လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)


27th Sea Games, Myanmar 2013

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)

_/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက် လေးဟာဖြင့်
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ရဲ့သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။
ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ
အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက်ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာမြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်းဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး
ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်ကဆင်းသက်တော်မူလာတဲ့
ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင်စသဖြင့်
ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာကပ်ဆိုတော်မူပါတယ်။
ဝါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့
သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော်ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဘုရားရှင်ရဲ့မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး(၇)ရက်မြောက်မှာ နတ်ရွာစံကာ
တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။
ဘုရားဖြစ်တော်မူပြီးတဲ့မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့
နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်းဖြစ်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင်
ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက်ဝါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။
ဝါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့်နတ်တို့ရဲ့ အချိန်နဲ့ကျတော့
သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။
ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို
နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ ဘုရားရှင် လူ့ပြည်ဆင်းတဲ့အခိုက်အတန့်မှာဆိုရင် ဘုရားရှင်ကကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကို ဆက်လက်ဟောကြားစေတော်မူပါတယ်
နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့
ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာ
အရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်အကြောင်း
အကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။
အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက်
မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ကို
အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။
ပြီးတော့အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့အဘိဓမ္မာဒေသနာတော်ကို
တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ်ပြန်လည်ဟောပြတော်မူပါတယ်။

ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီး
တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာဒေသနာတော်ပဲ ဖြစ်ပါတယ်။
တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကိုနေ့စဉ်ဟောကာ လူပြည်မှာလည်း
ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန်
လူ့ပြည်မှာလည်း အပြီးတိုင် ဟောကြားပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ အဘိဓမ္မာဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာသောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်းတရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။
တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကိုဆင်းကြွတော်မူပါတယ်။
လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့
သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။ ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကိုဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသောပူဇော်မူများ၊ ပန်းများ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်းကြိုဆိုကြပါတယ်။

ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာသီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာ
အဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွားသရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့်သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊
ဒါမှမဟုတ်အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ်သတ်မှတ်တဲ့ နေ့ဖြစ်ပြီး
ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကိုပြုကြခြင်း ဖြစ်ပါတယ်။
ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။
အဘိဓမ္မာတရား ဒေသနာ တော်ကို နည်း (၃) နည်း ဖြင့် ဟောကြား ခဲ့ပါသည်။

အကျယ်နည်း - ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့ နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အဘိဓမ္မာ ဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့် အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်း ဖြစ်ပါသည်။


အကျဉ်းနည်း - မြတ်စွာဘုရားသည် လူသား ဖြစ်တော် မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုး သန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော် မူခိုက် မြတ်စွာဘုရားက ရှင် သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ် နည်းဖြင့် ဟောတော်မူပါသည်။


မကျဉ်းမကျယ်နည်း - အရှင်သာရိပုတ္တရာက မြတ်စွာ ဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော် မူပါသည်။ နောက်တနေ့တွင် အရှင် သာရိပုတ္တရာက တပည့်ရဟန်း ငါးရားကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံကာ အတည်ပြုချက် ယူတော်မူ ခဲ့ပါသည်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။
ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊
လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့ အထိဝါဆိုကြ သည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။

အချုပ်အားဖြင့်ဆိုရသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ
ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင် ဖြစ်ပါသည်။

ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန်တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။


မှီငြမ်း~ အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ) ၏ သီတင်းကျွတ်လပြည့်နေ့ အကြောင်း နှင့် ရွှေမြန်မာဥယျာဉ် မှ ကံကောင်းရဲ့စာစုအား
တဆင့်ပြန်လည်မျှဝေတင်ပြခြင်းဖြစ်ပါသည်။

စာဖတ်ရင်းဖြင့် ပီတိ နှင့် ပြီးသော ကုသိုလ်မျှဝေခံစားနိုင်ကြပါစေ။ ။

ရေးသားပူဇော်သူ
ဦးအံ့ထူးနိုင်
အဘိဓမ္မာအသင်းကြီး

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>