လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အစွန်း မရောက်ကျစေ ဖို့

1:03 PM  တွတ်တွတ် 

ဗုဒ္ဓဘာသာဆိုတာ အမှားအမှန်ကို အကျိုးအကြောင်းကို မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားပြီးတော့ ဝိဘဇ္ဇဝါဒဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားဥာဏ်ကို အခြေခံပြီးတော့ ဤကားကုသိုလ် အကုသိုလ်ဆိုပြီး ကိလေသာတွေကို ပယ်သတ်ပြီး ငြိမ်းအေးရာ ဘဝကို လက်ရှိဘဝမှာသာမက နောင်ရေးပါကောင်းအောင် လမ်းညွှန်ပေးနိုင်တဲ့ ဘာသာတရားပါ။

ဤအကြောင်ကို ထင်ရှားသိသာအောင် ညွှန်ပြရမယ်ဆိုရင် မြတ်ဗုဒ္ဓရဲ့ အင်္ဂုတ္တိုရ် (မြန်မာပြန်) တိကနိပါတ် ကေသမုတ္တိသုတ်မှာ အချက်ဆယ်ချက်နဲ့ ပြဆိုထားပါတယ်....

မာအနုဿဝေန = တစ်ဆင့်စကား ပြောသံကြားကာမျှကို ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့်၊ လက်မခံကြလေနှင့်။
မာပရမ္မရာယ = ရိုးရာအစဉ်အလာနှင့် ကိုက်ညီသော စကားဖြစ်၍လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်။
မာက္ကတိကိရာယ = ရှေးက ဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ( ထုံးတမ်းအစဉ်အလာ အရလည်း ) ဟုတ်ပြီမှန်ပြီဟု
ချက်ချင်းအတည် မယူလေနှင့်။
မာပိဋက သမ္ပဒါနေန = ပိဋက ( စာပေ ) နှင့် ( ကျမ်းဂန်နှင့် ) ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီ ဟုချက်ချင်း အတည်မယူလေနှင့်။
မာတက္က ဟေတု = မိမိကိုယ်တိုင် တွေးကြံနိုင်ရုံ မျှနှင့်လည်း ( ဆင်ခြင်တုံတရားနှင့် ညီသည် ယုတ္တိရှိသည်ဆိုပြီး ) ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်။
မာနယ ဟေတု = နည်းမှီ ရယူရုံဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်။
မာအာကာရ ပရိဝိတက္ကေန = အခြင်းအရာကိုကြံစည် စိတ်ကူးပြီး ( သဘောကျရုံဖြင့် ) လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး )။
မာဒိဋ္ဌိနိဇ္ဈာန ခန္တိယာ = ငါတို့သဘောကျ လက်ခံထားတဲ့ အယူဝါဒ နှင့် ကိုက်ညီတယ်ဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး )။
မာဘဗ္ဗရူပ ပတာယ = မှတ်ထိုက် ယူထိုက် လက်ခံထိုက် တဲ့ သဘောပဲ ဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး )။
မာသမာဏော နောဂရုတိ = ငါတို့လေးစားတဲ့ ရဟန်း ရဲ့စကားဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီ ဟုချက်ချင်း အတည်မယူလေနှင့်


ဤသို့ ပယ်သင့်သော အချက်ကြီးဆယ်ချက်ကို ညွှန်ပြတော်မူရုံမျှ မကသေး၊ ထိုကာလာမသုတ်တွင် အယူဝါဒတစ်ခု၏ အမှန်အမှားကို ဆုံးဖြတ်ရာတွင် လူတို့ လိုက်နာသင့်သော စံဥပဒေသတွေကိုလည်းချမှတ် ပေးတော်မူလေသည်။

မကောင်းတဲ့ အကုသိုလ် တရားတွေ
အပြစ်ရှိတဲ့ တရားတွေ
ပညာရှိ သူတော်ကောင်းတို့ကလည်း ကဲ့ရဲ့မည့် တရားတွေ
ပြီးတော့ လက်တွေ့လုပ်ဆောင်လျှင်လည်း အကျိုးစီးပွားမဲ့ဖို့သာ ဖြစ်တယ်၊ ဆင်းရဲဖို့အကြောင်း ရှိတယ်လို့ဆိုရင်
အဲဒီတရားတွေကို မိမိကိုယ်တိုင် သိမြင်တာနဲ့ တစ်ပြိုင်နက် စွန့်ပယ်သင့်တယ်လို့ ဟောကြားတော်မူပါတယ်။
အဲဝေဖန်ပိုင်းခြားနိုင်တယ် အဝေဖန်ခံနိုင်တယ်ဆိုတော့ တလွဲလုပ်ချင် ပြောချင်ကြတဲ့ သူတွေကိုလည်း အရှင်ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)ရဲ့ စာလေးကို ဖတ်စေချင်ပါတယ်...

“ကိုယ်ဝယ်ယူမည့် ပစ္စည်းကိုသာ အတု နဲ့အစစ် ခွဲခြမ်း စိစစ်ရမှာ၊ တစ်ဈေးလုံး မှာရှိသမျှ ပစ္စည်းတွေကို အတု အစစ် ဝေဖန် စွပ်စွဲနေရမှာ မဟုတ်ဘူး။” တဲ့ဗျာ...
ကဲဆက်ဖတ်ကြည့်ရအောင်ဗျာ...

စာပေညီအစ်ကိုတော်တစ်ဦးနဲ့ စကားဝိုင်းဖွဲ့မိရာက ‘၀ိဘဇ္ဇ ၀ါဒ’ ဆီ စကားစပ်မိသွား တယ်။ “မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က ‘၀ိဘဇ္ဇ ၀ါဒ’ ဖြစ်တယ်လို့ မိန့်ကြားထားတော့ ‘ဗုဒ္ဓ၀ါဒဆိုတာ ဝေဖန်ရေးဝါဒ’ လို့ ဆိုရင် ရမလား”တဲ့ ။‘၀ိဘဇ္ဇ၀ါဒ’ ဆိုတဲ့စကားကို ဒီနေ့စာပေနယ်မှာ ပြောဆိုနေကြတဲ့ ဝေဖန်ရေး ဆိုတာနဲ့ အတူတူလို့ပြော ဆိုနေကြတာ အရင်ကလည်း ကြားနေပါတယ်။ ‘ ၀ိဘဇ္ဇ ၀ါဒ’နဲ့ ပတ်သက်လို့ စံနမူနာအဖြစ် ထုတ်ပြလေ့ရှိတဲ့ ‘ကေသမုတ္တိသုတ်’ ကို ဟောတော်မူရတဲ့ အကြောင်း နိဒါန်းနဲ့ ဟောကြားတဲ့ စကားရပ်များကို သေသေချာချာ လေ့လာကြည့်ဖို့ လိုပါတယ်။ကသမုတ္တိ လို့ခေါ်တဲ့ တိုက်နယ်မှာ နေကြတဲ့ ကာလာမအမျိုးအနွယ်တို့ထံ ဘာသာရေး ဂိုဏ်းဆရာတွေ အသီးသီးက သူတို့ရဲ့ဝါဒတွေကို လာရောက်ဟောကြား နေကြတော့ ဂိုဏ်းအမျိုးမျိုး၊ အယူဝါဒအမျိုးမျိုးတွေ ရှုပ်ထွေးပြီး ဘာကိုပယ်လို့ ဘာကို လက်ခံလိုက်နာ ရမည်ဆိုတာ မခွဲခြားတတ်အောင် ဖြစ်နေချိန်မှာ မြတ်စွာဘုရားရှင် ကြွ ရောက်တော်မူလာတော့ ကာလာမအနွယ်တွေက သူတို့ကြုံတွေ့နေရတဲ့ ပြဿနာကို လျှောက်ထားတယ်။ဟောပြောသူ တွေကလည်း “အပြောသန် အမှန်ရောက်” ဆိုတဲ့သဘောမျိုးနဲ့ ပြောဟော ကြသလို နာယူသူ တွေကလည်း အပြောပိုင်သူကို အနိုင်ပေး လက်ခံတတ် ကြတာဟာ မောဟ ထူပြောလှတဲ့ လောကကြီးထဲမှာ သံသရာနဲ့ ချီလာပြီဖြစ်တဲ့ အမွေ ဆိုး ကြီးတစ်ခုပါ။

ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ကာလာမအနွယ်တို့ကို…“ကဲ လာကြ ကာလာမတို့၊ တစ်ဆင့်ကြားတွေကိုလည်း အသာထားလိုက်၊ အဆက်ဆက် ပြောစမှန်ပြုခဲ့လို့ သမ္ဘာရင့်လှပါပြီ ဆိုတာတွေ၊ ဟိုမှာ ဟိုလိုဆိုတဲ့ ကောလဟလတွေစတဲ့ တစ်ဖက်သား နားကျလောက်တဲ့ ပုဂိုလ်အရှိန်အ၀ါ၊ ကျမ်းဂန် အထောက်အထားတွေစတဲ့ ယုတ္တိယုတ္တာတွေနဲ့ လူကြိုက်များတာကိုလည်း ဘေးချိန် ထားလိုက်ကြ၊ အခု ငါဘုရားရှင် ပြောမည့်စကားကို သင်တို့ ဘယ်လိုသဘောရကြသလဲ” ဆိုပြီး လောဘ ဒေါသ မောဟ ထူပြောသူ ကင်းရှင်းသူတို့အနက် ဘယ်လိုလူဟာ အပူကြွေးထပ်ပြီး ဘယ်ပုဂိုလ်များကို အအေးဓာတ် ရမလဲစတဲ့ အမေးအဖြေများနဲ့ ဝေဖန် စစ်ဆေးခို်င်းပါတယ်။

ဒီသုတ်ရဲ့ သဘောသွားကိုကြည့်လိုက်ရင် ကိုယ်နှင့်မဆိုင်တာ၊ ကိုယ်မကျွမ်းကျင်ရာ တွေကို ဝေဖန်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ်လက်ခံကျင့်သုံးရမည့် အယူဝါဒ လမ်းစဉ်နဲ့ ပတ်သက်လို့ ကိုယ်ရည်မှန်းတဲ့ အပူကင်းဝေးပြီး ကိုယ်ပိုင်ဆုံးဖြတ်ခိုင်းလိုရင်း ဖြစ်ပါတယ်။သဘောကတော့ ဈေးထဲမှာ ပစ္စည်းတစ်ခုခု ၀ယ်တော့မယ်ဆိုရင် ကိုဝယ်မယ့် ပစ္စည်းကိုသာ ကိုယ့်အတွက် အသုံးဝင်မည့်ပစ္စည်းမျိုး ဟုတ်မဟုတ်နဲ့ အမျိုးအစား မှန် မမှန်ကို စိစစ်ဝေဖန်ခွဲခြားကြည့်ရမှာပါ။ တစ်ဈေးလုံးမှာရှိသမျှ ပစ္စည်းတွေကို အတုလား အစစ်လား လို့ ခွဲခြား ဝေဖန် အပြစ်တင်စွပ်စွဲကြရမှာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ ၀ိဘဇ္ဇ၀ါဒ ဆိုတာ ဒီလိုသဘော မျိုးပါ။ ဒါဆို ဒီနေ့ ဘယ်လိုခြားနားတယ်ဆိုတာ အကဲခတ်လို့ရ လောက်ပါတယ်။

ဘုရားအစရှိတဲ့ အရိယာသူတော်စဉ်တို့ရဲ့ ပင်ကိုယ်သဘောက သူတစ်ပါးကို အပြစ် ပြောဝေဖန်တာမျိုးကို ရှောင်ရှားလေ့ရှိပါတယ်။ ဒီဃနိကာယ် “သာမညဖလ”သုတ်မှာ အဇာတသတ်မင်းကြီးက မြတ်စွာဘုရားထံမှာ ရဟန်း(သမဏ)ပြုလုပ်ကျင့်သုံးရခြင်းရဲ့ မျက်မှောက် ထင်ရှားတဲ့ အကျိုးတရားများကို မေးလျှောက်ပါတယ်။ ရဟန်း(သမဏ)ဆို တာ အဲဒီခေတ် အသုံးအနှုန်းအရ အိမ်ရာတည်ထောင်တဲ့ လူ့ဘောင်ကိုစွန့်ခွာပြီး ကျင့်သုံး နေထိုင်သမျှအားလုံးကို ခေါ်ဝေါ်ပြောဆိုကြတာဖြစ်လို့ မြတ်ဗုဒ္ဓ သာသနာတော်မှ အပဖြစ်တဲ့ ဂိုဏ်းဆရားကြီးများထံမှာ ၀င်ရောက် နေထိုင်ကြသူတို့နဲ့လည်း ပတ်သက် နေပါတယ်။ဘယ်လိုအဆုံးအမ သာသနာမျိုးမှာ ကျင့်သုံးသူဟာ မျက်မှောက် အကျိုးရတယ်၊ မရဘူးဆိုတဲ့ အဖြူ နဲ့ အမည်း ကွဲပြားအောင် ရှင်းပြနိုင်ဖို့အတွက် တခြားဂိုဏ်းဆရာကြီး တွေရဲ့ ၀ါဒကို မလွှဲမရှောင်သာ ဖော်ပြရတော့မယ့် အခြေအနေနဲ့ ကြုံလာတဲ့အခါ မြတ်စွာ ဘုရားက အဇာတသတ်မင်းကိုပဲ ပြန်မေးတယ်။“ဒီပြဿနာနဲ့ ပတ်သက်ပြီး တစ်ခြား ဂိုဏ်းဆရာကြီးများကတော့ ဘယ်လိုဖြေကြား ကြသလဲ”ဆိုပြီးတော့ပေါ့။မြတ်စွာဘုရားရှင် ကိုယ်တိုင် သိပြီးဖြစ်ပါလျက်နဲ့ ဘာဖြစ်လို့ ကိုယ်တော်တိုင် တခြား ၀ါဒများကို ဖော်ထုတ်ပြပြီး အဖြူ နဲ့ အမည်း ကို နှိုင်းယှဉ်မဟော ရတာလည်း ဆိုတော့ တကယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် တခြားဝါဒတွေကို ထုတ်ဖော်ဟောကြား မယ် ဆိုရင် အဇာတသတ်မင်းရဲ့ ပရိသတ်ထဲမှာ တခြားဝါဒကို လက်ခံယုံကြည်ကြသူတွေ လည်း ပါကြလို့ သူတို့စိတ်ထဲမှာ ဂေါတမမြတ်စွာဘုရားရှင်က တခြားဝါဒတွေရဲ့ အပြစ်ကို ဖော်ထုတ်ပြီး ‘တရားကင်း’ပြောနေတယ်လို့ အထင်မှားနိုင်စရာရှိလို့ ကိုယ်တိုင်ထုတ်ဖော် မပြဘဲ အဇာတသတ်မင်းကြီးကိုသာ သူအတွေ့အကြုံ သူလျှောက်ထားစေခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင် ထုတ်ဖော်မပြဘဲ အဇာတသတ် မင်းကြီးကိုသာ သူ့အတွေ့အကြုံ သူလျှောက်ထား စေခဲ့တာ ဖြစ်တယ်လို့ အဋ္ဌကထာဆရာက ရှင်းပြပါတယ်။

မြတ်စွာဘုရားရှင် ပရိနိဗာန်စံတော်မူခါနီးမှာ သုဘဒ္ဒပုရဗိုဇ်က တခြားဂိုဏ်းဆရာ ကြီးများရဲ့ ၀ါဒနဲ့ ပတ်သက်ပြီး မှားသလား၊ မှန်သလား ခွဲခြားဟောတော်မူဖို့ လျှောက် ထားတဲ့အခါမှာလည်း မြတ်စွာဘုရားရှင်က “အလံသုဘဒ္ဒ- ဒါတွေမလိုအပ်ဘူး သုဘဒ္ဒ လို့ မြစ်ပယ်တော်မူပြီး မဂ္ဂင်ရှစ်ပါး တရားလမ်းစဉ်မှန်ကို ဟောညွှန်ပြနိုင်သူသာ ‘သဗ္ဗညူ’ ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ကျင့်သုံးနိုင်တဲ့ သာသနာတော်မှာသာ ဒုက္ခ ခပ်သိမ်းအေးငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အရိယာပုဂ္ဂိုလ်များရှိနိုင်တယ်”လို့ မိန့်ကြားပြီး သာသနာအစစ် နဲ့ အတုကို ခွဲခြားနိုင်တဲ့နည်းကိုပဲ ဟောပြတယ်။ သူတစ်ပါး ၀ါဒကို ဝေဖန်တာမလုပ်ခဲ့ဘူး။ဒီဖြစ်ရပ်တွေကို စဉ်းစားကြည့်ရင် မြတ်ဗုဒ္ဓရဲ့ ၀ိဘဇ္ဇ၀ါဒ ဆိုတာ မိမိလက်ခံမည့် တရားနဲ့ ပတ်သက်ပြီးတော့သာ မှန်း မှန် ကောင်း ဆိုး ခွဲခြားဝေဖန်ရမှာဖြစ်တယ်။

ကိုယ်နဲ့ မဆိုင်တာကို ဝေဖန်ရေးအမည်ခံပြီး အတင်းအဖျဉ်းပြောဆိုရမယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း ထင်ရှား သိသာ ပါလိမ့်မယ်။စစ်မှန်တဲ့ ၀ိဘဇ၀ါဒကို နားလည် အသုံးပြုနိုင်ကြပါစေ။

မဟာယနနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ


မြတ်စွာဘုရားရှင်ဟာ သူ့ရဲ့ နောက်ဆုံးအချိန်မှာ ညီတော်အာနန္ဒာကို တစ်ခုမှာတယ်။`ညီတော် အာနန္ဒာ၊ ငါဘုရား လွန်သောအခါ သံဃာတော်တို့သည် ပညတ်ထားတဲ့ သိက္ခာပုဒ်တွေထဲမှာ အငယ်စား အသေးအနုပ် (ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တွေကို နုတ်ပယ်လိုက နုတ်ပယ်လော့´ ။ ဒီလိုမှာခဲ့တယ်။ ဒါပေမယ့် သောကတွေနဲ့ ပူဆွေးနေတဲ့ အာနန္ဒာက အငယ်စား အသေးအနုပ် (ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တွေဟာ ဘာတွေလဲ ဘုရား ဆိုတာ မေးလျှောက်ဖို့ မေ့နေခဲ့တယ်။ သူကလဲ အဲဒီတုန်းက သောတာပန်ပဲ ရှိသေးတာကိုး။

ဒီတော့ ပထမ သံဃာယနာမှာ ဘာတွေကို ပယ်မလဲ ဆိုတာ ဆွေးနွေးကြတော့ အရှင်မဟာကဿပ က - `ဗုဒ္ဓကိုယ်တော်ရှင်မြတ် ပြုထားတဲ့ အရာတွေကို ဗုဒ္ဓရှင်တော်သာ ပယ်ဖျက်သင့်တယ်။ တကယ်လို့ တို့က ပယ်ဖျက်တယ်ဆိုပါတော့ ၊ ပုထုဇဉ် ရဟန်း၊ရှင်လူတွေက ကြည့်စမ်း - ဗုဒ္ဓပရိနိဗ္ဗာန်ပြုလို့ တေဇောဓာတ်တောင် မငြိမ်းချင်သေးဘူး၊ သူ့တပည့် ဆိုတဲ့ သံဃာတွေက သူ့စကားတွေကို ပယ်ကုန်ကြပြီလို့ ဆိုကြလိမ့်မယ်။ ဒီလို အကြည်ညိုပျက်ရင်( ရဟန္တာတွေကို စော်ကားပြောဆိုမိရင်) သူတို့ အပြစ်ဖြစ်ကုန်လိမ့်မယ် ။ဒီတော့ ဗုဒ္ဓမိန့်ကြားချမှတ်ခဲ့တဲ့ ၀ိနည်းတွေကို နဲနဲမှ မပြင်ကြပါနဲ့´ လို့ မိန့်ကြားခဲ့တယ်။

(ဒီမိန့်ကြားချက်အတိုင်း မြန်မာနိုင်ငံအပါအ၀င် ထေရ၀ါဒ နိုင်ငံများက သံဃာတော်များ အစဉ်အဆက်လိုက်နာ ကျင့်သုံးခဲ့ကြတာ ယနေ့အထိပါပဲ။)

ဒုတိယအကြိမ် သံဃာယနာတင်ရာမှာ စင်ပြိုင်သံဃာယနာတင်ခဲ့တဲ့ မဟာသံဃိကဂိုဏ်းကနေ စပြီးတော့ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ မဟာယနဂိုဏ်းခွဲတွေကတော့ မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမိန့်မှာချက်ကို ကိုင်စွဲပြီး ကြိုက်သလို ပြင်ဆင်လာခဲ့လို့ ကွဲပြားမှုတွေ ဖြစ်နေရပါတယ်။

ဟိနာယနလို့ ရည်ညွှန်းခံရတဲ့ အိန္ဒိယမှ ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေဟာလည်း ကွယ်ခဲ့ပြီဖြစ်လို့ ဟိနာယနဆိုတဲ့စကားလုံးကို မြန်မာ၊သီရိလင်္ကာ၊ ထိုင်း၊လာအို၊ ကမ္ဗောဒီးယားနိုင်ငံများက ထေရ၀ါဒကို ရည်ညွှန်းရာမှာမသုံးနှုန်းတော့ဖို့ ၁၉၅၀ မှာကျင်းပတဲ့ ကမ္ဘာဗုဒ္ဓဘာသာဝင်ညီလာခံက တောင်းဆိုခဲ့ပါတယ်။ ဒီတော့ အဓိကနှိုင်းယှဉ်ဖို့ ထေရ၀ါဒနဲ့ မဟာယနပဲ ကျန်ပါတော့တယ်။

မဟာယနသည် အဓိကအားဖြင့် အိန္ဒိယမြောက်ပိုင်း၊ တရုတ်၊ တိဘက်၊ ဂျပန်၊ မွန်ဂိုလိယ၊ ကိုရီးယား နှင့် ဗီယက်နမ် နိုင်ငံများတွင် တွေ့ရလေ့ရှိပြီး ထေရ၀ါဒသည် အိန္ဒိယ တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ သီရီလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် ရှင်သန်ထွန်းကားပါတယ်။

ထေရ၀ါဒနဲ့ မဟာယာန ဘာကွာလဲ ဆိုတာကို Ven. Dr. W. Rahula ရဲ့ Theravada-Mahayana Buddhism စာအုပ်မှာ အခုလိုပြောထားပါတယ်...

(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို ဆရာ အဖြစ်လက်ခံကြတယ်။

(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ထက်လုံးက အပြည့်အ၀ လက်ခံကြတယ်။

(၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်ဟာလဲ နှစ်တက်လုံးရဲ့ တရားပါပဲ။

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ဟာလဲ နှစ်ဖက်လုံးမှာ အတူတူပါပဲ။

(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပါဘူး။

(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲပ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်ရဲ့အဓိက တရားအနှစ်တွေမှာ မကွဲပြားဘူးလို့ ဆိုရပါမယ်။

အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ဘဲနဲ့ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ဒီတော့ တချို့က ဆိုပြန်တယ်။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒလို့ ဆိုကြပြန်တယ်။ ထေရ၀ါဒမှာ ဗောဓိသတ္တဟာ လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အစုံပါပဲ ။

ထေရ၀ါဒ ဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။ ထေရ၀ါဒ ဂိုဏ်းသည် ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း မှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိ တိပိဋက (ပိဋကတ် သုံးပုံ)အတိုင်း အစဉ်တစိုက် လက်ခံပါသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း နှင့် အနာဂါတ် မျိုးဆက်အဆက်က် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆုံးအမများ ဆိုရာတွင် လူပုဂ္ဂိုလ်များအား လွတ်မြောက်ရာကို မည်သို့ ရှာဖွေရမည်ကို ညွှန်ပြနိုင်စွမ်း အပြည့်အ၀ ရှိသော လွတ်မြောက်ရေး အဆုံးအမ လမ်းညွှန်မှုများ ဟု ယူဆရပေမည်။

အဆုံးအမများကို မူလပုံစံမှ ပြင်ဆင်လိုက်လျှင် သို့မဟုတ် တစ်နည်းနည်း ပြောင်းလဲလိုက်လျှင် ထိရောက်မှုသည် အချိန်နှင့်အမျှ လျော့ပါးသွားဖွယ် ရှိပေသည်။

ထေရ၀ါဒ ထုံးထမ်းအရ ပါဠိတိပိဋက၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏ အဆုံးအမများ ရှိသည် (ဆိုလိုသည်မှာ တိပိဋိကတွင် မှတ်တမ်း တင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော် ) ဟူသော ခံယူချက်ကိုလည်း ပစ်ပယ်ပါသည်။ ထို့ကြောင့် ပင်လျှင် ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့် ကြာမှ စတင် ပေါ်ထွန်းလာသော် မဟာယန သုတ္တန်များကို ထေရ၀ါဒက စစ်မှန်သည်ဟု လက်မခံကြပါ။

ဗုဒ္ဓအဆုံးအမများကို အဓိက ထိန်းသိမ်းနေသူများမှာ သံဃာ ဟု ခြုံငုံခေါ်ဝေါ်သော ရဟန်းတော်များပင် ဖြစ်ပါသည်။ ထေရ၀ါဒ သံဃာတို့သည် ဗုဒ္ဓက သတ်မှတ်တော်မူခဲ့သော၊ ၀ိနယပိဋကတွင် မှတ်တမ်းတင်ထားသည့် ရဟန်းဆိုင်ရာ ကျင့်ဝတ်တို့ကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးကြသည်။ ထို ရဟန်းဆိုင်ရာ ကျင့်ဝတ်များသည် ဗုဒ္ဓ၏အဆုံးအမများကို ကောင်းစွာတည်တံ့စေရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု ထေရ၀ါဒ သံဃာများက လက်ခံကြသည်။

ဖားအောက်ဆရာတော်ဘုရား ဟောကြားတဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်မှာလည်း ဒီအကြောင်းတွေပါ ပါတယ်။ မဟာယာန မှာ က အရဟတ္တဖိုလ်ရပြီးသာ ရဟန္တာပုဂ္ဂိုလ်ဟာ ဒီ အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်တဲ့။

ဂိုဏ်းနှစ်ခု၏ အဓိက မတူညီမှုမှာ မတူညီသော ဦးစားပေးမှုများနှင့် သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ ဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို လိုက်နာခြင်းဖြင့် လွတ်မြောက် ငြိမ်းအေးခြငး နိဗ္ဗာန တရားမြတ်ကို မျက်မှောက်ပြုရေး နောက်ဆုံး အန္တိမပန်းတိုင်ကား အတူတူပင် ဖြစ်သည်။

စေတီဆိုတာ

စေတီကို ကာလိင်္ဂဗောဓိ ဇာတ်တွင် ဥဒ္ဒိဿစေတီ၊ သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဟူ၍ သုံးမျိုး စတင်ဟောကြားခဲ့ပါသည်။
သာရီရိကစေတီမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ကိုယ်တော်မှဖြစ်သော ဓာတ်တော် မွေတော်များဖြစ်၍ ယင်းတို့ကို ဌာပနာပြီး ဓာတုစေတီတော်အဖြစ် ပူဇော်ကိုးကွယ်ကြသည်။

တရားဓမ္မက္ခန်များကို ဓမ္မစေတီခေါ်သည်၊ ဘုရား၏ပုံတော်ကို ရည်မှန်းခြင်း၊
ပုံတော်ထုလုပ် ကိုးကွယ်ခြင်းကို ဥဒ္ဒိဿစေတီ ခေါ်သည်။
သပိတ်တော် တောင်ဝှေးတော် ရေသနုပ်တော် စသည်များနှင့် ဗောဓိညောင်ပင် စသော အသုံးအဆောင်တော်များကို ပရိဘောဂစေတီ-ဟု ခေါ်ပါသည်။

ကာလိင်္ဂဇာတ်တွင် သုံးမျိုးသာ လာရှိသော်လည်း နောင်တွင် လေးမျိုးပူဇော်ခဲ့ကြပါသည်၊ ထို့နောက်တွင် ပူဇော်စရာ အနေဖြင့် မြတ်စွာဘုရားက ထင်ရှားပြတော်မူသော စက်လက္ခဏာတော်အပြည့်အစုံနှင့် ခြေတော်ရာကို ကိုးကွယ်ရာ တပါးပြု၍ ပါဒစေတီ-ဟု ထင်ရှားလာပါသည်။
ထိုခြေတော်ရာကို အကြောင်းပြု၍ မာဂဏ္ဍိယပုဏ္ဏားကြီး ဇနီးမောင်နှံ, သစ္စဗန္ဓထေရ် စသည်တို့ ရဟန္တာဖြစ်ကြသဖြင့် ပါဒစေတီမှာလည်း ကိုးကွယ်ရာ ဖြစ်ပေါ်လာခဲ့ပါသည်၊

Ref: ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)

ဤစေတီလေးမျိုးကို ပူဇော်သောသူတို့မှာ ဘုရားမြတ်စွာကို သက်ရှိ ထင်ရှား ပူဇော်နေရသည်ဟု စိတ်ဝယ်ဖြစ်ပေါ် စေနိုင်သဖြင့် ကောင်းမြတ်သော ကုသိုလ်ကိုဖြစ်စေပြီး၊ ကောင်းမြတ်သော ချမ်းသာကိုရရှိစေနိုင်သည်ဟု ဗုဒ္ဓဘာသာများက ယုံကြည်ကြပါသည်။ ထိုကြောင့်လည်း သက်ရှိသံဃာတော်များပင် လျှင် ထိုစေတီများကို ဦးညွှတ်ရိုသေ ပူဇော်ရှိခိုးကြပါသည်။

ထို့ကြောင့် ဤစေတီများသည် ဗုဒ္ဓဘာသာဝင်တို့အား မကောင်းမှုကို မပြုကြကုန်လင့်၊ ကောင်းသော ကုသိုလ် တရား တို့ကိုသာ ပြုကြကုန်လော့ဟု ဆုံးမပေးနေသော သက်ရှိဘုရားများသာဖြစ်သည်ဟုလည်း ပြောဆို နိုင်ပါသည်။

ရှေးသူတော်ကောင်းများက သာသနာအဓွန့်ရှည်တည်တံ့ရေးကို ဦးတည်ကာ ဘုရားပုထိုးစေတီများကို မြို့များ၊ ရွာများတွင် တည်ထားခဲ့ကြပြီး လူတို့အား မကောင်းမှုကို တားမြစ်ပြီး ကောင်းမှုကို တိုးပွားစေခဲ့ကြပါသည်။
ဆရာမင်းတင်မွန်ကတော့ မြတ်ဗုဒ္ဓစာအုပ်မှာ ဒီလိုပြောပါတယ်...

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။
ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။ စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒီထဲကမှာ မြတ်ဗုဒ္ဓရဲ့ စွယ်တော်အကြောင်းလေးပြောပြချင်ပါတယ်...

ဗုဒ္ဓသရီရဓာတ်တာ် မြတ်စွယ်တော်

စာရေးသူကတော့ မေတ္တာရှင်မလေးပါ

ရှင်မဟာ ကဿပ အမှူးရှိသော ရဟန်းသံဃာ ငါးရာမျှတို့သည် ပါဝါပြည်မှ ကုသိနာရုံသို့ ကြွလာစဉ်ဝယ် မြတ်စွာဘုရား၏ သတင်းကို တိကျသေချာ သိသေးဟန် မတူပေ။ ခေတ္တခဏ အပန်းဖြေလျက် သစ်ပင်ခြေ၌ ထိုင်နေတော်မူခိုက် တက္ကတွန်း(အာဇီဝက)ကို အဝေးမှာ လာနေကြောင်း တွေ့မြင်ကြလေရာ “ငါတို့ဆရာ မြတ်စွာဘုရားကို သိပါ၏လော” ဟု မေးတော်မူ၏။ ထိုသို့ မေးလေမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမြန်းသည်မှာ ခုနှစ်ရက်ရှိပြီ ဖြစ်ကြောင်း သိကြရတော့သည်။ ထိုအခါ အရှင်မဟာကဿပ၏ နောက်ပါးမှ ရဟန်းငါးရာတို့အနက် ရာဂမကင်းရသေးသော အချို့ရဟန်းတို့သည် “ဘုန်းတော် ကြီးလှစွာသော မြတ်စွာဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ပညာမျက်စိ ရှိတော်မူ တတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ” ဟု ငိုကြွေးမည်တမ်းကြကုန်၏။ အရုပ်ကြိုး ပြတ်မြေမှာ လူးခတ်ကြကုန်၏။ သင်္ခါရ တရားအတွင်း မြဲခြင်းသဘောမရှိ နိုင်ရကာ ရာဂကင်းပြီး ရန်းတို့မှာမူ အောက်မေ့ချင့်တုံ သည်းခံကုန်ကြလေသည်။

ထိုရဟန်း ငါးရာတွင်ပါဝင်သာ အသိခေါက်ခေါက် အ၀င်နက်လှသည့် တောထွက်ရဟန်း သုဘဒ္ဒမှာ အချုပ်အချယ်မှ လွတ်မြောက်ဘိအလား လိုရာကို ပြုကြပြီး မလိုရာကို မပြုဘဲနေကြ ရုံသာရှိပြီိဟု မပူဆွေးမငိုကြွေးရန် အကြောင်းကို ဆိုလေ၏။ ရှင်မဟာကဿပကမူ မြတ်နိုးချစ်ခင် ဆက်ဆံချင်သော်လည်း ရှင်လျက်နှင့်လည်း ခွဲခွာရတတ်၏။ အရာရာသည် မတည်မြဲကြ၊ ပျက်စီးခြင်း သဘောရှိကြောင်း ကျေးဇူးတော် အရှင်မြတ်စွာဘုရား ဟောကြားဆိုဆုံးမ ခဲ့ပြီးကြောင်း ဖျောင်းဖျလေ၏။

ထိုစဉ်ဝယ် ကုသိနာရုံပြည်သား မလ္လမင်းအကြီးအကဲလေးဦးတို့က မြတ်စွာဘုရား၏ (အလောင်းတော် တည်ရာ) နံ့သာထင်းပုံအား မိးရို့ကုန်သော်လည်း နတ်တို့က မလိုလား၍ လောင်ကျွမ်းခြင်းမရှိ။ နတ်တို့သည် ရှင်မဟာကဿပ ကိုယ်တော်ကြီးကိုယ်တိုင် မြတ်စွာဘုရား၏ ခြေတော်စုံကို ဦးခိုက် မရှိခိုးရသေးမီ နံ့သာထင်းပုံ မီးမလောင်ကျွမ်းစေလိုကြ။ ရှင်မဟာကဿပနှင့် ရဟန်းငါးရာတို့ ခြေစုံဦးခိုက် ရှိခိုးလိုက်ပြီးသည်နှင့် (လူတို့မမြင်ရဘဲ) နတ်တို့ အာနုဘော်ကြောင့် မီးတောက်လောင် သွားတော့၏။ မီးတောက်လောင်သော မြတ်စွာဘုရား၏ အလောင်းတော်မှ အရေပါး အရေထူ အသား အကြော အစေးတို့၏ ပြာသည်လည်းကောင်း၊ မိုင်းသည်လည်ကောင်း မထင်၊ သရီရ ဓာတ်တော်တို့သည်သာ ကြွင်းကျန်ကုန်၏။

ဆင်မြန်းထားရှိသော(သင်္ကန်း) ပုဆိုး အစုံငါးရာအနက် အတွင်းအကျဆုံး(သင်္ကန်း) ပုဆိုးနှင့် အပြင်အကျဆုံး(သင်္ကန်း) ပုဆိုးနှင့် အပြင်အကျဆုံး(သင်္ကန်း) ပုဆိုး တို့သာ မီးမလောင်ကုန်၊ ကောင်းကင်မှလည်းကောင်း၊ အင်ကြင်းပင်မှလည်းကောင်း၊ ရေများပန်းထွက်ကာ မီးကိုငြိမ်းစေ၏။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို မင်းကွန်း၌ ထားလျက် လှံချိုင်ဖြင့်ကာရံ၍ လေးသည်တော်တပ်ဖြင့် ခြံရံစေပြီး ခုနှစ်ရက်ပတ်လုံး ကဆို တီးမူတ်ကာ ပန်းနံ့သာတို့ဖြင့် ရိုသေလေးမြတ် ပူဇော်လတ်ကြကုန်၏။

အဆိုပါ ကြွင်းကျန်ရစ်သော(ဗုဒ္ဓအမွေ) သရီရဓာတ်တော်များကို စေတီပုထိုးတည်ထားပူဇော်ရန် ဗုဒ္ဓရှင်မြတ်နှင့် ဆွေမျိုးတော်စပ်ခြင်း၊ မင်းမျိုးဖြစ်ခြင်း၊ ပုဏ္ဏားမျိုးဖြစ်ခြင်း စသည်ဖြင့် အကြောင်းပြလျက် ရယူထိုက်ကြောင်း အောက်ပါ ပုဂ္ဂိုလ်တို့က တောင်းဆိုလာကြ၏ -

(က) ဝေဒေဟီ မိဖုရား၏သား မဂဓ တိုင်းရှင် အဇာတသတ်မင်း၊

(ခ) ဝေသာလီပြည်သား လိစ္ဆ၀ီ မင်းများ၊

(ဂ) ကပိလ၀တ်ပြည်၌ နေကြသော သာကီဝင်မင်းများ၊

(ဃ) အလ္လကပ္ပပြည်သား ဗုလီမင်းများ၊

(င) ရာမရွာသား ကောဠိယ မင်းများ၊

(စ) ဝေဌဒီပတိုင်းသားပုဏ္ဏား၊

(ဆ) ပါဝါပြည်သား မလ္လမင်းများ၊

(ဇ) ပရိနိဗ္ဗာန် စံမြန်းရာ ကုသိနာရုံ ပြည်သားမလ္လမင်းများ။

ဤသို့ သူလိုချင်၊ ကိုယ်လိုချင် ဖြစ်နေစဉ်ဝယ် ဒေါဏပုဏ္ဏားသည် ထိုမင်းပေါင်းစုံတို့အား “အရှင်တို့ ကျွန်ုပ်တို့၏ မြတ်စွာဘုရားမှာ သည်းခံသောဝါဒ ရှိပါသည်။ ထိုမြတ်စွဘုရား၏ သရီရဓာတ်တော်တို့ကို ခွဲဝေရေးကြောင့် စစ်ဖြစ်ရန် မသင့်ပါ။ အလုံးစုံသော ငါတို့သည် တစ်ပေါင်းတည်း အညီအညွတ် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၍ သရီရဓာတ်တော်တို့ကို ရှစ်စုရှစ်ပုံ ခွဲဝေကြပါစို့၊ မြတ်စွာဘုရားကို လူအများတို့ ကြည်ညိုလျက် ရှိကြပါသည်။ အရပ်ရှစ်မျက်နှာတို့၌ စေတီပုထိုးအနှံ့အပြား တည်ရှိကြပါစေ” ဟု ဆို၏။ မင်းသားအပေါင်းက သဘောတူကြလေ၏။ ဒေါဏပုဏ္ဏားအားလည်း ဓာတ်တော်ခြင်သော ပြည်တောင်းကို စေတီပုထိုးတည်ထား ကိုးကွယ်ရန်ပေးလေသည်။

ထိုသို့ မြတ်ဗုဒ္ဓ၏ ဓာတ်တော် အမွေခွဲဝေပြီးပါမှ ၀ိပ္ပလီဝနတိုင်းသား မောရိယမင်းတို့က ကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့ ဝေစုတောင်းဆိုကြရာ အားလုံးခွဲဝေပြီးကုန်သဖြင့် ပေးရန်မရှိတော့တော့ရကား တေဇောဓာတ် လောင်ကျွမ်းတော်မူရာ (မီးသင်္ဂြိုလ်ရာ) အရပ်မှ မီးသွေးများ ကိုသာ ယူဆောင်ကြရတော့၏။

ဓာတ်တော် အမွေခွဲဝေ ရရှိခဲ့ကြသော ဝေဒေဟီ မိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ရာဇဂြိုဟ်ပြည်၌လည်းကောင်း၊ ဝေသာလီ ပြည်သား လိစ္ဆ၀ီမင်းတို့သည် ဝေသာလီပြည်၌ လည်းကောင်း၊ ကပိလ၀တ် ပြည်နေသာကီဝင် မင်းတို့သည် ကပိလ၀တ်ပြည်၌လည်းကောင်း၊ အလ္လကပ္ပပြည်သား ဗုလီမင်းတို့က အလ္လကပ္ပပြည်၌ လည်းကောင်း၊ ရာမရွာသား ကောလိယမင်းတို့သည် ရာမရွာ၌ လည်းကောင်း၊ ဝေဌဒီပတိုင်းသား ပုဏ္ဏားကလည်း ဝေဌဒီပတိုင်း၌ လည်းကောင်း၊ ပါဝါပြည်သား မလ္လမင်းတို့ကလည်း ပါဝါပြည်၌ လည်းကောင်း၊ ကုသိနာရုံပြည်သား မလ္လမင်းတို့ကလည်း ကုသိနာရုံပြည်၌လည်းကောင်း မြတ်စွားဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုများ အသီးသီး တည်ထားပူဇော်ကြသည်။

ဒေါဏ ပုဏ္ဏားလည်း ဓာတ်တော်ခြင်တွယ်သည့် တောင်းကို စေတီပုထိုးတည်ထား ပူဇော်လေ၏။ နောက်ကျ၍ ဓာတ်တော်များ မရ၊ မီးသွေးများသာ ရရှိခဲ့ကြသော ၀ိပ္ပလီဝနတိုင်းသား မောရိယမင်းတို့သည်လည်း ထိုမီးသွေးများကိုပင် ၀ိပ္ပလီဝနတိုင်း၌ စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။ ထို့ကြောင့် ပြည်တောင်းစေတီနှင့် မီးသွေးစေတီများပါဝင်လျှင် စုစုပေါင်း စေတီပုထိုးတော် ဆယ်ဆူ ဖြစ်ပေါ်ခဲ့လေသည်။

အထက်၌ ဖော်ပြအပ်သော မြတ်စွာဘုရား၏ သရီရဓာတ်တော် ဓမ္မတော်များနှင့် ပတ်သက်၍ ဆဌသင်္ဂါယနာတင် ပိဋကတ်တော်၊ ဒိဃနိကာယ်ဝင် သုတ္တန်ပိဋကတ်(မဟာဝဂ်ပါဠိတော် - မြန်မာပြန်) အပိုဒ် ၂၄၀၌ ၂၄၀၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရား၏ သရီရဓာတ်တော်သည် ရှစ်စိတ် (ရှစ်ဒေါဏ) ရှိ၏။ ယောက်ျားမြတ် ဖြစ်သော မြတ်စွာဘုရား၏ (သရီရဓာတ်တော်) ခုနှစ်စိတ်ကို ဇမ္ဗူဒိပ်ကျွန်း၌ ကိုးကွယ်ပူဇော် ကြကုန်၏။ တစ်စိတ်ကိုမူကား ရာမရွာ၌ နဂါးမင်းသည်ကိုးကွယ်ပူဇော်၏။

(၁) တစ်ဆူသော စွယ်တော်ကို တာဝတိံသာ နတ်တို့သည် ကိုးကွယ်ပူဇော်ကုန်၏။ တစ်ဆူသော စွယ်တော်ကိုကား ဂန္ဓာရပြည်၌ ကိုးကွယ် ပူဇော်ကုန်၏။ တစ်ဆူသော စွယ်တော်ကိုကား ကာလိဂ်မင်း၏တိုင်းငံ၌ ကိုးကွယ်ပူဇော်ကုန်၏။

(၂) ထို သရီရဓာတ်တော်၏ တန်ခိုးကြောင့်ပင်လျှင် ဤမာပထ၀ီ မြေပြင်သည် မြတ်သောဓာတ်တော် ပူဇော်ပွဲတို့ဖြင့် တန်ဆားဆင်ထားသကဲ့သို့ တင့်တယ်ပေ၏။ ဤသို့လျှင် မြတ်စွာဘုရား၏ ဤသရီရဓာတ်တော်ကို မြတ်ထက်မြတ်ဖြစ်သော နတ်လူတို့သည် ကောင်းစွာအရို အသေပြုကြကုန်၏။

(၃) (အကြင်) သရီရဓာတ်တော်ကို နတ်မင်း၊ နဂါးမင်း၊ လူမင်းတို့သည် ပူဇော်ကလေပြီ။ ထို့အတူပင် မင်းထက် မင်းမြတ်တို့သည်လည်း ပူဇော်ကြလေပြီ။ (သရီရဓာတ်တော်)ကို ရရှိလတ်သော် လက်အုပ်မိုးချီရှိခိုး ကြကုန်လော့၊ မြတ်စွာဘုရားဟူသည် ကမ္ဘာအရာတို့ဖြင့်သော်လည်း စင်စစ် တွေ့ခဲ့ရ၏။

(၄) ညီညွတ်သော သွားတော်လေးဆယ်နှင့် အလုံးစုံသော ဆံတော် မွေတော်တို့သည် ရှိကုန်၏။ နတ်တို့သည် တစ်ဆူစီ၊ တစ်ဆူစီ စကြ၀ဠာအဆက်ဆက်သို့ ပင့်ဆောင်လေကုန်သတည်း။

(၅)(သွားတော် လေးဆယ်ဟုဆိုသော်လည်း စွယ်တော်လေးဆူမှတစ်ပါးသော သွားတော်သုံးဆယ့် ခြောက်ဆူကိုသာလျှင် ယူရာ၏။ ဤဂါထာတို့ကို သီဟိုဠ်မထေရ်တို့ ထည့်သွင်း ထားခဲ့သည်ဟု အဋ္ဌကထာ၌ ဆို၏။)

ထိုသို့ဆိုလျှင် ဂန္ဓာရပြည်၌ စွယ်တော်တစ်ဆူရောက်တော်မူသည်မှာ သေချာပါ၏။ ဂန္ဓာရပြည်သည် အဘယ်မှာရှိသနည်း။ အဘယ်တိုင်းပြည်ကို ခေါ်ဆိုသနည်း။ အချို့ကမူ မဟာဝဂ်ပါဠိတော်ပါ ဂန္ဓာရတိုင်းဆိုသည်မှာ အိန္ဒိယနိုင်ငံတွင်းမှတိုင်းတစ်တိုင်း ဖြစ်သည်ဟုဆို၏။ မြေပြင် အခြေအနေအရ လည်းကောင်း၊ ရှေးဟောင်း သုတေသန လေ့လာချက်များအရ လည်းကောင်း၊ ဂန္ဓာရတိုင်းသည် ပါကစ္စတန်နှင့် တရုတ်ပြည်အကြား၌ ရှိနေသော ရှေးယခင် အိန္ဒိယ နယ်မြေတိုင်းကိုးတိုင်း အနက်မှ တစ်တိုင်းဖြစ်သည်ဟု ဆို၏။ ထို ဂန္ဓာရတိုင်းမှ တရုတ်ပြည်သို့ ပင့်ဆောင်သွားခဲ့သည်ဟုလည်း မှတ်ယူအပ်၏။ မည်သို့ ဆိုစေ တရုတ်ပြည်သို့ သမ္မတနိုင်ငံ၌ စွယ်တော်မြတ် တစ်ဆူ ကိန်းဝပ်စံပယ်တော် မူသည်မှာ ယင်းဂန္ဓာရတိုင်းမှ စွယ်တော်မြတ်ပင်ဖြစ်ကြောင်း ယူဆရန် ရှိပေသည်။

ထိုစွယ်တော်မြတ်နှင့် ပတ်သက်၍ တရုတ်မှတ်တမ်းများအရ မြတ်စွာဘုရား၏ အမွေ စွယ်တော်မြတ် လေးသွယ်အနက် လူသားတို့ထံ၌ စွယ်တော်နှစ်ဆူ ကျန်ရှိရာတစ်ဆူကို သီရိလင်္ကာနိုင်ငံသို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူကို ယနေ့ပါကစ္စတန်နိုင်ငံတွင် တည်ရှိသည့် ရှေးဟောင်း ဥဒယာန(Udyana) ဘုရင့်နိုင်ငံသို့ ပင့်ဆောင်သွားခဲ့ကြ၏။ ထိုဥဒယာန နိုင်ငံမှ ခိုတန်(Khotan) နိုင်ငံ၊ ယနေ့တရုတ်နိုင်ငံ ဆင်ဂျီယန်း(Xinjiang) ပြည်နယ် ဟိတ်ယန့်(Hetian) ဒေသသို့ပင့်ဆောင် ခဲ့ကြသည်။ ခရစ်နှစ် ငါးရာစုခေတ်တွင်တောင်ပိုင်း ကီမင်းဆက်(Qi Dynesty)မှ တရုတ်ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်သော ဖာစီယန်(Fa-Xian)သည် ခိုတန်နိုင်ငံမှ တရုတ်ပြည် ကီမင်းဆက်၏ မြို့တော် နန်ကင်းမြို့(Nan Jing)သို့ ပင့်ဆောင်ခဲ့သည်။ ဆွီမင်းဆက်(Sui Dynasty) လက်ထက်၌ မြို့တော်သစ်ဖြစ်သည့် ချန်အန်း(Chang-an)သို့ ပင့်ဆောင်ခဲ့ပြန်သည်။ ထို့နောက်ပိုင်း မင်းဆက် ငါးဆက်ခန့်တွင် ပြည်တွင်းရေး ရူပ်ထွေးမူရှိခဲ့၍ နေရာအမျိုးမျိုး ရွှေ့ပြောင်း ပင့်ဆောင် ထိန်းသိမ်းခဲ့ကြရ၏။ နောက်ဆုံး လီယိုမင်းဆက်(Liao dynasty) လက်ထက်၌ ယင်းကင်း(Yen-Jing) ယနေ့ ပီကင်းမြို့(Bei-Jing)သို့ ပင့်ဆောင် ကိုးကွယ်ခဲ့ကြသည်။ ဒေါဇွန်(Dao Zong) ဘုရင်၏ မှတ်တမ်းတွင် ဗုဒ္ဓစွယ်တော်မြတ်အား ခရစ်နှစ် ၁၀၇၁၌ ဇောင်ဇီယန်ဘုရား(Zhao-Xian Pagoda)တွင် ဌာပနာခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဇော်ဇီယန် ဘုရားကို တည်ထားရာ လင်းဂွမ်း(Ling guang) ကျောင်းတော်မှာမူ ခရစ်နှစ် ရှစ်ရာစုက တည်ဆောက်ခဲ့သည်ဟု သိရပါသည်။ ခရစ်နှစ် ၁၉၀၀ပြည့်က တရုတ်ပြည် စစ်ရေးအခြေအနေကြောင့် လင်းဂွမ်းဘုန်းတော်ကြီးကျောင်းနှင့် ဇော်ဗီယန်ဘုရားတို့ ပျက်စီးခဲ့လေရာ စေတီ၏ အောက်ခြေ၌ စွယ်တော်ကိန်းဝပ်ရာ ကျောက်သား ဓာတ်တော်ကြုတ်ကို တွေ့ကြရသည်။ ကြုတ်အတွင်း၌ သေတ္တာငယ်တွင် သကျမုနိ မြတ်စွာဘုရား၏ စွယ်တော်၊ ရေးသားသူ ရှန်းမှီး တီယန်ဝှီး၊ ခုနှစ်နှစ်မြောက် လေးလ နှစ်ဆယ့် သုံးရက်နေ့ဟု ရေးသား ဖော်ပြထားကြောင်း သိရပါ၏။ ထိုရက်စွဲမှာ “လီယိုမင်းဆက် သမိုင်း” စာအုပ်တွင်ပါရှိသော ရက်စွဲနှင့် ကိုက်ညီသဖြင့် တရုတ်သမိုင်း ကြောင်းအရ မှန်ကန်မူရှိကြောင်း သုံးသပ်ကြပါသည်။

အချုပ်အားဖြင့်ဆိုရပါမူ ဗုဒ္ဓ၏ဓာတ်တော် အမွေခွဲဝေခဲ့ ကြပုံကိုလည်းကောင်း၊ ခွဲဝေရရှိခဲ့သော ဓာတ်တော်များကို စေတီပုထိုး အမျိုးမျိုးတည်ထား ကိုးကွယ်ခဲ့ကြသည်ကိုလည်းကောင်း၊ သုတ္တန် ပိဋကတ်အထောက် အထားဖြင့် သိရှိနိုင်ပါ၏။ ထို့နောက်ပိုင်း အဆင့်ဆင့် ပင့်ဆောင်ကြပုံကိုမူ သမိုင်းရေးရာ အထောက်အထားများဖြင့် တွက်ချက်မှန်းဆအတည်ပြုခဲ့ကြပါ၏။ သို့ဖြစ်ရာ မြတ်ဗုဒ္ဓ၏ သရီရ ဓာတ်တော်၊ စွယ်တော် အမွေအနှစ်များကို မပျောက်မပျက် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရင်း ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ရိုသေလေးမြတ် ပူဇော်အပ်လှပါသဖြင့် ကြည်ညို သဒ္ဓါပွားများနိုင်ကြစေရန် အလို့ငှာ ကုသိုလ်ပုညခွဲဝေမျှလိုက် ရပါသတည်း။

မှီငြမ်းစာစောင်များ
(၁) မဟာဝဂ်ပါဠိတော် မြန်မာပြန်(သာသနာရေး ဦးစီးဌာန)
(၂) ပါဠိသက်ဝေါဟာရ အဘိဓာန်(ဦးထွန်းမြင့်)
(၃) The Buddha’s Tooth relic Pagoda(the Buddhist Association og China)
ကပ္ပိယစန်းလွင် ရေးသားချက်အား ပြန်လည်မျှဝေသည်
http://myittaryik.blogspot.com/search/label/စွယ်တော်သမိုင်းများ

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားပြီး တေဇောဓါတ်လောင်ကျွမ်းပြီးတော့ ဓါတ်တော်ရှစ်စိတ်ကြွင်းကျန်ခဲ့ပါတယ် ရှစ်စိတ်ဆိုတာက နှစ်ပြည်စီပါတဲ့ ရှစ်စိတ်မို့ တစ်တင်းလို့ခေါ်လို့ရပါတယ်။ ရလာတဲ့ရှစ်စိတ်ကို စေတီတည်ကြရာမှာ စေတီရှစ်ဆူကို ရှစ်ပြည်ထောင်မင်းတို့က တည်ထားကိုးကွယ်ကြသလို ဓါတ်တော်တွေ ခွဲဝေပေးတဲ့ ဒေါဏပုဏ္ဏာကြီးက ဓါတ်တော်ချင်တဲ့ ဓါတ်တော်တောင်းကို စေတီတည်ထားကိုးကွယ်ပါတယ်။ နောက်ကျတဲ့ မောရီယမင်းမျိုးတွေကလည်း ကြွင်းကျန်တဲ့ မီးသွေးတွေကို မီးသွေးစေတီ တည်ကြတယ်ဆိုတော့ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးတဲ့ နောက်ပိုင်း အစောဆုံးအနေနဲ့ စေတီဆယ်ဆူ တည်ထားကိုးကွယ် ခဲ့ကြပါတယ်။

ပြောရမယ်ဆိုရင် မြတ်ဗုဒ္ဓရဲ့ ဓါတုစေတီရှစ်ဆူတည်ထား ကိုးကွယ်ခဲ့ကြပါတယ်။ တည်ထားကိုးကွယ်ခဲ့တဲ့ နေရာကတော့ ဇဗ္ဗူဒီပါပဲခေါ်ခေါ် မဇ္ဇိနတိုင်းပဲခေါ်ခေါ် အိန္ဒိယပြည်ကြီးမှာပါပဲ။ ဒီစေတီတော်တွေဟာ သူတို့ခောတ်အခါက မို့မောက်သော ပုံသဏ္ဍန်ရှိတဲ့ ထူပါလို့ခေါ်တဲ့ စေတီအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ထိုခောတ်အခါက တည်ဆောက်တဲ့ နည်းပညာဖြစ်တဲ့အတွက် မြေအင်္ဂတေတွေနဲ့ တည်ဆောက်ဖို့များပါတယ်။

မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း နှစ်ရာကျော်လောက်မှာ သိရိဓမ္မာ အာသောက မင်းကြီးဟာ ပြိုပျက်နေတဲ့ စေတီတွေဆီက မြတ်ဗုဒ္ဓရဲ့ ဓါတ်တော်၊ မွေတော်တွေကို ပြန်လည်ရှာဖွေပြီး အများသိကြတဲ့ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်ခဲ့ပါတယ်။

ဓါတုစေတီ အကြောင်းကို ပြောရမယ်ဆိုရင် အသွေးတော်က ဖြစ်ရင် အနီရောင်၊ အသားတော်ကဖြစ်ရင် အညိုရောင်၊ အရိုးတော်ကဖြစ်ရင် အဖြူရောင် စသည်ဖြင့် ကြွင်းကျန်ရစ်ပါတယ်။ နောက်တစ်ခုပြောစရာ ရှိတာက တေဇောဓါတ်လောင်ကျွမ်းခြင်း မရှိပဲ ကြွင်းကျန်ရစ်သော ဓါတု ဓါတ်တော်များကတော့ နှဖူးသင်းကျစ်ရိုးတော်၊ ညှပ်ရိုးနှစ်ဆူ၊ စွယ်တော်လေးဆူ တို့ပဲဖြစ်ပါတယ်။

ဂေါတမဘုရားရှင်၏ ဓါတ်တော်တို့တွင် စွယ်တော်လေးဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ နဖူး သင်းကျစ်တော် နှစ်ဆူအားဖြင့် (၇)ပါးကုန်သော ဓါတ်တော်တို့သည် မပြိုမကွဲ တစ်စုတစည်းတည်း ရှိသော အသမ္ဘိန္နဓါတ်တော်တို့ ဖြစ်ကုန်ကြပြီးတော့ ဤ ၇ ပါးမှ ကြွင်းကျန်သော ဓါတ်တော်တို့သည်ကား အစိတ်စိတ် ကွဲပြား၍ တည်ရှိသော သမ္ဘိန္နဓါတ်တော်တို့ ဖြစ်ကြပါတယ်။

ဓါတ်တော်တို့သည် ပမာဏအားဖြင့် အငယ်ဆုံး မုန်ညင်းစေ့ခန့် ရှိ၏။ အလတ်စား ဆန်ကျိုးပိုင်းခန့် ရှိကုန်၏။ အကြီးဆုံး ပဲနောက်စေ့ တစ်ခြမ်းခန့် ရှိကုန်၏။ အဆင်းအားဖြင့် အငယ်ဆုံး မြတ်လေးငုံအဆင်း၊ အလတ်စား ပုလဲအဆင်း၊ အကြီးဆုံး ရွှေအဆင်းရှိတယ်လို့ဆိုကြပါတယ်။ အကြီးစားဓါတ်တော် (၅)ကွမ်းစားမျှ အတိုင်းအရှည် ရှိသည်။ အလတ်စား (၅)ကွမ်းစားမျှ အတိုင်းအရှည် ရှိသည်။ အငယ်စား (၆)ကွမ်းစားမျှ အတိုင်းအရှည် ရှိသည်။ ဤသို့လျှင် ကြီး၊လတ်၊ငယ် အရွယ်သုံးပါး၊ သုံးပါးအဆင်း၊ မယွင်းကွမ်းစား၊ အချင်းအားဖြင့် (၁၆)ကွမ်းစာမျှ ရှိပါတယ်။

ဓါတ်တော်ဝေခြမ်းရန် မင်းဆရာ ဒေါဏပုဏ္ဏားကြီးသည် လကျာ်အထက် စွယ်တော်မြတ်ကို ယူငင်ပြီးလျှင် မိမိ၏ ဦးရစ်ခေါင်းပေါင်းအကြား၌ သိုဝှက် ထားလိုက်လေ၏။ လကျာ်အောက်စွယ်တော်မြတ်ကိုလည်း ခြေဖျားစွန်းနှင့် နင်းဖိလျှက် အများ မသိအောက် ယူထားပြန်လေသည်။ လက်ဝဲအထက် စွယ်တော်မြတ် ကိုလည်း ၀တ်ရုံထည်အတွင်း အသာသွင်း၍ သိုဝှက်ခြင်း ပြုပြန်လေ၏ လို့ဖတ်မှတ်ရပါတယ်။

လကျာ်အထက် စွယ်တော်မြတ်အား သိကြားမင်းက တန်ခိုးဖြင့် တိတ်တဆိတ် ယူငင်၍ စူဠာမဏီ စေတီတော်၌ ထည့်သွင်း ဌာပနာထားလိုက်လေ၏။
လကျာ်အောက် စွယ်တော်မြတ်ကို ဇယသေန နဂါးမင်းသည် ပုဏ္ဏားကြီး၏ ခြေဖျားစွန်းမှ တန်ခိုးဖြင့် ယူဆောင်၍ နဂါးပြည်အလယ်ပိုင်း ရတနာစေတီ၌ ဌာပနာ တည်ထားလေသည်။
လက်ဝဲအထက် စွယ်တော်မြတ်ကိုမူ ကန္ဓာရတိုင်း တက္ကသိုလ်ပြည်သား ရဟန္တာမြတ်တစ်ပါးက တန်ခိုးဖြင့် ယူငင်၍ ဂန္ဓရတိုင်း စေတိယဘောင်၌ တည်ထားတော်မူလေ၏။
လက်ဝဲအောက် စွယ်တော်တစ်ဆူကိုမူကား အရှင်သာရိပုတြာ၏ တပည့် ခေမာမည်သော ရဟန္တာသည် တေဇောဓါတ် လောင်ကျွမ်းနေစဉ်မှာပင် တန်ခိုးဖြင့်ယူဆောင်၍ ကာလိင်္ဂတိုင်း ဒန္တာပူရပြည့်ရှင် ဘုရင်ဗြဟ္မဒတ်မင်းအား ဆက်သကိုးကွယ်စေလေသည်။
နဖူးသင်းကျစ်တော်သည် ဓါတ်တော်တို့နှင့် ပတ်သက်၍ သီဟိုဠ်ကျွန်း(တနည်း) ဗြဟ္မပြည်တွင် တည်ရှိသည်။
လကျာ်ညှပ်ရိုးတော်သည် သီဟိုဠ်ကျွန်း ထူပါရုံစေတီတွင် တည်ရှိသည်။
လက်ဝဲညှပ်ရိုးတော်သည် သီဟိုဠ်ကျွန်း မဟိယင်္ဂဏစေတီတွင် တည်ရှိသည်။

ပြောချင်တာကတော့ အသမ္ဘိန္နဓါတ်တော်တွေထဲမှာ ဆိုလို့ရှိရင် ညှပ်ရိုးတော်နှစ်ဆူနဲ့ စွယ်တော်နှစ်ဆူသာ လောက လူ့ဘုံမှာ ကျန်ပါတယ်။

သမ္ဘိန္နဓါတ်တော်အကြောင်းဆိုရင်တော့ သီရိဓမ္မာ အာသောကမင်းကြီတည်ထားခဲ့တဲ့ စေတီပေါင်း ရှစ်သောင်းလေးထောင်ထဲက အိန္ဒိယပြည် တောင်ပေါင်း အလယ်ပိုင်း မဟာရဌပြည်နယ်ထဲက ဆံခြည်စေတီတော်တစ်ခုသာ ပုံမပျက်ကျန်ပါတော့တယ်။
ကျွန်တော်ဒီစာတွေရေးနေတာ အကြောင်းရှိပါတယ် ခုတလောမှာ ရေသန့်ဘူးတွေကနေ တိုက်ဆိုင်စွာပဲ စွယ်တော်ပုံပေါ်တယ် ဆိုတဲ့ကိစ္စနဲ့ပြီးတော့ ပွထနေအောင် ကြားနေရပါတယ်။ ဒီလိုမျိုး ပညာမပါတဲ့ သဒ္ဒါရှိတဲ့သူတွေများလာရင်ဖြင့် သာသနာတော်ညှိုးရချည်ရဲ့ဆိုပြီး စိတ်မကောင်း အတော်ဖြစ်ရပါတယ်။

အဲဒီလိုမှ မကြာသေးပါဘူး... သဒ္ဒါလွန်တွေက ဒီဘက်စွန်းဆိုရင် ဟိုဘက်စွန်းတွေလဲ မြင်လာရပါတယ်။ ဒီစာရေးဖြစ်တာကတော့ ဟိုဘက်စွန်းတွေကြောင့်ပါ။ ပထမပြောချင်တာက မဟာယနကို လွှမ်းမိုးခံမလားတဲ့။ စွယ်တော်ပင့်လာတဲ့ တိုင်းပြည်ဟာ မဟာယနဖြစ်တာကြောင့် မဟာယနလွှမ်းမိုးစရာဖြစ် မဖြစ် သုံးသပ်ကြည့်ကြပါဗျာ။ ဘာသာရေးဆိုတာ ဘာသာရေးပါ နိုင်ငံရေးနဲ့ မဆိုင်စေချင်ပါဘူး သူတို့ဘာသာ ဘာရည်ရွယ်ချက်နဲ့ပဲ ပင့်လာပင့်လာ ယုံကြည်ကိုးကွယ်သူတွေဟာ ဘာသာတရားအတွက်သက်သက်ပါပဲ ဆိုတာလေးပြောချင်ပါတယ်။

မြန်မာပြည်မှာရှိတဲ့သူတွေက စွယ်တော်ကို လှုလိုက်လို့ တခြားနေရာတွေမှာ လှုတာတွေ လျော့သွားမှာ စိုးရိမ်ကြတာလား ဆိုတာလေးလဲမေးစရာ မေးခွန်းတစ်ခုပါ ဖြေကြည့်ကြပါခင်ဗျာ။

ဥပမာလေးတစ်ခုပါ မိဘတွေနေသွား၊ သုံးသွားတဲ့ အသုံးအဆောင်တွေကို မြင်ရတဲ့သူဟာ မိဘတွေကို ပြန်ပြီးသတိရနိုင်သလို မိဘပုံတွေကလဲ အလားတူပါပဲ... မကွယ်လွန်ခင်က အမြတ်တနိုး အသုံးပြုသွားတာတွေဆိုရင် ပိုပြီးလွယ်လွယ် သတိရနိုင် ကျေးဇူးတွေကို အောင့်မေ့လွယ်မှာ မလွဲပါဘူး။ မြတ်စွာဘုရားရဲ့ ကိုယ်၌ဖြစ်သော ဓါတ်တော်တွေဟာ ဘယ်နှစ်ခုလောက်များ လောကမှာရှပါသေးသလဲ။

ဝေဖန်ပိုင်းခြားဥာဏ်ဆိုတာမျိုးက အခြေအနေအရပ်ရပ်ကို သုံးသပ်ရပါတယ်။ သုံးသပ်တယ်လို့ဆိုတဲ့နေရာမှာလဲ မိမိကိုယ်၌ကိုက ထိုက်သင့်တဲ့ အသိပညာ၊ ဥာဏ်အရည်အသွေး၊ လေ့လာမှု၊ အမှန်တကယ် သိလိုတက်လိုစိတ် ဒါမှမဟုတ် စေတနာမှန်သော ထောက်ပြပြောဆိုမှုတွေ ရှိရပါမယ်။

သဒ္ဒါလွန်ပြီး ပညာနဲရင်လဲ တွေရာထိုင်ကန်တော့တက်သလို၊ သဒ္ဒါယုတ်ရင်လဲ အတွေးမမှန်တော့ပါဘူး။

သဒ္ဒါနဲ့ ပညာဟန်ချက်ညီကြပါစေဗျာ....

http://www.facebook.com/nainghtooaung?sk=notes မှကူးယူဖော်ပြပါသည်။ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>