လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

"တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး"



ကျွန်တော်၏အတွေးအခေါ် အတွေ့အကြုံများသာဖြစ်သောကြောင့် သဘောထားတိုက်ဆိုင်မူ့မရှိခဲ့လျှင် သည်းခံခွင့်လွတ်ပေးပါရန်အနူးအညွှတ် တောင်းပန်လျက်။


လမ်းဆိုတာ လူတိုင်းလူတိုင်းအတွက် မရှိမဖြစ် အရေးကြီးတဲ့ ဆက်သွယ်သွားလာရေးတစ်ခုဖြစ်ပါတယ်။ ဒီလမ်းတွေကို အသုံးပြုပြီး မိမိသွားလိုရာခရီးကိုသွားရတာ လူတိုင်းပါပဲ၊ လူတစ်ဦးစီရဲ့ လျှောက်တဲ့လမ်းဟာ မတူညီကြသလို လမ်းရဲ့ဦးတည်ချက်တွေကလည်း တူကြမှာမဟုတ်ပါဘူး။ အချို့က လမ်းကောင်း လမ်းမကြီးအတိုင်း လျှောက်နေရမယ်၊ အချို့လူတွေက လမ်းသွယ်လေးတွေမှာ လျှောက်နေရမယ်၊ အချို့လူတွေက
လမ်းကြိုလမ်းကြားကနေလျှောက်နေရမယ်၊ အချို့လူတွေကတော့ တောတွေတောင်တွေ လမ်းကြမ်းတွေလျောက်နေရလိမ့်မယ်။ အချို့တွေလည်းလမ်းလျှောက်ရင်း လမ်းကောင်းကနေ လမ်းဆိုးရောက်၊ အချို့ကလည်း လမ်းဆိုးကနေ လမ်းကောင်းရောက်တတ်ကြပါတယ်။ ဘယ်သူတွေဘယ်လိုလျှောက်လျှောက် မိမိလျှောက်တဲလမ်းဟာ ကောင်းတဲ့လမ်းကို လျောက်နိုင်ဖို့က အဓိကအရေးကြီးပါတယ်။ အဲ့ဒီလမ်းကောင်းတစ်ခုကို လျောက်နိုင်ဖို့အတွက် လမ်းပြမည့်သူက အရေးကြီးသလို လျှောက်တဲ့လူကလည်း အရေးပါ ပါတယ်။
လမ်းပေါင်းများစွာထဲက ကျွန်တော်ပြောချင်တဲ့လမ်းဟာ ဘဝတစ်ခုရဲ့ စားဝတ်နေရေးအတွက် ဘဝလျှောက်လမ်း တစ်ခုပါ။ လူရယ်လို့ဖြစ်လာတာနဲ့ အူဝဲအူဝဲဆိုပြီး မကြာခင်မှာပဲ အမိနို့ရည်ကိုစပြီးသောက်သုံးရတယ်။ မိခင်ကလည်း ကြည့်ရှူ့စောင့်ရှောက်လာခဲ့တာ လိုအပ်တဲ့ ပညာအမွေ၊ သာသနာ့အမွေ၊ ဥစ္စာအမွေတွေပေးပြီး ဘဝတစ်ခု ရပ်တည်နိုင်အောင် သွန်သင်ဆုံးမ လမ်းပြပေးကြပါတယ်။ တချို့ကြတော့လည်းအမွေသုံးမျိုးလုံးရကြတယ်၊ တချို့ကြတော့နှစ်မျိုး၊ တချို့ကြတော့ တစ်မျိုး၊ တချို့ကြတော့ တစ်မျိုးမှ မရပဲ ဘဝကိုရပ်တည်နိုင်အောင်ကြိုးစားလျှောက်လှမ်းရပါတယ်။ ဘဝတစ်ခုဖြစ်လာတာနဲ့ လူရယ် တိရိစ္ဆာန်ရယ်၊ မည်သည့်သတ္တဝါမဆို အစားအစာဆိုတာ အဓိက လိုအပ်ပါတယ်။ အစားအစာရဖို့ အတွက် အစာရှာဖို့၊ ရဖို့ အလုပ်ဆိုတာ လုပ်ရပါတယ်။
အလုပ်တစ်ခုကလည်း ပတ်သက်ရာ ပတ်သက်ကြောင်း၊ တံငါနားနီး တံငါ၊ မုဆိုးနားနီးမုဆိုး ဆိုသလို ဖြစ်သွားကြတာများပါတယ်။ မိမိပတ်သက်ရာ ပတ်သက်ကြောင်း အဆက်အသွယ်၊ အဆက်အနွယ်ဖြစ်သွားကြတာများပါတယ်။ မိဘက ကုမ္ပဏီလုပ်ငန်းရှင် သားသမီးကလည်း လုပ်ငန်းရှင်၊ မိဘကတောင်သူဆို သားသမီးလည်းတောင်သူ၊ မိဘကဝန်ထမ်းဆို သားသမီးကဝန်ထမ်းဖြစ်တာ များသလို ကိုယ့်လုပ်ငန်းထက်ကောင်းမည် သာမည်ဆိုပြီး မိမိနှင့်ပတ်သက်ရာဆက်နွယ်ရာ အဆက်အသွယ်ကိုရှာဖွေလုပ်ကိုင်ကြတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီ့ အဆက်အသွယ်ဆိုတဲ့ လျောက်လမ်းတွေထဲက ကျွန်တော်ပြောချင်တာ ကာစီနို (casino) မှာ လုပ်တဲ့ အလုပ် လမ်းကြောင်းလေးပါ။
ကာစီနိုဆိုတာ လူချမ်းသာတွေအတွက် ပျော်ပွဲစားရုံ တစ်ရုံပါ။ လူ့အများရဲ့စိတ်တွေဟာ စာသင်ချိန်မှာ သူများထက်သာချင်၊ တော်ချင်၊ တတ်ချင်ကြတယ်၊ စကားပြောလည်း သူများထက်သာချင်၊ အဝတ် အစားလည်း သူများထက်သာချင် အစစ အရာရာမှာ အသာရရင် ကျေနပ်နေကြတယ်၊ ပျော်ရွှင်နေကြတယ်၊ အားကစားပြိုင်လည်းနိုင်မှ၊ လောင်းကစားလုပ်လည်းနိုင်မှဆိုတဲ့ အနိုင်ရရင် ပျော်ကြတဲ့လူတွေက ငွေကြေးကိုလောင်းကြေးထပ်ပြီး ပျော်ရွှင်ကြတယ်။ အရှူံးနဲ့ရင်ဆိုင်ရရင်လည်း စိတ်တိုကြ၊ အချို့ကြတော့လည်း အရှူံးကိုလက်ခံကျေနပ်ကြနဲ့ လူအမျိုးမျိုး စိတ်အမျိုးမျိုးနဲ့ စိတ်တိုလိုက် ပျော်ရွှင်လိုက်နဲပေါ့။ အဲ့ဒီသူတွေကို ဧည့်ခံပျော်ဖြေဖို့အတွက် လောင်းကစားနည်းမျိုးစုံကိုဖွင့် အကောက်ကောက်ပြီး စီးပွားရှာကြတာပေါ့။ အဲ့ ကစားဝိုင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းကို လစာ ကောင်းကောင်းပေးပြီး ခန့်ထားရပါတယ်။ ဘာလို့လည်းဆိုတော့ ငွေရေးကြေးရေး ယုံကြည်စိတ်ချမှု့ရှိအောင် လစာနဲ့ တုတ်ထားတဲ့ သဘောမျိုးပါ။
မြန်မာနိုင်ငံသားတွေအတွက်တော့ ကာစီနိုဆိုတာ မသိတဲ့သူများပါတယ်။ အဲ့ဒီ မသိတဲ့အတွက် ဘာအလုပ်မှန်းမသိ သားသမီးကို လစာကောင်းတယ်၊ သက်သာတယ်၊ အဲယားကွန်းအခန်းထဲမှာ အေးအေးဆေးဆေးပဲ ဆိုပြီး သားသမီးကို သက်သက်သာသာနဲ့ အလုပ်လုပ်စေချင်တာ မိဘတိုင်းရဲ့ သားသမီးအပေါ်မှာထားတဲ့ မေတ္တာ စေတနာပါ။ တချို့ကြတော့လည်း မိဘကမသိ လူငယ်အချင်းချင်း တစ်ယောက်အဆက်အသွယ်နဲ့ တစ်ယောက် ဒီအလုပ်ထဲရောက်သွားကြပါတယ်။ အလုပ်သဘောအရ ဌာနပေါင်းစုံရှိသလို လိုအပ်တဲ့သင်တန်းတွေပေးပြီမှ လုပ်ငန်းခွင်ဝင်ကြရပါတယ်။ တစ်ဌာနစီ တူညီဝတ်စုံ တွေဝတ်ပြီး မိမိတာဝန်ကျရာ နေရာမှာ တာဝန်ကိုယ်စီယူပြီး နေ့စိုင်း ညစိုင်းနဲ့ အလုပ်လုပ်ပြီး ဘဝရပ်တည်ဖို့ မိသားစုစားဝတ်နေရေးဖြေရှင်းဖို့ လုပ်ရပါတယ်။ လောင်းကစားဌာနမှာ လုပ်ရတဲ့သူတွေကိုလည်း ကစားနည်းမျိုးစုံ သင်တန်းပေးပြီးမှ လုပ်ငန်းခွင်ကိုဝင်ခိုင်းတာပါ။ ဧည့်သည်နဲ့ တိုက်ရိုက်ထိတွေ့ပြီး လောင်းကစားနဲ့ ဝန်ဆောင်မူပေးတဲ့သူတွေဆိုတော့ သူတို့ရဲ့ ဘဝလမ်းကြောင်းတွေ ပြောင်းတတ်ကြပါတယ်။ ငါ့သား ငါ့သမီး အလုပ် လုပ်နေတယ်၊ မိဘကို အလုပ်လုပ်ကျွေးပြီး ကျေးဇူးဆပ်နေတယ်၊ မိသားစု စားဝတ်နေရေး တစ်ထောင့်တစ်နေရာအတွက် ကူညီဖြေရှင်းပေးတယ်ဆိုပြီး မိဘတွေက ပီတိတွေဖြစ် တပြုံးပြုံးနဲ့ ကျေနပ်နေမိတာအမှန်ပါ။
ကြာလာတော့ လာကစားတဲ့ ဧည့်သည်တွေမှာလည်း လူတန်းစား အမျိုးမျိုးပါလာတတ်ကြတာပေါ့၊ ဆင်းရဲ ချမ်းသာ လူဆိုး လူကောင်း အမျိုးမျိုးပေါ့။ တချို့ဆို ပိုက်ဆံမရှိတော့ပဲ သူများကစားတာကို ဘေးကကြည့် ကျေနပ်နေတဲ့ လောင်းကစားစွဲနေတဲ့ လူတွေလည်းရှိပါတယ်။ ဘာလို့ဒီလိုဖြစ်လည်းဆိုတာ ပြန်စဉ်းစားမိတော့ ဆရာတော် တရားဟောတာ သွားသတိရတယ်။ "လောင်းကစားရယ်၊ မူးယစ်ဆေးဝါးရယ်၊ ကာမတဏှာရယ် အဲ့သုံးမျိုး စွဲမိရင် ဖြတ်ရခက်တယ်၊ ရောက်ရဲတင်းတိမ်ခြင်း၊ လိုအင်ဆန္ဒပြည့်ဝခြင်းရယ်လို့ ဘယ်တော့မှမရှိဘူး" ဆိုတဲ့ ဆရာတော်ဟောသွားတာ သွားသတိရမိတယ်။ ဒီသုံးမျိုးစလုံးကိုဖြစ်စေ၊ ဒါမှမဟုတ် တစ်မျိုးမျိုးကိုဖြစ်စေ စွဲတဲ့သူတွေဟာ သင့်တော်တယ်၊ မသင့်တော်ဘူး၊ မှားတယ်မှန်တယ်၊ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဝေဖန်ခွဲခြားနိုင်တဲ့ အသိမရှိတော့ပဲ ကိုယ်ဖြစ်ချင်တဲ့ စွဲလန်းမှု့တစ်ခုကိုပဲ မရမကလုပ်တတ်ကြတောတယ်။
တွေ့လိုက်မြင်လိုက်ရတဲ့ အထဲကတစ်ခုကိုပြောပြရရင် လောင်းကစားစွဲနေတဲ့ နို့စို့ကလေး အမေတစ်ယောက်ဟာ ကလေးကိုချီပြီး လောင်းကစားလုပ်နေတာ ည တစ်နာရီ၊ နှစ်နာရီလည်းမအိပ် လောင်းကစားလုပ်နေတယ်၊ ကလေးကလည်းအိပ်ချင်တော့ ငိုလိုက်၊ ငိုက်လိုက်၊ အိပ်လိုက်၊ နိုးလိုက်၊ နို့စို့လိုက်နဲ့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းကောင်းကိုမအိပ်ရဘူး။ အမေလုပ်တဲ့သူက ငွေရှူံးတော့ပြန်လိုချင်တဲ့ လောဘဖြစ်၊ လောဘနောက်မှာ ဒေါသပါ၊ ဒေါသနောက်မှာ မောဟပါလာတော့ ကိုယ်လုပ်တာမှားတယ်မှန်တယ် မသိ ကလေးကငိုတော့ရိုက်လိုက်ချော့လိုက်နဲ့ပေါ့။ ကလေးက လက်ပေါ်မှာခွေခွေခေါက်ခေါက်နဲ့အိပ်နေတယ်၊ အမေဖြစ်သူက လောင်းကစားလုပ်တော့ လှုပ်စိလှုပ်စိနဲ့၊ အနိုင်ရတဲ့အလှည့်မှာ ထအော်လိုက်တော့ ကလေးကလန့်နိုးလိုက်နဲ့ ကလေးကို သနားလို့ဘေးကလူက ချော့ခေါ်ပြီး ထိန်းပေးတယ်၊ နို့စာလို့ အမေစီပြန်ပို့တော့ နို့ဗူးပျော်တိုက်တယ်၊ နို့ဗူးကလည်း တပါးသူကဖျော်ပေးရတယ်၊ ခလေးက မတ်တတ်ရပ်နို့ဗူးစို့ရတယ်။ နို့ဘူးကို အမေကလက်တဖက်နဲ့ ကိုင်ပြီးခလေးကိုတိုက်တယ်၊ ကျန်တစ်ဖက်ကလောင်းကစားလုပ်တယ်၊ လောင်းကစားလုပ်တဲ့လက်ကလှုပ်တော့ ကိုယ်လုံးကလှုပ်၊ ကိုယ်လုံးကလှုပ်တော့နို့ဗူးကိုင်ထားတဲ့လက်ကလှုပ်၊ လက်လှုပ်တော့ နို့ဗူးက ခလေးပါးစပ်ကနေ လွတ်သွားလိုက် နှာခေါင်းထိုးမိလိုက်၊ ပါးထိုးမိလိုက်၊ ပါးစပ်ထဲပြန်ရောက်သွားလိုက်နဲ့ ခလေးကလည်း တစ်နှစ်ခွဲလောက်ဆိုတော့ နို့လွတ်လိုက် ခြေဖျားလေးထောက် နို့ဗူးနောက်ခေါင်းကလေးမော့လိုက် လိုက်၊ ခေါင်းလေးကို ဘယ်ရမ်း ညာရမ်းနဲ့ နို့လိုက်ဟပ်နေတဲ့ လောကအကြောင်းဘာမှမသိတဲ့ခလေးတစ်ယောက်ရဲ့ အဖြစ်ကို မြင်စေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ မိခင်ကလောင်းကစားစွဲတော့ သားသမီးအပေါ်မှာ ကြင်နာ သနားစိတ် လျော့သွားတယ်။ ကျန်တဲ့ အဖြစ်အပျက်တွေလည်းအများကြီးရှိပါတယ်။
လောင်းကစားလုပ်ရင်းနဲ့ အလုပ်အကိုင်ဆုံးရှူံး၊ အခြေမဲ့ အနေမဲ့ ဖြစ်သွားတဲ့ လောင်းကစားသမားတစ်ယောက်က ပြောပြဖူးတယ်၊ သူ့ရဲ့ကိုယ်တွေ့ လက်တွေ့နဲ့ အချိန်လွန်မှရခဲ့တဲ့ သူ့ရဲ့နောင်တတွေပေါင်းပြီး "ငါ့တူတို့ လောင်းကစားကို ဘယ်တော့မှ မလုပ်နဲ့ ဝေးဝေးမကြည့်နဲ့ ဦးကိုကြည့် မင်းတို့မြင်တဲ့အတိုင်းပဲ ဟိုတချိန်က ငွေတွေအများကြီးနဲ့ ကစားနိုင်တဲ့ လောင်းကစားသမား၊ အခုတော့သူများ ကစားတာလေး ထိုင်ငေးနေရတဲ့ ဘဝရောက်နေတာ မြင်တို့မြင်တဲ့အတိုင်းပဲ၊ လောင်းကစားလုပ်လို့ ရှူံးတာဟာ မီးလောင်းတာထက် ဆိုးတယ်၊ မီးလောင်ရင်မြေကျန်သေးတယ်၊ လောင်းကစားလုပ်တာ မြေပါမကျန်ဘူး" တဲ့ သူ့ရဲ့အဖြစ်ကို အခြေခံပြီး သူလိုမဖြစ်အောင်စေတနာနဲ့ ပြောပြနေတဲ့ လောင်းကစားသမားတစ်ယောက်ကိုလည်းတွေ့ဖူးခဲ့တယ်။
ကာစီနိုမှာ အလုပ်ဝင်လုပ်နေတဲ့ လူငယ်တွေအကြောင်းပြန်ဆက်လိုက်အုန်းမယ်နော်။ အိမ်မှာရိုးရိုးအေးအေးနေ၊ လောင်းကစားဆိုတာ ဘာမှန်းမသိတဲ့သားသမီးတွေလည်းပါ၊ အပြင်မှာ ဇရှိပြီးသား သားသမီးတွေလည်းပါပေါ့။ လက်မှု့ပညာတစ်ခုခု လုပ်တာကို နေ့တိုင်းထိုင်ကြည့်တယ်၊ ဝင်ကူလုပ်တယ် အဲ့ဒီလူက အဲ့ပညာကိုတတ်လာသလို၊ လောင်းကစားဝိုင်းမှာလုပ်တဲ့လူငယ်လူရွယ်တွေ နေ့တိုင်း လောင်းကစားကိုမြင်တွေ့နေရတော့ ကြာလာတာနဲ့ လောင်းကစားစိတ်ဟာ ရိုးရိုးအေးအေးနေတတ်လူပါ ကပ်ငြိသွားကြတာများပါတယ်။ နိုင်တဲ့သူကို ကြည့်ပြီး အားကျ၊ ခဏလေးနဲ့ ပိုက်ဆံတွေ အများကြီးရတယ်ဆိုပြီး စမ်းချင်လာတဲ့စိတ်ကပေါ်ပြီး စမ်းရင်းနဲ့ လောင်းကစားသမားဘဝရောက်သွားတဲ့ လူငယ်လူရွယ်တွေအများကြီးပါ။ တချို့ကြတော့လည်း လောင်းကစားရဲ့ မကောင်းကြောင်းကိုသိပြီး လိမ်လိမ်မာမာနဲ့ ကာစီနိုဝန်ထမ်း အဖြစ်လုပ်နေတဲ့ လူတွေလည်းရှိပါတယ်။ လောင်းကစားစွဲသွားတဲ့ လူငယ်လူရွယ်တွေဟာ ကြာလာတော့ ဒုစရိုက်အမျိုးမျိုးကို နည်းမျိုးစုံနဲ့ကျူးလွန်ပြီး လူတောမတိုးရဲပဲ ဘဝပျက်ရတဲ့ အဖြစ်တွေအများကြီးရှိသလို သာဓကတွေလည်း အများကြီးပါ။
ကာစီနိုမှာလုပ်မယ်ဆိုရင် လိမ်လိမ်မာမာနဲ့ ပညာအခြေခံလည်းရှိ တရုတ်စကား၊ အင်္ဂလိပ်စကား၊ ကွန်ပျူတာ တတ်မယ်ဆိုရင် နိုင်ငံတကာမှာလှည့်ပြီး လုပ်ကိုင်နေမယ်ဆိုရင် အလုပ်ကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အလုပ်ကတော့ရှားပါတယ်။ အဲ့လို ဘာသာစကား အတတ်ပညာ မလေ့လာ မလိုက်စားပဲ လူငယ်လူရွယ်တွေကို ကာစီနိုမှာ ဝင်လုပ်ခွင့်ပြုလိုက်ရင် ငယ်ရွယ်တဲ့အချိန်မှာပဲ အလုပ်လုပ်ခွင့်ရပြီး ကာစီနိုကထွက်တဲ့ အချိန်မှာ ဘဝအတွက်ဘာအာမခံချက်မှမရရှိပဲ ယောင်လည်လည်နဲ့ ဦးတည်ချက်တွေပျက်တတ်ပါတယ်၊ ကိုယ်တတ်ထားတဲ့ ကာစီနိုအလုပ်ကလည်း အတတ်ပညာတစ်ခုအဖြစ် မိသားစုစားဝတ်နေရေးအတွက် လုပ်ဖို့ကလည်း အပြင်မှာလုပ်စားလို့မရတဲ့ အချိန်မှာ လူငယ်လူရွယ်တွေဟာ ဝင်ငွေရဖို့အတွက် ကိုယ်သိထားတဲ့ လောင်းကစားအလုပ်နဲ့ ဆက်နွယ်ပြီး ဝင်ငွေရှာရင်းလောင်းကစားသမားဘဝရောက်သွားတတ်ကြပါတယ်။ ဒါကြောင့်မို့ ဘဝရှေ့ရေးအတွက် အချိန်မရွေး နေရာမရွေး လုပ်ကိုင်စားသောက်နိုင်တဲ့ အတတ်ပညာ၊ အချက်အပြုတ်၊ အရောင်းအဝယ်မျိုးနဲ့ဆိုင်တဲ့ အလုပ်အကိုင် တစ်ခုခုကိုသာ မိမိတို့ရှေ့ရေးအတွက်နှင့် မိဘများက သားသမီးများကို လမ်းပြပေးမှသာ သားလိမ္မာ သမီးလိမ္မာများဖြစ်လာပြီး မိဘများအားကိုးရတဲ့၊ မိဘများစိတ်ချမ်းသာရတဲ့ နိုင်ငံသားကောင်း သမီးကောင်း ရတနာများဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲ ကြိမ်းသေဖြစ်လာမှာပါ။

Zaw Zaw Naing Naing
from - FB

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>