လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

လန့်သွား၊ အံ့သွား၊ ရှက်ရွံ့သွားမိပါ၏





========================

သာမဏေကျော်
 
အိပ်ပျော်နေသော စာရေးလိုစိတ်ကို လှုပ်နိုးလိုက်ပါ၏။ လှုပ်သွားမိပါ၏။ လန့် သွားမိပါ၏။ အံ့သွားမိပါ၏။ ရှက်သွားမိပါ၏။ ရွံ့သွားမိပါ၏။''အဲဒါက သူဋ္ဌေးသုံး၊ လေးပိုင်းပိုင်းပြီး သုံးရတယ်''တဲ့။ မိန့်လိုက်သည့် ပုဂ္ဂိုလ်ကား-ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာဆရာတော်ကြီး ဖြစ်ပါ၏။ ဘွဲ့တော်ကား အရှင်ပဏ္ဍိတာဘိဝံသဖြစ်ပါ၏။ နေရာကား ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးပေါ်မှာ ဖြစ်ပါ၏။ သက်တော်(၉၅)နှစ်ရှိပြီဖြစ်သော ဆရာတော်ကြီး၏ အသက်ရှူရတာ ပုံမှန်မဟုတ်၍ အောက်ဆီဂျင်ပိုက်ဖြင့် ရှူနေရပါ၏။ အာရှတော်ဝင်ဆေးရုံမှ ဆေးရုံကြီးသို့ ပြောင်းရွှေ့ ပြီးခါစလေး ရှိပါသေး၏။ ဆွမ်းဘုန်းပေးချိန်ရောက်ပြီမို့ လက်တော်ဆေးကာ စတင်၍ ဘုန်းပေးနေပါပြီ။ ပေကျန်သောအရည်ကို သုတ်သင်ဖို့ တစ်ရှူးစက္ကူတစ်ရွက်ကို တစ်ရှူးဂျပ်ဘူးထဲမှ ဆွဲထုတ်၍ ဆရာတော်ကြီးအနား စာရေးသူက ချထားပေး လိုက်ပါ၏။ ချပေးလိုက်သောအခါ မမျှော်လင့်မိသော အထက်ပါစကားလေးကို ကြားနာမှတ်သားလိုက်ရပါ၏။

အဲဒါက သူဋ္ဌေးသုံးတဲ့၊ စာရေးသူက သူဋ္ဌေးသုံး သုံးလိုက်မိပါသကော။ တကယ်တော့ သူဋ္ဌေးက ပဏ္ဍိတာရာမ ဆရာတော်ကြီးတာ ဖြစ်ပါ၏။ ရန်ကုန်၊ ပဲခူး၊ သံလျင်၊ ထောက်ကြန့်၊ ပြင်ဦးလွင်၊ လှည်းကူး၊ မော်လမြိုင်တို့၌ ကြီးကျယ် ခမ်းနားသော ပဏ္ဍိတာရာမရွှေတောင်ကုန်းသာသနာ့ရိပ်သာတို့ ရှိနေကြလေရာ ဘုန်းကံကြီးမားလှသော ဆရာတော်ကြီးကသာ သူဋ္ဌေးဖြစ်ပါ၏။ သို့သော် သူဋ္ဌေးသုံးမသုံးပါ။ သူဋ္ဌေးမဟုတ်သေးသော စာရေးသူက သူဋ္ဌေးသုံး သုံး လိုက်မိတာကို ဆုံးမလို၍ပေလော။

လေးပိုင်းပိုင်း၍ တစ်ပိုင်းကိုသာ သုံးလိုက်ပါ၏။ ဘုရားလက်ထက်တော်က ခုနစ်နှစ်ကြာ ခေါင်း
ကိုက်ရောဂါခံစားရသော သာကေဗသူဋ္ဌေးကတော်ကို ပြေး၍သတိရသွားမိပါ၏။ ခေါင်းကိုက်ရောဂါ
အတွက် ဆေးဆရာ အကျော် အမော် ဇီဝကစီမံပေးသော ဆေးဖြင့်နှာနှပ်လေရာ ပါးစပ်မှ ထောပတ် အန်ထွက်လာပါ၏။ ထိုထောပတ်ကို "ကျွန်"မကို ထွေးခံထဲမှ ဝါဂွမ်းဖြင့် တို့စုပ်ယူ ထားဖို့ ခိုင်းခဲ့ပါ၏။ ဇီဝကက အံ့အားသင့်သွား၏။ ''တန်ဖိုးကြီးသော ဆေးတို့ ဖြင့် စီမံထားသော ဆေးဖြစ်၍ ပိုက်ဆံမပေးရင် ဒုက္ခပါပဲ။ ကပ်စေးနဲလှချေလား'' ဟုတွေးကာ ဇီဝကမျက်နှာပျက်သွားမိပါ၏။ ထိုအရိပ်အကဲကို သိသော သာကေ ဗသူဋ္ဌေးကတော်က ''ဆရာဇီဝက ဘာလို့ မျက်နှာပျက်သွားရတာလဲ။ မျက်နှာ မပျက်ပါနဲ့။ ဆေးကုခမနည်းစေရပါဘူး။ ဆရာဇီဝက.. ဒီထောပတ်ကို ကျွန်တွေ၊ အလုပ်သမားတွေအတွက် ခြေနှယ်ဆီလုပ်လို့လဲရပါတယ်။ ဆီမီးထွန်း ရာမှာ အသုံးပြုလို့လဲရပါတယ်။ ဒီထောပတ်ကို အကျိုးရှိအောင် အသုံးချတတ် ကြရပါတယ်''ဟု ပြောပြခဲ့ပါ၏။ ပစ္စည်းကြွယ်ဝချမ်း
သာလှသော ဤသာကေဗ သူဋ္ဌေးကတော်သည် ပါးစပ်ထဲမှ အန်ထွက်လာသော ထောပတ်လေးကို အကျိုး ရှိရှိ အသုံးချတတ်ပါပေစွ။ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမဆရာတော်ကြီး၏ တစ်ရှူးစက္ကူလေး အသုံးပြုပုံက သာကေဗသူဋ္ဌေးကတော်၏ ထောပတ်အသုံး ချပုံကို ပြေး၍ သတိရသွားမိစေပါ၏။ လိုအပ်သော အတိုင်းအတာ အထိသာ သုံးစွဲပုံနှင့်စပ်၍ အတုယူဖွယ်၊ လိုက်နာကျင့်သုံးဖွယ်ကောင်းလှပါ၏။ အသုံးမျှသာမဟုတ်ဘဲ အဖြုန်းအထိ ရောက်သွားမိတတ်သော စာရေးသူတို့အဖို့ သတိပြုဖွယ် ဆင်ခြင်ဖွယ်ကောင်းလှပါပေစွ။ ပစ္စည်းတစ်ခုကို အကျိုးရှိရှိ၊ အတိုင်းအတာသိသိဖြင့် အသုံးပြုတတ်ဖို့ လိုအပ်လှပါပေစွ။ အလဟဿ     အလေအလွင့်၊ ဗုံးပေါလအောတွေ ပေါများနေသေးသမျှ မြန်မာပြည်သူပြည်သား တို့ သူဋ္ဌေးဖြစ်ဖို့ အရေးနှင့် ဝေးနေကြဦးမည်သာ။

အာရှတော်ဝင် ဆေးရုံသို့ ပြည်ပခရီးမှ ပြန်လာပြီး နောက်ရက်ဖြစ်သော (၇.၄.၂ဝ၁၆)ရက်နေ့က စာရေးသူတို့ ဆရာတော်ကြီးထံ ဖူးမျှော်ကန်တော့သွားခဲ့ ကြပါ၏။ ကျန်းမာရေးဝန်ကြီး ဦးမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းတို့ လာရောက်ကန်တော့ကာ အစစအရာရာ အကုန် တာဝန်ယူ၍ ဆောင်ရွက်ပေးကြပါမည်ဖြစ်ကြောင်း၊ ဆရာဝန်ကြီးတွေ အားလုံး စုပေါင်းတိုင်ပင်၍ အစွမ်းကုန် ကုသပေးကြပါမည်ဖြစ်ကြောင်း ကျန်းမာရေးဝန် ကြီး ဦးမြင့်ထွေးက ရိုသေလေးမြတ်စွာလျှောက်ထားပါ၏။ ''တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အစီအမံအတိုင်းပေါ့''ဟု ဆရာတော်ကြီးက မိန့်ပါ၏။
''အရှင်ဘုရား လိုတာရှိလည်း အမိန့်ရှိပါဘုရား''ဟု လျှောက်ထားပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကျန်းမာရေးဝန်ကြီး ဦးမြင့်ထွေး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့၏ အစီအမံဖြင့် လွယ်ကူလျင်မြန်စွာ ပြောင်းရွှေ့လိုက်ရပါ၏။

''အဲဒါက သူဋ္ဌေးသုံး၊ လေးပိုင်းပိုင်းပြီးသုံးရတယ်''ဟူ၍ မိန့်တော်မူသော ပဏ္ဍိတာရာမဆရာတော်ကြီး၏ စကားက အမရပူရမြို့မဟာဂန္ဓာရုံဆရာတော် ကြီး အရှင်ဇနကာဘိဝံသ၏ နံနက်ခင်းသြဝါဒများကို စုပေါင်း ရေးသားထားသော အရှင်မဟောသဓပဏ္ဍိတ၏ စာအုပ်ထဲမှ အောက်ပါသြဝါဒစကားလေးတို့ကို လည်း သတိရလာမိပြန်စေပါ၏။

ဘယ်နေရာမျိုးမဆို ချွေတာတယ်၊ ချွေတာတယ်ဆိုတာ နှမြောလို့ မဟုတ် ဘူး။ ပစ္စည်းကို သူ့နေရာနဲ့သူ သုံးတတ်စွဲတတ်တာဟာ ချွေတာတာပဲ။ ဘုန်းကြီး က မီးကိုအလကား ဖွင့်ထားရင်နှမြောတယ်။ ကုန်သင့်လို့ကုန်တာက အကြောင်း မဟုတ်ဘူး။ မကုန်သင့်ဘဲ အလကားလျှောက်ကုန်နေတာကတော့ အကျိုးမရှိ ဘူး။ ဘာတဲ့လဲ။

တို့မြန်မာတွေက အကျိုးမများတဲ့နေရာတွေမှာ အကုန်အကျတွေက များနေရင် ဆင်းရဲမှာပေါ့။


No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>