လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

လုပ်ငန်းခွင်တွင် အောင်မြင်မှုရရှိရန်





လုပ်ငန်းခွင်တွင် အောင်မြင်မှုရရှိရန် အလုပ်အပေါ်တွင် မှန်ကန်သော သဘောထား ရှိရန် လိုအပ်ပါသည်။
အချို့သောသူများသည် လုပ်ငန်းခွင်ကို အဆင်မပြေတုန်း ခဏတာ နားခိုရာအဖြစ် သဘောထားနေကြသည်။ မိမိအနေဖြင့် ထိုအယူအဆကို လက်မခံနိုင်ပေ။ ထိုသို့ယူဆနေသရွေ့ ဘယ်တော့မှ အဆင်ပြေလာမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် လုပ်ငန်းခွင်က ပေးမည့် တာဝန်နှင့် အခွင့်အလမ်းများကို ဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေရမည့်အစား လုပ်ငန်းခွင်မှ အချိန်မရွေး ထွက်ခွာသွားရန် အဆင်သင့် ရှိနေကြသူများဖြစ်သောကြောင့်ပင်ဖြစ်သည်။
အချို့က အလုပ်ကို ချစ်ပါ ကုမ္ပဏီကို မချစ်ပါနှင့် ဟူ၍ ပြောဆိုနေကြသည်ကိုလည်း ကြားဖူးပါသည်။ အင်တာနက်တွင် ရှာကြည့်လျှင် Dr. APJ Abdul Kalam က ပြောခဲ့သည်ဟု တွေ့ရမည် ဖြစ်သည်။
မိမိသည် ထိုအယူအဆကို ထောက်ခံသူ တစ်ဦး မဟုတ်ပေ။ ကုမ္ပဏီနှင့် အလုပ် ဆိုသည်မှာ ခေါင်းနှင့်ပန်းကဲ့သို့ ဒွန်တွဲနေသည်သာဖြစ်သည်။ ကုမ္ပဏီရှိ၍ အလုပ်ရှိနေခြင်းဖြစ်သည်။ ကုမ္ပဏီ မရှိဘဲ အလုပ်ဖြစ်သွားကြသည်မှာ သာမန် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၊ အနှေးယာဉ်လုပ်သားများ ကဲ့သို့သော ကာယလုပ်သားများသာရှိမည်ဟု မိမိ ထင်မိသည်။ ကွန်ပြူတာလုပ်သားများ၊ စာရင်းကိုင်များ၊ မန်နေဂျာများ၊ ဈေးကွက်ရှာဖွေရေးဝန်ထမ်းများ၊ အရောင်းဝန်ထမ်းများမှအစ နောက်ဆုံး ပန်းရန်လုပ်သားများအထိ ၎င်းတို့၏ အလုပ်များသည် ကုမ္ပဏီများ အပေါ်တွင် မှီတည်နေပေသည်။
စင်စစ် လုပ်ငန်းခွင်သည် အိပ်ချိန်မှ လွဲ၍ တနေ့တာအတွင်း မိမိအိမ် သို့မဟုတ် မိမိနေသော အဆောင်ထက်ပင် အချိန်ပို၍ ပေးထားရသော နေရာဖြစ်သည်။ အလုပ်ခွင်သည် မိမိဘဝတိုးတက်ရာတိုးတက်ကြောင်း ကြိုးစားရာနေရာဖြစ်သည်။ လုပ်ငန်းခွင်သည် မိမိအပါအဝင် မိမိ မိသားစု၏ စားဝတ်နေရေးကို ပြေလည်အောင် ဆောင်ရွက်ပေးနေရာ နေရာဖြစ်သည်။ ထို့ကြောင့် အလုပ်ခွင်ဆိုသည်မှာ အလုပ်ခွင်ဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်ထက်ပင် လေးနက်ပါပေသည်။
လုပ်ငန်းခွင်သည် မိမိအား ငွေကြေးသာပေးစွမ်းသည်မဟုတ်။ ကိုယ်ရည်ကိုယ်သွေးတိုးတက်ခြင်း၊ အတွေ့အကြုံတိုးတက်ခြင်းနှင့် အသိမှတ်ပြုခံရခြင်းတို့ကိုပါ ပေးစွမ်းကြောင်း သတိချပ်သင့်သည်။ တာဝန်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် ငွေကြေး လစာတစ်ခုတည်း ကြည့်တတ်သူက ပြီးစလွယ် လုပ်လေ့ရှိသည်။ သို့ရာတွင် လုပ်ငန်းခွင်အပေါ် သဘောထား မှန်ကန်စွာ ထားသူများကမူ တာဝန်တစ်ခုကို ပြောင်မြောက်စွာ ဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်ရည်ကိုယ်သွေးကို စမ်းသပ်နိုင်ခြင်း၊ အတွေ့အကြုံသစ်များ ရရှိနိုင်ခြင်း၊ လုပ်ဖော်ကိုင်ဘက်များထံမှ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကိုပါ ရအောင်ယူတတ်ကြသည်။
မိမိလုပ်ကိုင်ရာ လုပ်ငန်းခွင်၏ တိုးတက်မှုသည် မိမိတိုးတက်မှုနှင့်တိုက်ရိုက်အချိုးကျပေသည်။ သေချာသည်မှာ ရှုံးနေသော လုပ်ငန်းတစ်ခုမှ မြင့်စွင့်သော လုပ်ခ လစာများကို မျှော်မှန်း၍ မရနိုင်ဟူသော အချက်ပင်ဖြစ်သည်။ လုပ်ငန်းတစ်ခု၏ အောင်မြင်မှုသည် လုပ်သားများက မခိုမကပ်ဘဲ ရှိသမျှသော အရည်အသွေးများကို ထုတ်သုံးကာ ကြိုးစားဆောင်ရွက်ခြင်းပေါ်တွင် အဓိက မူတည်နေပြန်သည်။ ထို့ကြောင့် မိမိနှင့် လုပ်ဖော်ကိုင်ဘက်များ ဝိုင်းဝန်း၍ မိမိလုပ်ငန်း တိုးတက်အောင် ဆောင်ရွက်နေခြင်းသည် မိမိတို့ ဘဝများ တိုးတက်အောင် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း အထူး သတိချပ်သင့်သည်ဟု အကြံပေးလိုက်ရပါတော့သည်။

 မောင်ဝင်းထိန်(အင်းစိန်)
From - FB  

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>