လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဘုန်းကြီးနှင့်ဘာသာတရားကို ကွဲကွဲပြားပြား သိရှိစေရန်



ကြိုက်လွန်းလို့ကူးသိမ်းထားခဲ့တာ စာအရမ်းရှည်တယ်
ဒါပေမယ့် ခဏခဏ ဖတ်တယ် ......
==================================
ယနေ့ခေတ် ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုသည် ဘုန်းကြီးနှင့်ဘာသာတရားကို ကွဲကွဲပြား ပြားမသိရှိကြဘဲ ရောထွေးလျက် မြင်နေကြသည်ကိုတွေ့ရ၏။
မကောင်းသောဘုန်းကြီးတစ်ပါးပါးကို တွေ့မြင်လျှင် ကိုယ်တော်တို့ ဗုဒ္ဓဘာသာက မကောင်းဘူး။ လုပ်ချင် တာလုပ်တာပဲဟူသော ကဲ့ရဲ့မှုမျိုး ကို ကျူးလွန်တတ်ကြ၏။
ဘာသာတရားနှင့်ဘုန်းကြီး၊ ဘုန်းကြီးနှင့်ဘာသာတရားသည် တခြားစီဖြစ်သည်ကို သဘော ပေါက်နားလည်ထားဖို့လိုပေသည်။
ထိုသို့ပုဂ္ဂိုလ်နှင့်ဘာသာတရား ကွဲပြားအောင်နားလည်ထားပါမှ ဘာသာအယူဝါဒကူးပြောင်းခြင်းမှ
ရှောင်ကြဉ်နိုင်မည်ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ အားလုံး ဘာသာတရား၏အနှစ်သာရကို မိမိနှလုံးအိမ်သို့ရောက်အောင် လေ့လာအားထုတ်ပြီးဘာသာအယူဝါဒကူးပြောင်းခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေဟု.......
ဘောင်ကျဉ်းလာသည့် သာသနာ
+++++++++++++++++++++
မြန်မာနိုင်ငံတွင် သံဃာအင်အားလေးသိန်းကျော်ငါးသိန်းနီးပါးခန့်ရှိသည်ဟု ခန့်မှန်းရ၏။
ထိုအထဲတွင် နှစ်သိန်းကျော်က ရဟန်းတော်များဖြစ်ပြီး
ကျန်နှစ်သိန်းကျော်က ကိုရင်သာမဏေများ ဖြစ်ကြ၏။
ငါးသောင်းနီးပါးခန့်သည်တောထွက်တောင်ပြန် ရဟန်းများသာဖြစ်ကြ၏။
သံဃာများလာသည်နှင့်အမျှ သာသနာတော်တွင် ဗရုတ်သုက္ခနိုင်လှသော ရဟန်းသံဃာများလည်း ဒုနဲ့ဒေးပင်ရှိလာလေ၏။
ဝိနည်းသိက္ခာနှင့်အညီနေထိုင်၍ စာပေပရိယတ်သင်ကြားနေကြသည့် ရဟန်းသာမဏေများမှာ ထိုဗရုတ်သုက္ခနိုင်လှသော ရဟန်းသာမဏေများကြောင့်အရှက်ရမျက်နှာပျက်ရသည့်အဖြစ်အပျက်များ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိ၏။
အချို့သောရဟန်းဆိုးရဟန်းညစ်များကြောင့် အကျင့်သိက္ခာနှင့်ပြည့်စုံသည့် ရဟန်းသံဃာများကိုပါ ဒါယကာ ဒါယိကာမများက အထင်မြင်သေးလာကြသည်ကို ရင်နာဖွယ်တွေ့မြင်နေရလေ၏။
စာရေးသူသည် ရန်ကုန်မှ မန္တလေးသို့ မီးရထားဖြင့် ခရီးသွားစဉ် ခေတ်ပညာတတ်
ဒေါက်တာ ဆိုသူနှင့်အတူထိုင်ခဲ့ရ၏။
ခရီးသွားရင်း အချင်းချင်းမိတ်ဆက်၍ စကားလက်ဆုံကျလာ သောအခါ ခေတ်ပညာတတ် ဒေါက်တာဆိုသူဒါယကာက ရဟန်းသံဃာတော်များ၏ အားနည်းချက်များကို ရင်ဖွင့် လျှောက်ထားလေတော့၏။
စာရေးသူလည်း မျက်နှာပူပူနှင့်ပင် နားထောင်နေလိုက်ရ၏။
သူက “သံကိုသံဖျက်၍ သံချေးတက်ရကြောင်း၊ မြတ်စွာဘုရား၏သာသနာတော် ကိုလည်း သာသနာတွင်းသား ရဟန်းများပင် ဖျက်ဆီးမှာဖြစ်ကြောင်း” လျှောက်ထားခဲ့လေ၏။
မိမိကထိုဒေါက်တာဒကာလေးအား သာသနာတော်ကို ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သည့်အခါ လူကိုမကြည့်ဘဲ မူကိုသာကြည့်သင့်ကြောင်း၊ လူ၏အပြုအမူသည် ဘာသာတရား၏အနှစ်သာရနှင့်လုံးဝမသက်ဆိုင်ကြောင်း၊ မိမိတို့ကြည့်ရမည်မှာ ဘာသာတရား၏ အနှစ်သာရပိုင်းသာဖြစ်ကြောင်း၊
ထို့ကြောင့် ဗရုတ် သုက္ခနိုင်လှသော ရဟန်းသာမဏေများကြောင့် ဘာသာတရားကို
မျက်ကွယ်မပြုသင့်ကြောင်း စသဖြင့် စသဖြင့် ပြန်လည်မိန့်ကြားခဲ့ရလေ၏။
ထိုဒါယကာလေးနှင့်လမ်းခွဲခဲ့ပြီးနောက် ကျောင်းပြန်ရောက်သောအခါ အတွေးတစ်ခုဝင်လာ၏။
ယနေ့ခေတ်သည် Globalization ခေတ်ဖြစ်၏။
ကမ္ဘာကြီးသည် ရွာလေးတစ်ရွာအလား ထင်မှတ်ရ လောက်အောင် ကျဉ်းမြောင်းသွားသည်ကိုတွေ့နိုင်၏။
မိုင်ပေါင်းများစွာဝေးကွာသော အနောက်နိုင်ငံမှအဖြစ်အပျက်များကို အရှေ့နိုင်ငံမှနေ၍
စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း သိရှိနိုင်၏။
ထိုမျှလောက်လျင် မြန်နေသောသတင်းနှင့်မီဒီယာခေတ်တွင် ဗုဒ္ဓသာသနာတွင်းနေ ရဟန်းသာမဏေများသည် အထူး သတိထား၍ နေထိုင်သင့်သည်ဆိုသည့်အတွေးပင်ဖြစ်၏။
မိမိပြုလိုက်သောအပြုအမူသည် သာသနာတော်ကို ထိခိုက်နစ်နာသွားစေနိုင်သည့် အပြုအမူ ဖြစ်နေလျှင်၊ တစ်စုံတစ်ယောက်က ထိုအပြုအမူကို တွေ့မြင်ပြီး အင်တာနက်တွင် ဖော်ပြလိုက်လျှင် သာသနာတော်သိက္ခာကျသွားစေနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပေ၏။
ထို့ကြောင့်
ယနေ့ခေတ်သည် သာသနာတွင်းသား ရဟန်းသာမဏေများအတွက် တစ်ဖြည်းဖြည်းနှင့် ဘောင်ကျဉ်းလာသည်ဟုဆိုလျှင် မှားမည်မထင်ပေ။
ကောင်းသတင်းများ ဖိနပ်စီးနေချိန်တွင်မကောင်းသတင်းကား ကမ္ဘာတစ်ပတ် ပတ်ပြီးနေတတ်သည် ကို မေ့ထား၍မရပေ။
အလွန်လျင်မြန်လှ သောသတင်းနှင့်မီဒီယာကြောင့် အချိန်နှင့်တပြေးညီ မကောင်းသတင်းတို့ ပြန့်နှံ့သွားတတ်သည်ကို သတိမူထားပါမှ မိမိ၏ကာယကံမှု ဝစီကံမှုတို့ကို ထိမ်းသိမ်းစောင့်စည်းနိုင်မည်ဖြစ်ပါ၏။
အင်တာနက်ပေါ်တွင် ရဟန်းသာမဏေများ၏ မကောင်းသတင်းများ တင်ထားသည်ကို မကြာခဏဆိုသလို ဖတ်ရပါ၏။
မှန်သည်လည်းရှိနိုင်သလို မမှန်သည်များလည်း ရှိနိုင်ပါ၏။
သို့သော် မကောင်းသတင်းကား မကောင်းသတင်းသာဖြစ်၍ သာသနာတော်အတွက် သိက္ခာကျ၍ အရှက်ရစေ သည့် သတင်းများသာဖြစ်လေ၏။
အင်တာနက်ပေါ်တွင် တင်သည့်ပုဂ္ဂိုလ်ကလည်း “ငါဒီသတင်းကို တင်လိုက်လျှင် သာသနာတော်တစ်ခုလုံး သိက္ခာကျသွားစေနိုင်ပါလား”ဆိုသည့် အတွေးမျိုး စဉ်းစားမိဖို့တော့ လိုပေသည်။
မည်သို့ပင်ဆိုစေ သာသနာတော်သည် တစ်ဖြည်းဖြည်းနှင့် ဘောင်ကျဉ်းလာ သည်ကတော့
အမှန်ပင်ဖြစ်လေ၏။
ထိုသို့ ဘောင်ကျဉ်းလာသည်နှင့်အမျှ သာသနာတွင်းနေ ရဟန်းသာမဏေများ၏ ကာယကံမှု၊ ဝစီကံမှုများသည်လူတို့၏နားမျက်စိတွင် အချိုးကျကျ ပြေပြေပြစ်ပြစ် ရှိနေဖို့လိုပေသည်။
သို့မှသာ “အပ္ပသန္နာနံ ပသာဒါယ ပသန္နာနံ ဝါ ဘိယျောဘာဝါယ” ဆိုသည့်အတိုင်း မကြည်ညိုသေးသူတို့ ကြည်ညိုလာစေရန်၊ ကြည်ညိုပြီးသူတို့ ပို၍ပို၍ ကြည်ညိုစေရန်ဖြစ်လာနိုင်ပါ၏။
"အပ္ပသန္နာနံ ပသာဒါယ ပသန္နာနံ ဝါ ဘိယျောဘာဝါယ"
တစ်ခါက ရွှေတိဂုံစေတီရင်ပြင်ပေါ်တွင် ဆေးလိပ်ကို ဇိမ်ခံ၍သောက်နေသော ရဟန်းငယ်တစ်ပါးကိုဗုဒ္ဓဘာသာစိတ်ဝင်စားသော ပြင်သစ်နိုင်ငံသားတစ်ယောက်က
တွေ့မြင်သွားပြီး နှာခေါင်းရှုံ့ ကာ ကဲ့ရဲ့သွားသည်ကို တွေ့မြင်ခဲ့ရ၏။
ထိုနိုင်ငံခြားသားက ဆေးလိပ်သောက်ခြင်းသည် မူးယစ်ဆေးဝါးတစ်မျိုးပင်ဖြစ်၍ ရဟန်းတော်များအနေဖြင့် ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရမည်ဟုခံယူထားသူဖြစ်၏။
ထို့ကြောင့်ဆေးလိပ်သောက်သောရဟန်းတော်များကို တွေ့သောအခါ နှာခေါင်းရှုံ့ကာ
ကဲ့ရဲ့သွားခြင်းဖြစ်၏။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါသည်ဆိုသည့် စာတန်းများထိုး၍ တစ်ကမ္ဘာလုံးကဆေးလိပ် မသောက်ရန် တားမြစ်ဆန့်ကျင်နေကြပါလျက်
ဘာသာရေးခေါင်းဆောင်ဖြစ်သော ရဟန်းသံဃာတော်များက ဆေးလိပ်ကို မရှောင်ကြဉ်ဘဲ ဇိမ်ခံ၍ သောက်သုံးနေခြင်းသည် မပြုကျင့်သင့်သည့် အပြုအမူပင်ဖြစ်၏။
တစ်ခါကလည်း ရဟန်းငယ်တစ်ပါးသည် စင်ကာပူနိုင်ငံ၊ တာကာရှီးမားယားဈေးကြီးအနီး
လမ်းဘေးပလက်ဖောင်းရှိ ထိုင်ခုံတွင်ထိုင်၍ ဆေးလိပ်သောက်နေသည်ကို လမ်းသွားလမ်းလာများက တွေ့မြင်သောအခါ ထိုရဟန်းငယ်ကို မနှစ်မြို့သည့် အမူအရာဖြင့် ကြည့်သွားကြလေ၏။
ထိုရဟန်းငယ်ကတော့ သူ့ကို မနှစ်မြို့သည့် အမူအရာဖြင့် ကြည့်သွားသည်ကိုပင် သဘောမပေါက်နားမလည်ခဲ့ပေ။
မြန်မာလူငယ်တစ်ယောက်က ထိုရဟန်းငယ်ကို တွေ့မြင်၍ ဆေးလိပ်မသောက်ရန်
တောင်းပန် လျှောက်ထားတော့မှ ရဟန်းသံဃာများဆေးလိပ်သောက်ခြင်းကို လူအများက မနှစ်မျို့ကြောင်း သဘောပေါက်နားလည်ခဲ့တော့၏။
ထိုအချိန်မှစ၍ ဆေးလိပ်ကို ယနေ့အချိန်အထိ ဖြတ်ခဲ့ကြောင်း ထို ရဟန်းငယ်လေးက စာရေးသူကို ပြောပြခဲ့ဘူးလေ၏။
တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးသည် တစ်ခါတစ်ရံတွင် ဆေးလိပ်ကို
သောက်တတ်၏။
ဆရာဝန်ဖြစ်သူက ဆေးလိပ်သည် လူ၏အသက်ကိုပါရန်ရှာတတ်သဖြင့် ဆရာတော်ကြီးအား ဆေးလိပ်မသောက်ရန်
လျှောက်ထား၏။
ထိုအခါ တိပိဋကမင်းကွန်းဆရာတော်ကြီးက
“ဒါဆို ဒကာကြီးတို့က ဘာလို့ ဆေးလိပ်လို့ မှည့်ထားတာတုန်း။ ဘေးလိပ်လို့ မှည့်လိုက်ရင် ပြီးရော” ဟုမိန့်ကြားပြီး ဆေးလိပ်ကို ကြိုးစား၍ဖြတ်ခဲ့လေ၏။
မမျှော်လင့်ဘဲ ပြုလုပ်မိသည့် မိမိ၏သေးငယ်သော အပြုအမူကလေးသည်ပင်
သည်မျှလောက် ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားခဲ့ပါလျှင် လူအများမနှစ်မြို့သည့်ကြီးကျယ်သော မကောင်းမှုအကုသိုလ်ဒုစရိုက်ဆိုလျှင် ပတ်ဝန်းကျင်ပါမက သာသနာတော်တစ်ခုလုံး ထိခိုက်ပျက်စီးသွားနိုင်သည်ကို တွေးမိဖို့လိုပေသည်။
တစ်ခါက ဗာရာဏသီပြည်တွင် ရဟန်းဝတ်ဝိဇ္ဇာဓိုရ်တစ်ယောက်သည် နေ့အခါတွင် သုသာန်၌နေ၍ ခြေတစ်ဖက်ဖြင့်သာ ရပ်လျက် နေကိုရှိခိုးကာ မြတ်သောအကျင့်ကို ကျင့်နေသယောင် ဟန် ဆောင်ပြပြီး ညအခါတွင်မူ ဘုရင်မင်းမြတ်၏ မိဖုရားခေါင်ကြီး အခန်းသို့ဝင်၍ မကောင်းမှုကို ကျူးလွန် လေ၏။
ထိုအကြောင်းအရာကို မင်းကြီးသိသောအခါ မိဖုရားကြီးအား ဟင်္သာပြဒါးဖြင့် ကျောပြင်ကို အမှတ်အသားပြုစေ၍ နံနက်လင်း သောအခါ ကျောပြင်တွင် ဟင်္သာပြဒါးအမှတ်အသားရှိသူကို ဖမ်းဆီးစေ၏။
ရဟန်းတုဝိဇ္ဇာဓိုရ်သည် သူ၏အနီးအပါးသို့ မင်းချင်းယောက်ျားတို့ စစ်ဆေးရန် ချဉ်းကပ်လာသည့်အခါ မိမိ၏တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ကောင်းကင်သို့ပျံတက်ကာ ထွက်ပြေးလွတ်မြောက်သွားလေ၏။
ဘုရင်မင်းမြတ်သည် ထိုအကြောင်းကိုသိလေသော် သူ၏နိုင်ငံတွင်းနေ ရဟန်းသံဃာအားလုံးကို တိုင်းပြည်မှ နှင်ထုတ်သော ကြောင့် ဗာရာဏသီတစ်ပြည်လုံး ရဟန်းသံဃာတို့ ဆိတ်သုဉ်းသွားလေတော့၏။
ရဟန်းသံဃာတို့ ဆိတ်သုဉ်းသွားသောအခါ ဆုံးမမည့် သူမရှိရကား တိုင်းသူပြည်သားတို့ သည်
ယဉ်ကျေးမှုမရှိ၊ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းမရှိ။
အကုသိုလ်အမှုများကိုသာ ပြုကျင့်ကြသောကြောင့် ငရဲရောက်သူတို့သာ များကြလေကုန်၏။
ထိုအကြောင်းကို ဘုရားအလောင်းဖြစ်သောသိကြားမင်း စုံစမ်းသိရှိသောအခါ အသက်အရွယ် ကြီးရင့်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးကိုပင့်ဆောင်၍
ကောင်းကင်ခရီးဖြင့် ဗာရာဏသီနန်းတော် သို့လာ၍ ကောင်းကင်၍ရပ်တည်ကာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ရှိခိုးလျက်တည်နေလေ၏။
ဗာရာဏသီမင်းက “အဘယ့်ကြောင့် ငယ်ရွယ်နုပျိုပြီးအဆင်းလှသူဖြစ်ပါလျက်
အသက်အရွယ် ကြီးရင့်သည့် ရဟန်းအိုကြီးအား ရှိခိုးရသနည်း”ဟု
မေးမြန်းပြောဆိုသောအခါ သိကြားမင်းက “ရဟန်း သံဃာဆိုသည်မှာ အရိုအသေအလေးအမြတ်ပြုထိုက်သူများဖြစ် ကြောင်း”
ပြောဆိုဆုံးမပြီး သိကြားမင်း ဖြစ်ကြောင်း အသိပေး၏။
ပစ္စေကဗုဒ္ဓါအရှင်မြတ်က “သင်မင်းကြီး၏ မိဖုရားခေါင်ကြီးကို ပြစ်မှား ကျူး လွန်သူမှာ ရဟန်းမဟုတ်။ ရဟန်းတု ဝိဇ္ဇာဓိုရ်ယောက်ျား တစ်ဦးမျှသာဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်း ပြည်မှ ထွက်ပြေးကုန်သောရဟန်းသံဃာများကို ပြန်လာစေ၍ ဒါနသီလဘာဝနာတရားတို့ကို
ပြုကျင့် သင့်ကြောင့် ဆုံးမသြဝါဒပေးသည့်အခါမှ ဗာရာဏသီမင်း သည် အမြင်မှန်ရ၍ တိုင်းပြည်မှ ထွက်ပြေး ကုန်သော ရဟန်းသံဃာအားလုံးကို ပြန်လာစေ၏။
ထိုအခါမှ ဗာရာဏသီပြည်သူပြည်သား တို့သည် ရဟန်းသံဃာတို့၏အဆုံးအမ၌တည်ကာ
ဒါနသီလဘာဝနာတရားများကို အားထုတ်ကြသောကြောင့် နတ်ပြည်သို့
ရောက်ကြရလေကုန်၏။
ဤဇာတ်တော်၌ ရဟန်းတုဝိဇ္ဇာဓိုရ်ယောက်ျား၏အပြုအမူသည် စက်ဆုတ်ရွံရှာဖွယ်ကောင်းလှ၍ ဖမ်းဆီးအပြစ်ပေးသင့် သည်ကား မှန်ပါ၏။
သို့သော် တိုင်းပြည်ရှိ ရဟန်းသံဃာအားလုံးသည် သူကဲ့သို့ပင် ပြုကျင့်ကြလိမ့်မည်ဟု ပုံသေစွဲကာ ဘာသာအယူဝါဒ တစ်ခုလုံးကို ကွယ်ပသွားအောင်ကား မပြုကျင့်သင့်ဆိုသည်ကို စဉ်းစားမိဖို့တော့ လိုပေသည်။
ယနေ့ခေတ်တွင်လည်း ဗရုတ်သုက္ခနိုင်လှသော ရဟန်းသာမဏေများကိုကြည့်၍
ဒကာဒကာမ အများစုက “အရှင်ဘုရားတို့လည်း ဒီပုတ်ထဲက ဒီပဲပါပဲ” ဟုစွဲယူကာ အထင်အမြင်သေးပြီး ကိုးကွယ်မှု တို့ လျော့နည်းသွားကြသည့်အဖြစ်အပျက်များ မကြာခဏဆိုသလို ကြားသိနေရ၏။
ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်၏ အပြုအမူအပြောအဆိုသည် ဘုရားအဆုံးအမတည်းဟူသော သာသနာတော်နှင့် မည်သို့ မျှ မသက်ဆိုင်သည်ကို နားလည်သဘောပေါက်ထားပါမှ မိမိ၏ယုံကြည်
ကိုးကွယ်မှုသဒ္ဓါတရားတို့ မပျက်စီးဘဲ ကြည်ညိုဆည်းကပ်နိုင် မည်ဖြစ်ပါ၏။
ထို့ကြောင့် ရဟန်းသံဃာတော်တို့အနေဖြင့် လူအများအထင်အမြင်သေးစေနိုင်မည့် အပြုအမူ အပြောအဆိုများ ကို ရှောင်ရှားကာ သာသနာတော် မျက်နှာပန်းလှစေမည့် အပြုအမူများကိုသာလျှင် ပြုလုပ်သင့်ပေသည်။
သို့မှသာ သာသနာလည်းဂုဏ် တင့်၊ မိမိလည်း ဂုဏ်မြင့်မည်ဖြစ်ပေသည်။
ထိုသို့မဟုတ်ဘဲ ငါရဟန်း၊ ငါလုပ်ချင်တာလုပ်မည်၊ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟုခံယူ၍ မကောင်းသည့် ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို ပြုလုပ်ပြောဆိုကြံစည်နေပါက ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်ရမည့်ကိန်း ဆိုက်သွားမည်ကား သေချာ လှပေသည်။
ရဟန်းဖြစ်၍ လူဝတ်ကြောင်ပုဂ္ဂိုလ်က ပြန်လည်ချေပပြောဆိုခြင်းမပြုသော်လည်း
အင်တာနက် ပေါ်တွင် ကိုယ့်အကြောင်းကို ဖောက်သည်ချ၍ ဝေငှလိုက်ပါက မိမိတို့မှီခိုနေရသော သာသနာသည် တစ်ဖြည်းဖြည်းနှင့် ဘောင်ကျဉ်းသွားနိုင်သည် ဆိုသည်ကို မေ့ထား၍မရပေ။
ယနေ့ခေတ်သည် သတင်းနှင့်မီဒီယာခေတ်ဖြစ်ရကား ရဟန်းတစ်ပါး၏မကောင်းသတင်းသည် သာသနာတွင်းသား ရဟန်းအားလုံးကိုပင် ရိုက်ခတ်သွားနိုင်လေ၏။ ရဟန်းတုဝိဇ္ဇာဓိုရ်ယောက်ျား၏ အပြုအမူကြောင့် ဗာရာဏသီပြည်တွင် သာသနာကွယ်ခဲ့ရသကဲ့သို့ဖြစ်သွားနိုင်လေ၏။
ထို့ကြောင့် သာသနာတွင်းသား ရဟန်းသာမဏေများသည် မိမိကြောင့် သာသနာတော်
သိက္ခာကျအရှက်ရစေမည့် အပြုအမူ အပြောအဆိုများကိုရှောင်ရှားကာ မကြည်ညိုသေးသူတို့ ကြည်ညိုစေရန် ကြည်ညိုပြီးသူတို့ ပို၍ကြည်ညိုစေရန် နေထိုင်ပြုမူပြောဆို ရမည်ဖြစ်သကဲ့သို့
ရဟန်းသံဃာများကို ကိုးကွယ်ဆည်းကပ်နေသော ဒါယကာ ဒါယိကာမများအနေဖြင့်လည်း ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏အပြု အမူကိုကြည့်၍ “ကျန်သည့်သူများလည်း ဒီပုတ်ထဲကပဲ ဒီပဲပါပဲ” ဟု မဆုံးဖြတ်ကြဘဲ သာသနာတော် ၏အနှစ်သာရဖြစ်သော ဒါနသီလဘာဝနာတို့ကိုပွားများ အားထုတ်ကြကုန်ရာ၏။
တစ်ခါက ခရစ်ယာန်ဘာသာဝင်များနှင့် တရင်းတနှီးနေလေ့ရှိသော
မြန်မာဗုဒ္ဓဘာသာလူငယ် တစ်ဦးက စာရေးသူကို ဘာသာ
ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ဖူး၏။
သူ၏ဆွေးနွေးချက်များမှာ
ဘာသာတရား၏အနှစ်သာရထက် ဗုဒ္ဓဘာသာရဟန်းတစ်ပါး၏ အကြောင်းအရာများသာဖြစ်သည်ဟု ဆိုက ပို၍မှန်၏။
အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်လေးက ဗုဒ္ဓဘာသာရဟန်းအများစုသည် တရားဘာဝနာကိုလည်း အားမထုတ်၊ စာပေပရိယတ္တိကိုလည်း မသင်ကြား၊ လူဝတ်ကြောင် ဒါယကာ
ဒါယိကာမများလှူဒါန်းသော လှူဖွယ်တန်းဖွယ်များကို အခမဲ့ စားသောက်နေသောကြောင့် သူ့အနေ ဖြင့် မကျေနပ်ကြောင်း၊ ထို့ကြောင့် သူ့သူငယ်ချင်းများ ကိုးကွယ်သော ခရစ်ယာန်ဘာသာသို့ပြောင်းဖို့ ရည်ရွယ်နေကြောင်း စာရေးသူကို ပြောပြ၏။
စာရေးသူက ဘာသာတရား၏အနှစ်သာရသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်မည်သို့မျှ
မသက်ဆိုင်ကြောင်း၊ ကိုယ်ကိုယ်တိုင်က ဘာသာတရား၏အနှစ်သာရကို သိအောင်လေ့လာအားထုတ် ထားပါမှ ဘာသာတရားကို လေးစားမြတ်နိုး တန်ဖိုးထားနိုင်ကြောင်း ပြောပြ ပြီး ဘာသာမပြောင်းဖို့ ဆုံးမခဲ့ရ၏။
ယနေ့ခေတ် ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုသည် ဘုန်းကြီးနှင့်ဘာသာတရားကို ကွဲကွဲပြား ပြားမသိရှိကြဘဲ ရောထွေးလျက် မြင်နေကြသည်ကိုတွေ့ရ၏။
မကောင်းသောဘုန်းကြီးတစ်ပါးပါးကို တွေ့မြင်လျှင် ကိုယ်တော်တို့ ဗုဒ္ဓဘာသာက မကောင်းဘူး။ လုပ်ချင် တာလုပ်တာပဲဟူသော ကဲ့ရဲ့မှုမျိုး ကို ကျူးလွန်တတ်ကြ၏။
ဘာသာတရားနှင့်ဘုန်းကြီး၊ ဘုန်းကြီးနှင့်ဘာသာတရားသည် တခြားစီဖြစ်သည်ကို သဘော ပေါက်နားလည်ထားဖို့လိုပေသည်။
ထိုသို့ပုဂ္ဂိုလ်နှင့်ဘာသာတရား ကွဲပြားအောင်နားလည်ထားပါမှ ဘာသာအယူဝါဒကူးပြောင်းခြင်းမှ
ရှောင်ကြဉ်နိုင်မည်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ အားလုံး ဘာသာတရား၏အနှစ်သာရကို မိမိနှလုံးအိမ်သို့ရောက်အောင် လေ့လာအားထုတ်ပြီး
ဘာသာအယူဝါဒကူးပြောင်းခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေဟု.......

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>