လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မလှပသော အဖွင့်ကစားကွက်များကို ကာကွယ်တားဆီးရေး(၁)



ပြည်သူလူထုတို့ မျှော်လင့်ချက် ကြီးစွာသော (သို့) ဘာသာရေးရှုထောင့်မှ စိုးရိမ်စိတ်ကြီးခဲ့သော အစိုးရသစ် တက်လာသည်။ တက်၍ ၂၄ နာရီမပြည့်ခင်တွင်ပင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် နှစ်ပေါင်း နှစ်ဆယ်ခန့် နေ့စဉ်နေ့တိုင်း ညာဘက်ထောင့်ထိပ်တွင် ပါရှိနေသည့် ဗုဒ္ဓအဆုံးအမ ကဏ္ဍကို ခပ်တည်တည် ခပ်ရဲရဲပင် ပယ်ရှား ဖျောက်ဖျက် လိုက်သည်။ ဘာသာ သာသနာကို ချစ်မြတ်နိုးသည့် ရဟန်းရှင်လူ အချို့ အထိပ်တလန့် ခေါင်းထောင် သွားချိန် အချို့က အစိုးရသစ်၏ လုပ်ရပ် မှန်ကန်ကြောင်း ခုခံကာကွယ် နေကြဆဲ။

ထိုဗုဒ္ဓအဆုံးအမ ကဏ္ဍသည် မည်သူ့ကိုမျှ မထိခိုက်။ မည်သူမဆို သတင်းစာကောက်ကိုင်လိုက်သည် နှင့် မင်္ဂလာရှိ လှသည့် ဗုဒ္ဓအဆုံးအမများကို ဖတ်မိကြမြဲဖြစ်သည်။ ညာဖက်ထောင့်ထိပ်တွင် ရှိနေသော ဗုဒ္ဓအဆုံးအမများက ဘာသာရေး စိတ်ဝင်စားသူကိုဖြစ်စေ မဝင်စားသူကိုဖြစ်စေ သတင်းစာကောက်ကိုင် သူတိုင်းကို သာသနာပြုလျက်ရှိသည်။ ဗုဒ္ဓဘာသာဝင်မှ သာမဟုတ် အားလုံးကို မြတ်စွာဗုဒ္ဓ၏ အဆုံးအမများက ကောင်းရာကောင်းကျိုး လမ်းညွှန်လျက်ရှိပါပေသည်။
သို့သော် ထိုဗုဒ္ဓအဆုံးအမများကို ခပ်မြန်မြန် ခပ်ရဲရဲ ဘာကိုမှ ဂရုမစိုက်ဘဲ ပယ်ရှားလိုက်ခြင်းက အဘယ်သို့သော မူဝါဒများကြောင့်ပါနည်း။ အဘယ်သို့သော စိတ်ဓာတ်များကြောင့်ပါနည်း။

စေတီလေးမျိုး ရှိသည့်အနက် စာပေဖြင့် အဆုံးအမများကို ရေးသားထားခြင်းသည် ဓမ္မစေတီတည် ခြင်းဖြစ်သည်။ ၎င်းသည် ဓမ္မစေတီထိုက်သည်။ စေတီကျောင်းကန်တို့ကို ဘိုဒိုဇာဖြင့် ထိုးလျက် ဖျက်ဆီးမှသာ သာသနာကိုဖျက်သည်မဟုတ်။ ဓမ္မစေတီကို ဖျက်ဆီးခြင်းသည်လည်း သာသနာဖျက်ပင်ဖြစ်သည်။ ဘိုဒိုဇာဖြင့် ဖျက်ဆီးခြင်းက လူမိုက်တို့နည်းလမ်း။ ဓမ္မစေတီကို ဖျက်ဆီးခြင်းက လူလိမ္မာတို့ အသုံးပြုသောနည်း လမ်းဖြစ်သည်။ ဓမ္မစေတီဖျက်ဆီးခြင်းက ပို၍ပင် ကြောက်စရာ ကောင်းပါသေးသည်။
မသိကြခင်မှာပင် စနစ်တကျ အခြေချပြီး ဖြစ်နေတတ်သည်။

မြတ်စွာဘုရားရှင်၏ အဆုံးအမများသည် လောကီလောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးအတွက် လွန်စွာကျေးဇူးများလှသော အဆုံးအမများဖြစ်ပါပေ၏။ ထိုအဆုံးအမများ နယ်ပယ်အသီးသီးသို့ ပြန့်ပွားလေ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်လေဖြစ်သည်။ ယခုအခါ ကွမ်တမ်ရူပဗေဒနယ်ပယ်၌ပင် ဗုဒ္ဓအဆုံးအမ များကို အသုံးပြုလာကြပြီဖြစ်၏။(၎င်းကို အမြော်အမြင်ကြီးမားသည့် ရူပဗေဒပညာရှင်တို့က လက်ခံခဲ့ကြသည်။ တဖက်ကန်း နိုင်ငံရေးသမားများဆိုလျှင် ရူပဗေဒနှင့် ဘာသာရေး ဘာမျှမဆိုင်ဟု ပယ်ထုတ်ကြလေမည် လားမသိ) အဆုံးအမများသည် ဘာသာရေးနယ်ပယ်မှသာ မဟုတ် လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ နိုင်ငံရေးနယ်ပယ်များအထိ ကျယ်ပြန့်လေ သာသနာတော် ပို၍ အားကောင်းလေ အခြေခိုင်လေ ဖြစ်သည်။ ထို့ကြောင့် အဆုံးအမများ နယ်ပယ်အသီးသီး၌ ပြန့်နှံ့စိမ့်ဝင်သွားရန် ဘာသာသာသနာ ချစ်မြတ်နိုးသူတို့ ကြိုးစားကြမြဲဖြစ်သည်။

စစ်အစိုးရတက်စမှစ၍ နိုင်ငံပိုင် သတင်းစာတို့၌ တည်ခဲ့သော ဓမ္မစေတီသည် ဗုဒ္ဓအဆုံးအမတော်များ နယ်ပယ်အသီးသီးသို့ ပြန့်နှံ့ရေးရှုထောင့်မှ အတော်ပင်ကောင်းလှ၏။ ကျက်သရေ မင်္ဂလာရှိလှ၏။ သို့သော် ဗုဒ္ဓမြတ်စွာသာသနာတော် ထွန်းကားခြင်းကို မတွေ့မမြင်လိုသူတို့အတွက်တော့ မျက်စိစူးဖွယ် ၊ မလိုလားမနှစ်သက်စဖွယ်ဖြစ်သည်။

ဘာသာသာသနာတစ်ရပ်ကို အားနည်းအောင်ပြုတော့မည်ဆိုလျှင် နယ်ပယ်ကို ကျုံ့အောင်ပြုရသည်။ မြန်မာနိုင်ငံ၌ ဗုဒ္ဓမြတ်စွာ၏ အဆုံးမများ အားနည်းအောင်ပြုရတော့မည်ဆိုလျှင် နယ်ပယ်အသီးသီး၌ ပျံ့နှံ့နေသော ဗုဒ္ဓအဆုံးအမများကို ဘာသာရေးနယ်ပယ်မှ တစ်ပါး ကျန်နယ်ပယ်တို့၌ မရှိသင့်ဟု ဆိုလျက် ပယ်ရှားလာရမည်။ ပျံ့နှံ့နေသော လက်တံတို့ကို ချိုးဖျက်လာရမည်။ ဘာသာရေးစာပေ၏ ဧရိယာနယ်ပယ် ဘောင်ကို ကျဉ်းကျုံ့လာစေရမည်ဖြစ်သည်။ ယခု နိုင်ငံပိုင်သတင်းစာ၌ ဗုဒ္ဓအဆုံးအမဏ္ဍကို ပယ်ရှားလိုက်ခြင်း ထိုနည်းဗျူဟာတို့ဟု တိုက်ရိုက်ယူဆ၍ ရနေသည်။ အတော်ပင် အန္တရာယ်ကြီးသော အချက်များပင်ဖြစ်သည်။

တာဝန်ရှိသည့် ဝန်ကြီးဆရာဖေမြင့်သည် ထိုအချက်ကို သိသိကြီးနှင့် ဆောင်ရွက်ခြင်းလော။ သို့မဟုတ် အကြံပေးတို့၏ ဗျူဟာကို မသိဘဲ ဆောင်ရွက်မိခြင်းလော ဟု မေးခွန်းထုတ်ဖွယ်ဖြစ်တော့သည်။ မည်သို့ဆိုစေ လုံးဝသင့်တော်သော လုပ်ရပ်မဟုတ်သည်မှာတော့ သေချာသည်။ ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓဘာသာ ထုကြီး၏ ရေရှည်မျော်မြင်နိုင်မှု အသိဥာဏ်ကို သွေးတိုးစမ်း စိမ်ခေါ်လိုက်ခြင်းပင်ဖြစ်တော့သည်။ သာမန်ကြည့်လျှင် သာမန်မျှဟုသာ ထင်ရသော်လည်း ဗုဒ္ဓအဆုံးအမတို့၏ ကျယ်ပြန့်စွာနေရာယူထားသော နယ်ပယ် အချုံ့ခံလိုက်ရခြင်းဖြစ်သည်။ ကျယ်ပြန့်သော လက်တံတို့ အချိုးခံလိုက်ရခြင်းဖြစ်သည်။ မည်သို့မျှ သည်းခံနိုင်စရာ အကြောင်းမရှိ။ လက်ခံနိုင်ဖွယ်ရာမရှိသော ဘာသာသာသနာအတွက် အန္တရာယ်ကြီးလှသော လုပ်ရပ်ဖြစ်သည်။ဘာသာရေး စာပေများသည် ဘာသာရေးနယ်ပယ်မှတပါး ကျန်နယ်ပယ်တို့နှင့် လုံးဝမသက် ဆိုင်။ ကျန်နယ်ပယ်တို့၌ လုံးဝအသုံးမပြုသင့်ဟူသော အသိဥာဏ်များ လူငယ်လူရွယ်တို့၌ စွဲထင်သွားသော် ဘာသာသာသနာကွယ်ဖို့ သေချာသွားချေပြီဟု ပြောရတော့မည်။ ထိုအသိဥာဏ်ကို အစိုးရသစ်က မျိုးစေ့ချနေ ပြီဖြစ်၏။

ဗုဒ္ဓအဆုံးအမ ကဏ္ဍကိုဖြုတ်ခြင်းသည် ကြော်ငြာအတွက် ငွေရလိုမှုဖြစ်သည်ဟု ဆိုလျှင်လည်းမသင့်။ တန်ဖိုးဖြတ်မရသော အဆုံးအမတော်များကို ကြော်ငြာငွေဖြင့်လဲလှယ်ခြင်းဆိုသည်က ငွေကြေးကိစ္စအတွက် အဆုံးအမတော်များကို ထိုးကျွေးခြင်း စတေးခြင်းပင် ဖြစ်၏။ ငွေကြေးလက်ခံလျက် အဆုံးအမများကို ပယ်ရှား ဖျောက်ဖျက်ခြင်းပင်ဖြစ်၏။ မည်သည့် ရှုထောင့်မှ သင့်သည်မဟုတ်။
ဆက်လက်ဖော်ပြပါမည်။

အရှင်ပညာဗလ 
ဓမ္မအေးရိပ်တောရ
ဟုမ္မလင်းမြို့နယ်
၂၁.၄. ၂၀၁၆

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>