စီးပွားရှာနည်း
မြတ်စွာဘုရားက စီးပွားရှာတဲ့နေရာမှာလဲ စနစ်တကျ ဟောထားတယ်၊ လူ့ဘ၀ လူဝတ်ကြောင်ဘ၀မှာ စီးပွားရေးကလဲ မရှိမဖြစ် လိုအပ်တယ်။ ဒါ့ကြောင့် စီးပွားရှာ၊ ပိုက်ဆံရှာတဲ့ နေရာမှာလဲ ရှိသင့်ရှိထိုက်တဲ့ လောဘရှိဖို့လိုတယ်၊ အဲဒါကိုပဲ စာလိုက သေ၀ိတဗ္ဗလောဘလို့ ခေါ်ပါတယ်၊ လောဘရှိမှ စီးပွားရှာလို့ရမှာ၊ ရသင့်ရထိုက်တာထက် ပိုအမြတ်ကြီးစားရင် ၀ိသမလောဘ ဖြစ်သွားပြီ၊ အဲဒါမျိုးကို အသေ၀ိတဗ္ဗလောဘတဲ့၊ မရှိသင့်တဲ့ လောဘပေါ့။ ဥပမာ ဈေးသည်တစ်ယောက် ပစ္စည်းတစ်ခုကို ကိုယ့်အတွက် ရသင့်ရထိုက်တဲ့ အမြတ်ထက် အလွန်အကျွံ ပိုပြီး ရောင်းချတာမျိုး၊ ဆရာဝန်တစ်ယောက်က လူနာဆီက ရသင့်ရထိုက်တဲ့ ဆေးဝါးခထက် ပိုတောင်းတာမျိုး အစရှိသည်ဖြင့်ပေါ့၊ အဲဒါတွေဟာ မရှိသင့်တဲ့ လောဘ၊ ၀ိသမလောဘပေါ့၊ နောက်တစ်ခုက သတွာတွေ အတွက် အန္တရာယ်ဖြစ်စေတဲ့ လက်နက်ရောင်းခြင်း၊ အဆိပ်ရောင်းခြင်၊ လူကုန်ကူးခြင်း၊ မူယစ်ဆေးဝါးရောင်းခြင်း၊ စတာတွေကိုလဲ စီးပွားရှာတဲ့နေရာမှာ ရှောင်ကြဉ်ရပါမည်။ အဲဒါတွေကလဲ ၀ိသမလောဘထဲမှာ ပါသွားပါတယ်။
မြန်မာလူမျိုး အများစုက လောဘနဲချင်ကြတယ်၊ ရသမျှနဲ့ တင်းတိမ်ရောင်ရဲချင်ကြတယ်၊ ဒီလောက်နဲ့ တော်ပြီ၊ ပြည့်စုံပြီ ဆိုတဲ့ အလိုနဲကြတယ်။ တကယ်တော့ ဘုရားရှင်အလိုအရ စီးပွားရေးမှာ ရှိသင့်ရှိထိုက်တဲ့ လောဘရှိရမှာပါ၊ ရလာတဲ့ အကျိုးမြတ်တွေကိုလဲ သာသနာတော်အတွက်၊ ပရဟိတအတွက်ဆိုပြီး ရည်မှန်းပြီး စီးပွားရေးမှာ ဆန္ဒပြင်းထန်ရမှာ ဖြစ်ပါတယ်။ ၀ိသမစိတ်တွေ၊ ၀ိသမလောဘစိတ်တွေ ရှောင်ကြဉ်ပြီး သမ္မာအာဇီဝအတွက် လုံးလ၀ီရိယရှိပါ၊ လောဘရှိပါ ဟူသတည်း။
ချမ်းသာ လေးမျိုး
မြတ်စွားဘုရားက အာနဏျသုတ်မှာ--- ချမ်းသာလေးမျိုးဟောထားတယ်၊ ဒါလဲ ကျောင်းဒကာ ကုန်သည်ပွဲစား အနာထပိဏ်ကို ဟောထားတာပါ။
၁။ အတ္ထိသုခ- ငါ့မှာ ဘာမဆို ရှိနေခြင်းဆိုတဲ့ ချမ်းသာ၊ ရှိအောင် ရှာထားဖို့ ဟောထားတာပဲ။
၂။ အာနဏျသုခ-အကြွေးမြီးကင်းခြင်း ချမ်းသာ။ အကြွေးရှင်ကို ပူစရာမလိုဘူး။ အကြွေးမရှိအောင်လဲ စီးပွားကို ရှာထား။
၃။ အန၀ဇ္ဖသုခ- အပြစ်မရှိတဲ့ ချမ်းသာ။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားရေးသမား ဘယ်တော့မှ စိတ်မလုံဘူး၊ စိတ်မချမ်းသာဘူး။ နောက်ဆံတင်းတင်းနဲ့ နေရတာ၊ ရဲမြင်တာနဲ့ ထိပ်လန့်နေရတာ၊ ကိုယ့်စီးပွားရေးက သန့်ရှင်းနေခြင်းကြောင့် ချမ်းသာလို့နေသည်။ ဒါ့ကြောင့် ၀ိသမလောဘကို ရှောင်။
၎။ ပရိဘောဂသုခ- သုံးစွဲ၊ ခံစားရခြင်းဆိုတဲ့ ချမ်းသာပဲ။ တချို့ ရှာဖွေထားပြီး မသုံးရက် မစွဲရက်နေတတ်တယ်၊ သုံးသင့်သုံးထိုက်တာ သုံးစွဲပစ်လိုက်၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် ကုန်သင့်ကုန်ထိုက်တာ ကုန်ရမှာ ဖြစ်၍ မနှမျောဘဲ သုံးစွဲခြင်းဟုသော ချမ်းသာ။
အဲဒီလိုပဲ ဘ၀သံသရာအတွက် ချမ်းသာလေးမျိုး ရှိဖို့လိုသည်။
(က)ကိုယ့်မှာ ကုသိုလ်ကောင်းမှု ရှိနေခြင်းဟုသော အတ္ထိသုခ၊ (ခ)သူများဥစ္စာခိုးခြင်း သတ်ခြင်း၊ လိမ်ညာခြင်းစတဲ့ သံသရာ အကြွေးမြီကင်းခြင်းဆိုတဲ့ အာနဏျ သုခ၊ (ဂ) အကုသိုလ် ဒုစရိုတ် အပြစ်မရှိခြင်းတည်းဟုသော အန၀ဇ္ဇသုခ (ဃ) ရှေးက ၃ ခုလုံး ပြည့်စုံနေသဖြင့် ကောင်းမှု၏ အကျိုးကို ခံစားရခြင်းဟု သော ပရိဘောဂသုခ။ ထိုလေးမျိုးကိုလဲ ရအောင် အားထုတ်တဲ့။
စီးပွားရှာရာဝယ်
စီးပွားရေးကောင်းဖို့အတွက်ကိုလည်း အမျိုးကောင်းသားတစ်စုကို ဘုရားက ဟောထားသေးတယ်။ အင်္ဂုတ္တရနိကာယ်၊ ဗျဂ္ဃ္ထပဇ္ဈာသုတ်မှာ-
၁။ ဥဋ္ဌာနသမ္ပဒါ- စီးပွားရေးမှာ မပျင်းနဲ့၊ နေပူပူ မိုးရွာရွာ မပျင်းမရိ ရှာဖွေခြင်း။ စီးပွားရေးမှာ လုံးလ၀ီရိယ ရှိရမည်။ သူများထက် စောနေရမည်၊ သူများထက် ဦးနေရမည်။
၂။ အာရက္ခသမ္ပဒါ- ရှာဖွေလို့ရတဲ့ ပစ္စည်းကို လုံခြုံအောင် သိမ်းတတ်ရသည်၊ မလိုအပ်ဘဲ မသုံးသင့်၊ သုံးသင့်သုံးထိုက်မှ သုံးခြင်းဖြင့်လဲ သိမ်းဆည်းနည်း မည်သည်။ “ဓုတ်သုံးမျိုးရှောင် အိုတောင် မဆင်းရဲ” ဆိုတာလို---- ၁။ ဣတ္ထိဓုတ္တ-မိန်းမလိုက်စားခြင်း ရှောင်၊ ၂။ သုရာဓုတ္တ- သေရည်အရက် သောက်စားခြင်း ရှောင်၊ အက္ခဓုတ္တ- အလောင်းကစား ရှောင်ခြင်းဖြင့် ဓုတ္တ-ဓုတ် သုံးခုကိုရှောင်ခြင်းဖြင့်လည်း စနစ်တကျ သိမ်းဆည်းရာ မည်သည်။
၃။ သမဇီဝိတ- အ၀င်အထွက် မျှအောင် သုံးစွဲခြင်း။ ၀င်ငွေထက် အထွက်ငွေများနေရင် စီးပွားရေးအတွက် အခြေအနေမလှနိုင်။ အထက်မှာ ပြထားသလိုပဲ ရလာတဲ့ အကျိုးမြတ် ပစ္စည်းကို ၄ ပုံ ပုံပြီး စနစ်တကျ သုံးစွဲရန်ဖြစ်သည်။
၎။ ကလျာဏမိတ္တ- မိတ်ဆွေကောင်းလိုသည်။ ကိုယ့်စီးပွားရေးအတွက် မိတ်ဆွေသည်လည်း မရှိ မဖြစ်လိုအပ်သည်။ ကိုယ့်ကို ကူညီမည့် မိတ်ဆွေ၊ ကိုယ့်ကို စောင့်ရှောက်မည့်မိတ်ဆွေ၊ ကိုယ့်အကျိုးစီးပွားအတွက် လိုလားတဲ့ မိတ်ဆွေ၊ စသည်ဖြင့် မိတ်ဆွေလိုအပ်သည်။
ဘာပညာမှ မတတ်တဲ့ သူဋ္ဌေးသားကို အပေါင်းပါတွေ မြောက်စားလို့ နောက်ဆုံး ကုဋေလေးဆယ်သော ပစ္စည်းတွေ ကုန်၊ ခွက်ဆွဲ တောင်းစားရ၊ ခိုးဝှက်စားရတဲ့ ဘ၀ရောက်ရတဲ့ သူဋ္ဌေးသား ဇာတ်လမ်းကိုတော့ နမူနာယူရလိမ့်မည်။
ဒကာတော်ရေ-- ဤမျှလောက်ဆို လုံလောက်မည် ထင်ပါတယ်၊ ကျေနပ်စရာ ဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒါပေမဲ့ ဘုန်းဘုန်းသိသလောက်လေးတွေ စုစည်းပြီး ပို့လိုက်တာပါ။
ဒကာတော်က စာရေးသူ၏ အထက်ပါ ပြန်စာနဲ့ ပတ်သက်ပြီး “အရှင်ဘုရားအား ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီအကျိုးအမြတ်ကို ၄စု ပုံတာက တပည့်တော်လို လခစားအတွက် မအပ်စပ်သလိုဖြစ်နေပါတယ် အရှင်ဘုရား။ တပည့်တော် ဥာဏ်တိမ်တာလဲဖြစ်နိုင်ပါတယ်။ တပည့်တော်အလုပ်စတာ ၂လ နီးပါးရှိနေပါပြီ။ တပည့်တော်က လခရရင် အိမ်ကိုကူပါတယ်။ တပည့်တော်၏မိသားစု (မိဘ၊ မောင်နှမ)က ကြီးတော့ အသုံးစရိတ်လဲကြီးပါတယ်။ ရတိုင်း ဆပ်တော့၊ သိပ်ပြီးမစုနိုင်သလို ဖြစ်နေပါသည်။ အဲဒါကြောင့် ၄စုပုံတာ တပည့်တော်အတွက် မအပ်စပ်သလိုဖြစ်နေပါသည်။ ဒီလိုမျိုးလူသားအတွက် မြတ်စွာဘုရားဟောပြောခဲ့တာများရှိပါသလား အရှင်ဘုရား။ ၄စု ပုံတာကပိုက်ဆံအတော်အသင့်ရှိပြီးသား လူမျိုးအတွက်ထင်ပါတယ်။ ဟုတ်ပါသလား ဘုရား?” ဟု အကြောင်းပြန်လာတယ်။
အမှန်တော့ မြတ်စွာဘုရားက ဒီလို ရလာတဲ့ အကျိုးအမြတ်ကို လေးစုခွဲပြီး အသုံးပြုရန်မှာ ယေဘုယျ၊ အများဆုံး ဖြစ်နိုင်ခြေကို ဟောတာဖြစ်ပါတယ်။ ဘုရားတရားဟောတဲ့ နေရာလဲ မြန်မာနိုင်ငံလို လစာမျိုး မဖြစ်လောက်ဘူး၊ မြန်မာနိုင်ငံမှာတော့ အရင်ခေတ်နဲ့ မတူတာ အမှန်ပဲ၊ စာရေးသူတို့ ငယ်ငယ်က အဖေတစ်ယောက်တည်းက ရှာလာတဲ့ ၀င်ငွေဟာ မိသားစု ၅ ယောက်စာအတွက် လောက်ငှတဲ့အပြင် စုနိုင်ပါသေးတယ်၊ အခုချိန်မှာတော့ ၅ ယောက်လုံး အလုပ်ထွက်ရှာမှ စားနိုင်ရုံလောက်ပဲ ရှိတယ်လို့ ထင်ပါတယ်။ ဥပမာ-တစ်လကို ကျပ်တစ်သိန်း ၀င်ငွေ ရှိတဲ့ လူတစ်ယောက်က မိသားစု တစ်လစာအတွက် ထို ၁ သိန်းက မလောက်ငှပါဘူး၊ ၅ ယောက်ရှိတဲ့ မိသားစုက ၅ ယောက်လုံး တစ်သိန်းစီ၊ ၅ သိန်းဝင်ငွေရှိနေမှ ၀င်ငွေကို ၄ စု ခွဲနိုင်မည်ထင်ပါတယ်။ ဒါတောင် ခြွေတာ စုဆောင်းနည်း သုံးရမှာပါ။ အသုံးဆိုတဲ့ နေရာမှာလဲ လူတန်းစားအလိုက် အသုံး ကွာမယ် ထင်ပါသည်၊ ကျားကြီး ခြေရာ ကြီးဆိုတာလို ၀င်ငွေ ကောင်း ကောင်းသလို အသုံးစရိတ်တွေ ကြီးကြမည်ထင်ပါသည်။
ဘယ်လောက်ပဲ ၀င်ငွေ ရှိနေပါစေ၊ “လူတိုင်းက ဥဋ္ဌာနသမ္ပဒါ-၀ီရိယရှိပါ၊ အာရက္ခသမ္ပဒါ-သိုသိုဝှက်ဝှက် ထိန်းထိန်းသိမ်းသိမ်းရှိပါ၊ သမဇီဝိတ-အ၀င်အထွက်မျှအောင် သုံးပါ၊ ခြွေခြွေတာရှိပါ၊ ကလျာဏမိတ္တ- မိတ်ဆွေကောင်းကို ရှာပါ” ဓုတ် သုံးခုကို ရှောင်ပါ စသည်ဖြင့် အထက်မှာ ပြထားသလို ဆိုရင် ဘာမှ ပြဿနာမဖြစ်လောက် ဘူးထင်ပါတယ်။
သီဟဇော်
No comments:
Post a Comment