိမ်းချမ်းသာယာရေးမရနိုင်။ ထိုကိစ္စများဖြစ်ရန် ကိုယ့်အစိုးရက အထူးဂရုစိုက်လုပ် ကိုင်နိုင်ကြောင်း။
ယခုအခါ အလုပ်သမားမငြိမ်သက်မှုများရှိလျက် သပိတ်မှောက်နေကြကြောင်း၊ ထိုသို့သပိတ်မှောက် ခြင်းမှာ အရင်းရှင်ဝါဒ၌ မလွဲမရှောင်သာဘဲဖြစ်ပွား ရမည်ပင်ဖြစ်ကြောင်း၊ အလုပ်သမားများ၏ တောင်း ဆိုချက်အများပင် တရားမျှတကြောင်း၊ မြန်မာပြည် ရှိအလုပ်သမားအခြေအနေမှာ အခြားတိုးတက်သော တိုင်းပြည်ရှိအလုပ်သမားအခြေအနေနှင့် နှိုင်းစာလျှင် များစွာကျေနပ်ဖွယ်မရှိကြောင်း၊ အလုပ်သမားများမှာ အခြေစိုက်ရန်မရှိ၊ ပင်စင်မရှိ၊ လုံခြုံရေးလည်းမရှိ ကြောင်း၊ အလုပ်သမားများနိုးကြားလာပြီဖြစ်၍ ၎င်းင်း တို့လိုလားချက်ကိုတောင်းရာ ပထမကြိမ်ဖြစ်၍ မှား တာ ပိုတာတွေရှိမည်ဖြစ်ကြောင်း၊ အလုပ်သမား အရေးကို အပြစ်တင်ရှုတ်ချဖို့မသင့်ကြောင်း၊ ကူးသန်း ရေးဆိုင်ရာလုပ်ငန်းရှင်များက လက်ရှိအလုပ်သမား သပိတ်ဖြေရှင်းရာ၌ သဘောတူပြီးအချက်များကို စိတ်ရောကိုယ်ပါလိုက်လျောသင့်ကြောင်း”ပြောကြား သွားခဲ့သည်။
တစ်ဖန် ၁၉၄၇ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနှစ်သစ်ကူးမိန့်ခွန်း အဖြစ်အသံလွှင့်ရုံမှ တိုင်းပြည်သို့မိန့်ခွန်းပြောကြား ရာတွင် အစိုးရ၀န်ထမ်းများလိုက်နာရမည့်တာဝန်များ ကို ထည့်သွင်းပြောကြားသွားခဲ့သည်။
“နောက်ပြီးတော့ အစိုးရအမှုထမ်းတွေကိုလည်း ကျွန်တော်ပြောလိုတယ်။ အစိုးရအမှုထမ်းတွေဟာ တိုင်းပြည်နှင့်လူထုအကျိုးကို ကျွန်တော်တို့အစိုးရ အဖွဲ့ကဆုံးဖြတ်တဲ့အတိုင်း တစ်သွေမတိမ်းလိုက်နာ ဆောင်ရွက်ပါ။ အခုအစိုးရက အရင်အစိုးရနှင့် မတူ ဘူးဆိုတာ တိတိလင်းလင်းပြောလိုက်ချင်ချင်တယ်။ ဘယ်သူကိုမှလည်း ခ စရာမလိုဘူး။ မဆပလထဲက လူပဲဖြစ်ဖြစ်၊ ပြည်သူ့ရဲဘော်ပဲဖြစ်ဖြစ်၊ အဲဒီလူတွေကို လည်း ကြောက်ဖို့မလိုဘူး။ ကျွန်တော်တို့ ဖဆပလ အစိုးရက အရင်အစိုးရလို “ဖော်လံဖား” တဲ့လူတွေကို ကျွန်တော်တို့မလိုချင်ဘူး။ ကျွန်တော်တို့ဆိုင်ရာဝန် ကြီးတွေကို အသီးသီးဖော်လံဖားတဲ့စကားမျိုးတွေ၊ ဖော်လံဖားတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့မလို ချင်ဘူး။ ကျွန်တော်တို့ဆုံးဖြတ်ထားတဲ့ လုပ်ငန်းတွေ၊ ကျွန်တော်တို့က ညွှန်ကြားတဲ့ ညွှန်ကြားချက်တွေ၊ ကျွန်တော်တို့က ပေးတဲ့ ညွှန်ကြားချက်တွေ၊ အမိန့် တွေကို တစ်သဝေမတိမ်းလိုက်နာပါ။ လုပ်ပါ။ ဒီလိုမှ မလုပ်ရင် ကျွန်တော်တို့က ဘယ်လောက်ကြီးတဲ့လူ ကြီးပဲဖြစ်ဖြစ်နှိပ်မှာပဲ။”
ထို့ပြင် ၁၉၄၇ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ကျင်းပသော ဖဆပလပဏမပြင်ဆင်မှုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက မိန်ခွန်းပြောကြားရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပတ်သက် ၍ “.....လွတ်လပ်မယ့်ဗမာပြည်ကြီးမှာ အခုအစိုးရ အရာထမ်းအမှုထမ်းတွေ လောကဓာတ်ဆရာ၊ ပညာ သည်၊ စက်ဆရာ၊ ဆေးဆရာအစရှိတဲ့လူတွေကို မလိုတော့ဘူးလားဆိုယင် သူတို့ကို လိုလိမ့်မယ်။ သူတို့အထဲက (Technicians) ခေါ်တဲ့ အထူးသင် ကြားမှုတတ်တဲ့ လူတွေဆိုလို့ရှိရင် အစိုးရက ကောင်း  ကောင်းမြှောက်စားရမှာပဲ။ ဒါပေမဲ့ သူတို့ဟာ ပြည်သူ့အစိုးရပြည်သူ့မိတ်ဆွေတွေဖြစ်ရမယ်။ ပြည်သူတွေကို ဂရုမစိုက်ဘဲ အထက်လူကြီးကြိုက်ပြီး ရော လုပ်တဲ့လူစားတွေ မဖြစ်ရဘူး။ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ သစ္စာကိုစောင့်ထိန်းတဲ့ လူတွေဖြစ်ရ လိမ့်မယ်။”ဟုပြောကြားခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမကြီး၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်နိုင်ငံနှင့် လူမျိုးတို့ကို နောက်ဆုံးမိန့်ခွန်းပြောကြားသွားခဲ့သည်။ ထိုမိန့်ခွန်း တွင် အမျိုးသားညီညွတ်ရေးသည်လွန်စွာအရေးကြီး ကြောင်း၊ ညီညွတ်ရေးပြိုကွဲလျင် တိုင်းပြည်ပျက်စီး နိုင်ကြောင်း သတိပေးပြောကြားသွားခဲ့သည်။
“အဲဒီတော့ တိုင်းရင်းသားအချင်းချင်းညီညွတ် ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမား တွေညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်း သားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေးနှစ်ခုမရှိသမျှ ကာလ ပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ် ငြားသော်လဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ် လုပ်မပျက်ပါစေနဲ့။ အဲဒါအင်မတန်အရေးကြီးပါ တယ်”
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကွယ်လွန်သွားခဲ့သည်မှာ (၆၇) နှစ်ပင် ကျော်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ သည်မှာလည်း (၆၇) နှစ်ပင် ရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် ခေတ်အဆက် ဆက်အုပ်ချုပ်ခဲ့ကြသော ဖဆပလအစိုးရ၊ အိမ် စောင့်အစိုးရ၊ ပထမအစိုးရ၊ တော်လှန်ရေးကောင်စီ အစိုးရ၊ မဆလအစိုးရ၊ န၀တ၊ နအဖအစိုးရနှင့်ယခု အစိုးရသစ်တို့သည် ဗိုလ်ချုပ်၏ရည်မှန်းချက်ဗိုလ်ချုပ် ၏ လမ်းညွှန်ချက်များကို မည်မျှလိုက်နာ အကောင် အထည်ဖော်ကြသည်ကို ပြန်လည်ဆန်းစစ်ရန်လိုပေ သည်။ မိမိအာဏာတည်မြဲရေး၊ မိမိနှင့် မိမိ၏အသိုင်း အ၀န်းချမ်းသာကြွယ်ဝရေး၊ ပြည်သူတို့၏ အကျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုနေသမျှကာလ ပတ်လုံးဗိုလ်ချုပ်၏ရည်မှန်းချက်များသည်အကောင် အထည်ဖော်လာမည်မဟုတ်ပေ။
ပဲပြုတ်နှင့်နံပြားတောင်ရမှ စားချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်၊ သမီးလေးကို ဆွဲကြိုးလေးဆင်ပေးချင်လို့ အမေ့ဆီကပြန်တောင်းရတဲ့ ဗိုလ်ချုပ်၊ အိန်္ဒိယခေါင်း ဆောင်ကြီးနေရူးလက်ဆောင်ပေးသော ကုတ်အင်္ကျီ နှင့် စတိုင်ကျနေသော ဗိုလ်ချုပ်၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့အတွက် ရယူခြင်းမရှိ၊ ပေးဆပ်ခြင်း ဖြင့် သမိုင်းပေးတာဝန်ကို ထမ်းဆောင်သွားသော ဗိုလ်ချုပ်၏မွေးနေ့သည်နှစ်ပေါင်း (၁၀၀) ရှိလေပြီ။ သို့သော် မြန်မာပြည်သူတို့၏ နှလုံးသားထဲတွင် ဗိုလ်ချုပ်သည်နှစ်ပေါင်း သိန်း၊ သန်း၊ ကုဋေပေါင်း များစွာ ထာဝရရှင်သန်နေမည်ဖြစ်ကြောင်းတင်ပြ လိုက်ပါသည်။
 
 ဘသိန်းလွင်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>