လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

နိုင်ငံခြားသားဆိုပြီး အထင်ကြီးနေသူများဖတ်ပါ



~~~~ ဖော်ရိန်နာဆိုရာဝယ် ~~~~
တစ်နေ့ညက ဟိုတယ်တွင်းသုံးဖုန်းကို အခန်းကနေ ဆက်လာတယ်။ " အခန်းကို ခဏလာခဲ့ပါ... " တဲ့
ဟိုရောက်တော့ ဧည့်သည်နိုင်ငံခြားသားတစ်ယောက်နဲ့ သူခေါ်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက် အခန်းထဲထိုင်နေတယ်။ " ဘာကိစ္စ ရှိလို့လဲ... ကျွန်တော်ဘာကူညီပေးရမလဲ... " ဆိုတော့
ဧည့်သည်က သူ့ပိုက်ဆံကို ဒီအမျိုးသမီး ခိုးထားတယ် တဲ့။ အဒေါ်ကြီးက ငိုနေတယ်။ အသက်က ငါးဆယ်ဝန်းကျင်လောက်ရှိမယ်။ တောက်တောက်ပြောင်ပြောင်တော့ မဟုတ်ဘူး။ နွမ်းနွမ်းပါးပါး ပုံစံမျိုးပဲ။
" မယူရပါဘူး သားရယ်။ မရှိလို့လုပ်စားနေရပေမဲ့ ဒီလိုအကျင့်မျိုးမမွေးပါဘူး။ ဧည့်သည်က ပြဿနာရှာတာ..." တဲ့ ကိုယ်လည်း ဘာလုပ်ရမှန်းမသိဘူး။ " ပိုက်ဆံဘယ်မှာထားလဲ... " လို့မေးတော့
" ဘောင်းဘီအိတ်ထဲမှာ..." တဲ့

အခန်းထဲ နှံ့နေအောင် ရှာလိုက်သေးတယ်။ မတွေ့ဘူး။ အလုပ်သမားအမျိုးသမီးတစ်ယောက်ကို ဖုန်းဆက်ခေါ်ပြီး ကိုယ်ပေါ်မှာ လက်ကိုင်အိတ်တွေထဲမှာ ရှာခိုင်းကြည့်တယ်။ မရှိဘူး။ ဧည့်သည်ကလည်း ဒီမိန်းမခိုးတယ်ချည်း စွပ်စွဲနေတာ။နောက်ဆုံး ဂျာကြီးဆီဖုန်းဆက် ရဲခေါ်မယ်ပေါ့။ ဧည့်သည်က ရဲမပေးခေါ်ဘူး။ သေသေချာချာ မေးမြန်းတော့ အဖျားရှူးသွားတယ်။ သူ့ဘာသာ ကျပျောက်သလိုဘာလိုလို ဖြစ်သွားရော။ အမှန်က ဧည့်သည်မှာ အခန်းခသုံးရက်စာအပါအဝင် ရှင်းစရာပိုက်ဆံမရှိတော့ဘူး။ ပိုက်ဆံမရှိတော့ အမျိုးသမီးကြီးကို ခေါ်အိပ်ပြီး ဇာတ်လမ်းထွင်တာ။
တစ်ခါတစ်လေ ခေါ်လာတဲ့ အမျိုးသမီးတွေဖက်က မရိုးသားတာရှိသလို ဧည့်သည်ဘက်က လူလည်ကျ တာတွေလည်း ရှိတယ်။ ခက်တာက ထိုင်းအမျိုးသမီးတော်တော်များများ နိုင်ငံခြားသားမှန်ရင် သူဋ္ဌေးကြီးတွေ လို့ချည်း ထင်နေကြတာ။ သူတို့ကိုလည်း အပြစ်သိပ်မြင်လို့မရဘူး။ မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ ရုပ်ရှင် ဗီဒီယို တွီဗွီ ဇာတ်လမ်းတွဲ အများစုမှာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျရင်ပဲ ချမ်းသာကြွယ်ဝသွားတဲ့ပုံစံတွေ တော်တော် ရိုက်ပြတယ်။ ရုပ်ပြ ဝတ္ထုဇာတ်လမ်း သီချင်းတွေက အစပဲ။ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေတောင် နိုင်ငံခြား သားနဲ့တွဲနိုင်မှ ဂုဏ်ရှိသလိုထင်နေကြတာ။ သာမန်လူတန်းစားတွေ၊ ခန္ဓာကိုယ်ကို ငွေကြေးနဲ့ ရောင်းစားကြ တဲ့အမျိုးသမီးတွေဆို ပြောစရာကိုမလိုတော့ဘူး။ နိုင်ငံခြားသားနဲ့ လမ်းတွဲလျှောက်ရရင် မိုးမမြင်လေမမြင် ဖြစ်ကုန်ကြရော။


အလုပ်ထဲက စားပွဲထိုးအမျိုးသမီးတစ်ယောက် နိုင်ငံခြားသား ( နိုင်ငံတော့မရေးတော့ဘူး) နဲ့ယူပြီး ဥရောပ ကိုလိုက်သွားတယ်။ ငါးလလောက်ကြာတော့ ပြန်ရောက်လာရော။ မောင်နှမလိုပဲ ခင်နေတော့ သူ ပြန်ပြောပြ တယ်။
ဒီမှာပြုံးပြုံးရွှင်ရွှင်နဲ့ မျက်နှာချိုတဲ့ ဧည့်သည်( သူ့ယောင်္ကျား) ဟိုရောက်တော့ ဘီလူး သရဲလိုပဲ တဲ့။ သားကြီး မယားကြီးလည်း ရှိတယ် မိုးလင်းကမိုးချုပ် ချက်ပြုတ် လျှော်ဖွတ် ကြမ်းတိုက် တစ်ချက်မှမနားရဘူး တဲ့။ ထားတာ ကလည်း အိမ်ဖော်လိုပဲ စိတ်တိုလာရင် ရိုက်သေးတယ် တဲ့။ သူနဲ့သိတဲ့ အမျိုးသမီးဆို ထိုင်းမှာလက်ထပ်ယူသွားပြီး ဟိုမှာ ပြည့်တန်ဆာ လုပ်ငန်းဆီ အရောင်းစားခံရတာတဲ့။  နိုင်ငံခြားသားဆို တော်တော်ကြောက်သွားပြီ လို့ပြောတယ်။ ဟုတ်လည်းဟုတ်လောက်တယ်။ စားသောက်ဆိုင်မှာ လာပြန်လုပ်ပေမဲ့ အရင်လို ဧည့်သည်မြင်ရင် ပြီတီတီမျက်နှာထားမျိုး မတွေ့ရတော့ဘူး။


များသောအားဖြင့် ဒီမှာတရားဝင်လက်ထပ်ယူသွားကြတာ နိုင်ငံခြားသား အသက်အရွယ်ကြီးရင့်နေတဲ့သူတွေပဲ။ တချို့ဆို သူတို့နိုင်ငံမှာ အိမ်ယာတောင်အတည်တကျမရှိဘူး။ တချို့ကျတော့လည်း အသက်ကြီးလာ ဥရောပ မှာလည်း စားရိတ်စားခမြင့်မားလို့ အာရှနိုင်ငံတွေဖက်လာနေကြတာ။ တချို့လည်း ပြစ်ချက်နဲ့လူတွေ။ နိုင်ငံတွင်း ဥပဒေတစ်ခုခုကိုချိုးဖောက်မိပြီး လာရှောင်နေကြတဲ့သူတွေလည်း ရှိတယ်။ ထိုင်းကလည်းသိတဲ့အတိုင်း ကမ္ဘာကို ပင်လယ်ထွက်ပစ္စည်းပို့တယ် ဆန်ပို့တယ် ဆိုပေမဲ့ ကျော်ကြားတာက တခြားကိစ္စ။ တချို့နိုင်ငံခြားသားဆို ပြန်ဖို့ လမ်းစရိတ်တောင် မရှိတော့ဘူး။ ဟိုမှာပိုက်ဆံချမ်းသာရင် လှမ်းမှာလို့ ချက်ချင်းရောက်နိုင်တာပဲ။ ဒါပေမဲ့ ဘယ်လောက်မွဲမှန်းတော့မသိဘူး ထိုင်းမှာတောင်းရမ်းစားသောက်နေရတဲ့ နိုင်ငံခြားသားတွေ အများကြီး။


အနားမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။လပြည့်နေ့တစ်ရက်သွားတော့ ထိုင်းတောင်းရမ်းသူတွေကြားမှာ ဖော်ရိန်နာနှစ်ယောက် ခပ်ခွာခွာထိုင်နေကြတယ်။ အရှေ့မှာ ခွက်ကလေးကိုယ်စီနဲ့။ မမြင်ဖူးတော့ တော်တော် အံ့သြသွားတာ။ နောက်တော့လည်း မြင်ပါများလို့ ရိုးသွားရော(ဒါတောင် ရဲဖမ်းနေလို့)။


 နိုင်ငံခြားသားနဲ့ယူပြီး ပြည့်ပြည့်စုံစုံ တင့်တင့်တယ်တယ်နဲ့ စိတ်ချမ်းချမ်းသာသာ နေရတာ တော်တော်ရှားတယ်ပြောရမယ်။ လုပ်သက် ရှစ်နှစ်ကျော်အတွင်းတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး။ အခန်းပိတ်ပြီး ထုရိုက်နေလို့ ရဲခေါ်တားယူရတာတော့ လေးငါးခါ ကြုံဖူးတယ်။ ဒါ သူတို့နိုင်ငံမဟုတ်သေးဘူး။
ဒီလိုအဖြစ်ပျက်တွေ မြင်တွေ့နေရလို့ နိုင်ငံခြားသားဆို လန့်ကြမလား မထင်နဲ့။ ရုပ်ရှင် ဗွီဒီယိုတွေ တီဗွီဇာတ်လမ်း တွဲတွေမှာ အရှိန်အဟုန်နဲ့ ပြသနေတုန်း၊ ပန်းပန်နေတုန်း။ အိမ်ထောင်ပြုရတာကလည်း အဖေအရွယ်မက အဖိုး အရွယ်ကြီးတွေ။ ပြည့်ပြည့်စုံစုံ နေရသလားဆိုတော့လည်း မဟုတ်ဘူး။ အလုပ်အကိုင်အခွင့်အလမ်း ပေါများနေလျှက်နဲ့ ကိုယ့်အားကိုယ်မကိုးချင်တဲ့စိတ်တွေ လူငယ်ထုအတွင်း ပျံ့နှံ့လာတာ ရင်လေးစရာပါ။
ဒါကသူတို့စရိုက် သူတို့ဓလေ့။ ကိုယ့်နိုင်ငံလည်း နောင်များဆို ရွှေလမ်းငွေလမ်းဖြောင့်ဖြူးတဲ့အခါ တိုးတက်တာတွေ များလာနိုင်ပေမဲ့ ရေသာခိုချင်တဲ့ အကျင့်စရိုက်မျိုးတော့ မဝင်စေလိုပါ။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝလမ်းကို ကိုယ့်လက်နဲ့ ဖန်တီးထုဆစ်မဲ့ ကျားပျိုလေးများသာ ဖြစ်စေချင်ပါကြောင်း အမုန်းခံရေးလိုက်ပါတယ် ခင်ဗျာ...။

from - FB
မြူမင်းလွင်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>