အမေရိကန် သံအမတ်သစ်ရဲ့ ကန့်လန့်ကာအဖွင့် (သို့) ရိုဟင်ဂျာလို့ပဲ ဆက်၍ခေါ်မည် စု
အမေရိကန်သံအမတ်ကြီး (ဟောင်း) ဒဲရစ်မစ်ချယ်ဟာ မြန်မာ ပြည်သူလူထုနဲ့ အလွန် ပလဲနံပသင့်သော်ငြားလည်း သံအမတ်ကြီးအသစ် ဖြစ်လာတဲ့ စကော့မာစီရယ်ကတော့ ရောက်
ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ ရိုဟင်ဂျာလို့ပဲ ဆက်၍ခေါ်မည်စု ဆိုတဲ့သဘောပါတဲ့ စကားကို ပြောဆိုပြီးတော့ မြန်မာလူထုရဲ့ မေတ္တာကို ခံယူလိုက်ပါတယ်။
ဒါပေမဲ့ သံအမတ်ကြီးဟာ ရိုဟင်ဂျာလို့ ခေါ်မည်ဆိုတာကို တိုက်ရိုက်ပြောခဲ့တာတော့ မဟုတ်ပါ။ လူမျိုးစုတစ်စုဟာ သူတို့ကို ခေါ်စေချင်တဲ့နာမည်ကို ရွေးခွင့်ရှိတယ်ဆိုတဲ့ တန်ဖိုးအခြေပြု (Value) ရှုထောင့်ကနေ ပြောဆို ခဲ့တာပါ။ ဒါဟာ စံနှုန်းကျင့်ဝတ်တွေအရတော့ သံအမတ်ကြီး မှန်ပါတယ်လို့ ဆိုရမယ်။
မြန်မာလား ဘားမားလား
စစ်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအတိုက်အခံဟာ မြန်မာဆိုတာ စစ်အစိုးရက သူတို့သဘောနဲ့ ပြောင်းထားတာဖြစ်တဲ့ အတွက် ဘားမားလို့ပဲ ဆက်လက်သုံးစွဲပါမယ် ဆိုတုန်းကလည်း အမေရိကန်တွေဟာ စံနှုန်းအရ ဘားမားလို့ ခေါ်ပေးခဲ့တာပဲ မဟုတ်ပါလား။ ဒါပေမဲ့ ထိုအချိန်က တရားဝင်အစိုးရဖြစ်တဲ့ စစ်အစိုးရက မြန်မာဆိုတာကိုပဲ ရအောင် တရားဝင်လုပ်ခဲ့တယ်။ နောက်ဆုံးမှာ ဘားမားဆိုတာ အမေရိကန်နဲ့ ဗြိတိန်ပဲ သုံးတော့တဲ့အထိပဲ ကျန်ပါတယ်။ ဥရောပနိုင်ငံ
အချို့တောင် မြန်မာဆိုတဲ့ တရားဝင်အသုံးကို သုံးစွဲပါတယ်။
အမျိုးသားရေးစိတ် ငယ်ထိပ်တက်လေပြီ
ယခင်က ဒီစကားလုံးနဲ့ပတ်သက်ရင် မျိုးချစ်လို့ဆိုသူ ပုဂ္ဂိုလ်များသာ အပြင်းအထန် ကန့်ကွက်ခဲ့သော်ငြား
လည်း ဒီတစ်ကြိမ်မှာတော့ ပြည်တွင်းက လူ့မလိုင် အသိုင်းအဝိုင်းမှာပါ ဂယက်ရိုက်ခဲ့ပြီး သံအမတ် အသစ်ကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ကြပါတယ်။ ထုံးစံအတိုင်း ဖေ့စ်ဘုတ် စာမျက်နှာတွေကနေ ရှုတ်ချရာမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့် အရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေ သူများပါ ပါဝင်လာတော့ ရှောခ့်ဖြစ်ရပါတယ်။
စကားလုံးတွေနဲ့ပဲ ပိတ်မိနေတော့မှာလား
ဒီ စကားလုံးအသုံးအနှုန်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့လူမျိုးဟာ ဆတ်ဆတ်မျှ အထိမခံပါဘူး။ အထူးသဖြင့် ချစ်ရင်အဆုံး မုန်းရင်အဆုံး ဖြစ်တဲ့ ကျွန်တော်တို့လူမျိုးရဲ့ ဗီဇစရိုက်ကြောင့်ပဲလား မသိ။ ကျွန်တော်တို့ဟာ ဒီအသံကြားတာနဲ့ ငယ်သံပါအောင် အော်ကြပါတယ်။ ဒါပေမဲ့ အဓိက ကိစ္စဖြစ်တဲ့ ဘာကြောင့် ဒီအသုံးကို မသုံးစေချင်တာလဲဆိုတဲ့ အဖြေကို ပေးဖို့တော့ ပညာရှိ သတိဖြစ်ခဲ ဖြစ်ခဲ့ကြတာလား မသိပါ။ ဒီစကားလုံး သုံးလိုက်လို့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ဒီလူတွေဟာ နေ့ချင်းညချင်း နိုင်ငံသား ဖြစ်မသွားပါ။ နေ့ချင်းညချင်း တိုင်းရင်းသားလည်း ဖြစ်မသွားပါ။ တကယ်တော့ စံနှုန်းအရကြည့်ရင် ကျွန်တော်တို့ဟာ လူမျိုးစုတစ်စုကို သူတို့ခေါ်စေချင်တဲ့ နာမည်ကို ခေါ်ပေးနိုင်တဲ့ အနေအထားထိတော့ လက်ခံနိုင်ပါမယ်။ သူတို့ဟာ သူတို့ ဝါသနာပါလို့ ရိုဟင်ဂျာမက သပွတ်အူ လူမျိုးလို့ ပြောင်းလိုက်ရင်လည်း ကျွန်တော်တို့အနေနဲ့ သူတို့ဟာ သပွတ်အူ လူမျိုးများဖြစ်ကြောင်း စံနှုန်းကျင့်ဝတ်အရ လက်ခံနိုင်ရမှာ ဖြစ်ပါတယ်။
ဘာကြောင့် ဒီအသုံး သုံးလို့ မဖြစ်နိုင်တာလဲ
တကယ်တော့ မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်စဉ်က ဦးနေဝင်းလက်ထက်ကစေလို့ လက်ရှိအစိုးရအထိ လိုတိုးပိုလျှော့ ဘယ်သူ့မှ မမေးဘဲ စိတ်ကြိုက်ပြင်ထားခဲ့တဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားမဟုတ်တဲ့ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဆစ်ခ်၊ ပေါ်တူဂီနဲ့ အာမေးနီးယန်းလို လူမျိုးတွေကိုတောင် မြန်မာနိုင်ငံမှာ နေထိုင်ကြသူများ အဖြစ် ထည့်သွင်း ကောက်ခံခဲ့ပါတယ်။ သူတို့ရဲ့ နိုင်ငံသားရပြီးသား မှတ်ပုံတင်များမှာလည်း နီပေါ၊ အိန္ဒိယ၊ ပေါ်တူဂီ စသည်ဖြင့် ထည့်သွင်းဖော်ပြပါတယ်။ စကားစပ်လို့ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိတဲ့ မြန်မာနိုင်ငံသား ဂေါ်ရခါးလူမျိုးများကို မှတ်ပုံတင်မှာ နီပေါလို့ ရေးပါတယ်။ ဂေါ်ရခါးဟာ အရပ်သုံးပါ။ ဂေါ်ရခါးလူမျိုးများကလည်း ဘာအခွင့်အရေးမှ မတောင်းဆိုခဲ့တော့ ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။
ဒါဆို ရိုဟင်ဂျာဆိုတာကို အရပ်စကားနဲ့ ခေါ်ချင်သလိုခေါ်၊ တိုင်းရင်းသား ၁၃၅ မျိုးထဲ မပါဘူးထား။ အခြားနိုင်ငံခြား နွယ်ဖွားများလိုပဲ သူတို့ရဲ့ နိုင်ငံသားရပြီး မှတ်ပုံတင်မှာ ရိုဟင်ဂျာ ဆိုတဲ့အသုံး ထည့်လို့ရမလား၊ ဒါမှမဟုတ် မှတ်ပုံတင်မှာတော့ ဘင်္ဂါလီလို့ရေးပြီး အရပ်ထဲမှာခေါ်တော့ ရိုဟင်ဂျာဆိုရင်ရော ဖြစ်မလား၊ ဒီလို စဉ်းစားလို့လည်း ရပါတယ်။ စဉ်းစား လိုက်တော့လည်း မဖြစ်နိုင်
ပါဘူး။
ဘာကြောင့်လဲဆိုရင် တရုတ်၊ အိန္ဒိယအပါအဝင် အထက်မှာ ဖော်ပြခဲ့တဲ့လူမျိုးတွေမှာ မူလ ဘိုးဘေးနိုင်ငံနဲ့ ဘိုးဘေးလူမျိုးတွေ ရှိလို့ပါပဲ။ ဂေါ်ရခါးဆိုရင်လည်း နေပါလီလို ဂိုလ်ခါလို့ ခေါ်ပါတယ်။ မြန်မာအသံထွက်က ဖလှယ်သွားတာပါ။ ဆိုတော့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးနဲ့ ဘိုးဘေး နိုင်ငံပြပါဆိုရင် မရှိဘူးလို့ဆိုရမှာ ဖြစ်
ပါတယ်။ ဒါဆိုရင် လူမျိုးနာမည်နဲ့ နိုင်ငံမရှိတဲ့ တိုင်းရင်းသားတွေ အများကြီး ရှိတယ်ထား၊ ဆိုပါတော့ ဒီလူတွေဟာ ရခိုင်ပြည်နယ်မှာ ရှိတယ်ဆိုရင် တစ်ဖက်ဘင်္ဂလားဒေ့ရှ်မှာလည်း ရိုဟင်ဂျာလူမျိုး ရှိကိုရှိရပါမယ်။ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီလူမျိုးများ အပါအဝင် အခြားအိန္ဒိယ တိုက်သားများနဲ့ တရုတ်အမျိုးသားများထဲက အတော်များများကို မြန်မာနိုင်ငံမှာ နှစ်ပေါင်းရှည်ကြာနေလာ
ခဲ့သူ မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ် ပြုထားပါတယ်။ သဘောကတော့ နယ်စပ်ကပ်နေ
တဲ့ နိုင်ငံတွေမှာ ခေတ်သစ်နယ်နိမိတ် မတိုင်မီတည်းက ဟိုဘက်ဒီဘက် နေခဲ့သူတွေ ရှိလို့ပါပဲ။ တရုတ်နဲ့ အိန္ဒိယမှာ ကချင်တွေ၊ ရှမ်းတွေ အများကြီးရှိပါတယ်။ ထိုင်းမှာလည်း မြန်မာဘက်က တိုင်းရင်းသားတွေရဲ့ အမျိုး၊ ထိုင်းနိုင်ငံသားတွေ အများကြီးရှိပါတယ်။
ဒါပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်မှာ ကျတော့ ရိုဟင်ဂျာမရှိဘူး၊ ရခိုင်မှာလည်း ဘင်္ဂါလီတော့မရှိဘူး၊ ဘင်္ဂါလီနဲ့ ဘာမှ ခွဲမရအောင်တူတဲ့ ရိုဟင်ဂျာပဲ ရှိတယ်ဆိုတာကတော့ အလွန်ခွကျတဲ့ ကိစ္စဖြစ်ပါတယ်။ ဘင်္ဂါလားဒေ့ရှ် ဘက်မှာလည်း ရခိုင်မျိုးနွယ်စုတွေ ရှိပါတယ်။ ရခိုင်ပြည်မှာလည်း ဘင်္ဂါလီတွေ အများကြီးရှိပါတယ်။ မြန်မာဘက်မှာပဲ ရိုဟင်ဂျာရှိတယ် ဆိုလည်း သူတို့ရဲ့ မူလတောင်းဆိုချက်ဖြစ်တဲ့ တိုင်းရင်းသားပေးဖို့ဆိုတဲ့ ဘူတာပဲ ဆိုက်ပါတယ်။ ဒီလိုဆိုရင် ဟိုဘက်မှာကျ တစ်ယောက်တစ်လေတောင် မရှိဘူးလားလို့တောင် မေးရမလိုပါ။ ဟိုဘက်ကနေ ဒီဘက်ကို ကူးလာ လိုက်တာနဲ့ အလိုအလျောက် နာမည်ပြောင်းသွားတဲ့ အင်မတန်ထူးဆန်းတဲ့ လူမျိုးအသစ်ကို နေ့ချင်းညချင်း မြန်မာနိုင်ငံမှာ ဖန်တီးလိုက်သလို ဖြစ်နေပါလိမ့်မယ်။ ရှိပြီးတဲ့ ဘင်္ဂါလီလူမျိုးများ ကိုလည်း နိုင်ငံသားဥပဒေနဲ့ အကျုံးဝင်ရင်ဝင်သလို နိုင်ငံသား ပြုခွင့်ပေးထားပြီးဖြစ်လို့ ဒါဟာ ပြဿနာ လို့လည်း ပြောလို့မရပါ။
ဒါကြောင့် ရိုဟင်ဂျာဆိုတဲ့ နာမည်သည် စံနှုန်းအရတော့ ကိုယ်ခေါ်ချင်သလိုသာ ခေါ်ကြ၊ တရားဝင်အရတော့ မည်သို့မျှ မဖြစ်နိုင်ပါကြောင်း ဆိုတဲ့ ဖြေရှင်းချက်ဟာ ပညာရှင်မဆန်ပေမယ့် ကျိုးကြောင်းဆီလျော်မှုတော့ ရှိမယ်လို့ထင်ရပါတယ်။ ဒါကြောင့် ခေါ်တာက လူသားကျင့်ဝတ် စံနှုန်းအရ ပြဿနာမရှိ၊ နိုင်ငံအနေနဲ့ ပြဿနာရှိနေကြောင်း ကိုတော့ ဒီကိစ္စတွေနဲ့ မေးခွန်းထုတ်ရှင်းနိုင်ရင် စကားလုံးတွေနဲ့ မပိတ်မိဘဲ တစ်စုံတစ်ရာတော့ အကျိုးဖြစ်ပါလိမ့်မယ်။
နိုင်ငံတကာမှာ ဘယ်လိုရှင်းကြမလဲ
ဒီပြဿနာဟာ တကယ်တော့ ပြည်တွင်းပြဿနာ မဟုတ်ပါ။ ကျော်ကြားလာတာ ကလည်း ဆယ်စုနှစ်တစ်ခု
လောက်သာ ရှိသေးပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အဆိုးဆုံးဖြစ်ခဲ့ပါတယ်။ ဆိုရရင် မြန်မာနိုင်ငံ တံခါးပွင့်သွားတဲ့အချိန်မှာ တစ်ချိန်က မရှင်းမလင်းဘဲထားခဲ့တဲ့ ပြဿနာ အရှုပ်အထွေးကြီးတစ်ခုကို ရင်ဆိုင်လိုက်ရတာပါပဲ။ စာရေးသူ သိသလောက် လက်လှမ်းမီသလောက်နဲ့ ပြောရရင်တော့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေ ပေါက်ကွဲနှုန်း၊ နေရပ်စွန့်ခွာ ထွက်ပြေးမှုဟာ ကမ္ဘာသိ ကိစ္စတစ်ရပ်ပါ။ နှစ်စဉ် ပင်လယ်ပြင်ကိုဖြတ် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဩစတြေးလျ နိုင်ငံများအထိ ထွက်ပြေးနေခဲ့ကြ
တာ ဖြစ်ပါတယ်။ ထိုအချိန်များကတော့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာရဲ့ ပိတ်ဆို့မှုခံထားရပြီး ကမ္ဘာကြီးနဲ့ ခပ်ဝေးဝေး ရပ်ကွက်လူမိုက်အဖြစ် ဘယ်သူမှ မခေါ်ချင်မပြောချင်တဲ့ နိုင်ငံ ဖြစ်နေခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ ဒီဒုက္ခသည်များကို နှစ်စဉ်လက်ခံဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့ ဘင်္ဂလားဒေ့ရှ်နဲ့ ရင်ဆိုင်ရှင်းမယ် ကြံလိုက်ရင် OIC နဲ့ ထိပ်တိုက်တိုးမယ့်ကိန်း ဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ထိုင်းနိုင်ငံဟာ ဒီလှေစီးဒုက္ခသည်တွေကို တွေ့ရင် စားနပ်ရိက္ခာ ထည့်ပေးပြီး ပင်လယ်ထဲ ပြန်မျှောလိုက်တာပါပဲ။ ဩစတြေးလျကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ရှင်းရင် နိုင်ငံချင်းအရ စာမဖွဲ့လောက်ပေမယ့် နောက်ဆက်တွဲကိစ္စတွေ ရှိနေပြန်ပါတယ်။ ဒီတော့ ဝိမုတ္တိဒဏ် ငဝက်ခံစေဆိုသလို ရပ်ကွက်ထဲမှာ မရှိခိုးနိုးဖြစ်တဲ့ မြန်မာနိုင်ငံခေါင်းပေါ် အလွယ်တကူ ပုံချလိုက် တော့တာပါပဲ။
နောက်ပိုင်းမှာတော့ ဗြိတိန်အခြေစိုက် အဖွဲ့အစည်းတချို့အနေနဲ့ ရိုဟင်ဂျာကိစ္စကို ပရောဂျက်တစ်ခုလို၊ ကမ်ပိန်းတစ်ခုလို လုပ်လာခဲ့ရာက ဒီပြဿနာဟာ နိုင်ငံတကာမှာ ကြီးမားကျယ်ပြန့်လာပါတယ်။ အနောက် ကမ္ဘာမှာလည်း ဒီကမ်ပိန်းကို ယုံကြည်လာခဲ့ကြပါတယ်။ ပြောရရင် အနောက်ကမ္ဘာမှာ ဒီပြဿနာကို ရေရေ
လည်လည်မသိတော့ဘဲ မြန်မာတွေ အထူးသဖြင့် ရခိုင်တိုင်းရင်းသားတွေက တိုင်းရင်းသားမျိုးနွယ်စု တစ်ခုကို မျိုးတုံး သတ်ဖြတ်နေတယ်လို့ နားလည် လက်ခံနေကြပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ခေါင်းစဉ်နဲ့ဝင်လာတဲ့ အဖွဲ့အစည်းတွေဟာ တစ်ဖက် လူ့အဖွဲ့အစည်းကို အထူးအလေးထား ဆက်ဆံပြီး ဒေသခံတိုင်းရင်းသားတွေကို လျစ်လျူ ရှုခဲ့ကြတာပါပဲ။ အကျိုးဆက်ကတော့ ရခိုင်လူမျိုးတွေသာမက မြန်မာနိုင်ငံသား အားလုံးအတွက်ပါ ဒေါသ
ပွားစေခဲ့ပါတယ်။ ဒီအခြေအနေဟာ အခု လုံးချာလည်နေတဲ့ ပြဿနာတွေထဲ စာရေးသူ မြင်ရသလောက်
သာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ လှေစီးဒုက္ခသည် အရေးမှာဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကို ၁ ရက်သာ မျက်နှာဖုံးဖော်ပြခဲ့တဲ့ နယူးယောက်တိုင်းမ် သတင်းစာဟာ လှေစီးဒုက္ခသည် သတင်းကို ၃ ရက်ဆက် တိုက်ဖော်ပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးတွေကို တင်လာတဲ့သင်္ဘောတွေကို အမေရိကန်၊ ကျူးဘားနဲ့ ကနေဒါက လက်မခံလို့ သူတို့ထဲက အတော်များများ ဥရောပကို ပြန်ရောက်သွားပြီး ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမန်တွေရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ Ms. St Louis သင်္ဘောဥပမာနဲ့ ခိုင်းနှိုင်းရေးသားခဲ့ကြပါတယ်။
ဦးသိန်းစိန်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် နိုင်ငံတကာရဲ့ထောက်ခံမှု လိုအပ်နေချိန်မှာ ပြည်တွင်းရေး မတည်မငြိမ် ဖြစ်စေမယ့် ကိစ္စတချို့၊ အစိုးရရဲ့ အကျိုးစီးပွား ထိခိုက်စေမယ့် ကိစ္စအချို့ ကိုတောင် အလျှော့ပေးလက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ပြတ်ပြတ် သားသား ဆန့်ကျင် ရပ်တည်ခဲ့ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကိုမှ အလျှော့မပေးခဲ့ပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီနဲ့ အခြေခံ လူ့အခွင့်အရေး အပြည့်အဝရဖို့၊ နိုင်ငံသားရသင့်တဲ့သူ ရအောင် စိစစ်ဖို့ လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပါတယ်။ လှေစီးဒုက္ခသည် အရေးမှာလည်း နိုင်ငံတကာသိအောင် အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပြီး ကိုင်တွယ်နိုင် ခဲ့ပါတယ်။
ပညာရှင်ဒီဘိတ်တွေ မတွေ့ရ
ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် ဒီလူမျိုး ရှိတယ်၊ မရှိဘူးလို့ရပ်ခံတဲ့ ပညာရှင် အများကြီး ရှိကြပါတယ်။ ပြည်ပပညာရှင်တွေ ကြားမှာတောင် အမျိုးမျိုး ဝိဝါဒကွဲပါတယ်။ ဒါကိုလည်း ဖေ့စ်ဘုတ်မှာ စိန်ခေါ်နေတာက လွဲလို့ နိုင်ငံတကာပညာရှင်တွေ ပါဝင်တဲ့ ဒီဘိတ်ကြီးတစ်ခု လုပ်တာ မတွေ့ရပါ။ ဟိုဆရာကြီးတော့ဖြင့် ရောက်နေပြီ၊ ဒီဘက်ကလည်း ဒီဆရာကြီးတော့ဖြင့် ရောက်နေပြီ အချိန်မရွေး လာငြင်းနိုင်တယ် စိန်ခေါ်နေပေမယ့် တကယ် ဆွေးနွေးငြင်းခုံတာတော့ တစ်ခါမှ မမြင်ခဲ့ရပါ။ တကယ်လို့သာ နိုင်ငံတကာပညာရှင်တွေ၊ ပြည်တွင်းပညာရှင်တွေ ပါဝင်တဲ့ သမိုင်းသုတေသန အထောက်အထား ခိုင်လုံတဲ့ စာတမ်းတွေနဲ့ ငြင်းခုံရင် ဒီပြဿနာဟာ နိုင်ငံတကာမှာလည်း အတော်ပြေလည်မယ်၊ နိုင်ငံတကာ နားလည်မှုပုံစံလည်း ရှင်းသွားမယ်၊ မြန်မာနိုင်ငံ အတွက်လည်း အတော်အကျပ်ရိုက်နေတဲ့ ပြဿနာကြီးတစ်ခု ပြေလည်သွားမှာဖြစ်လို့ ဖေ့စ်ဘုတ်ကြိမ်း မကြိမ်းဘဲ လက်တွေ့ လုပ်ကြစေချင်ပါတယ်။
စံနှုန်းလား၊ အကျိုးစီးပွားလား
အကယ်၍များ မြန်မာအစိုးရဘက်ကနေ ရခိုင်ပြည်နယ်ပြဿနာကို နိုင်ငံတကာ၊ အထူးသဖြင့် အနောက်နိုင်ငံများနဲ့ လက်တွဲလုပ်ဆောင်ခဲ့ ရာမှာ အောင်မြင်မှု မရတဲ့အပြင် နားလည်မှုတွေ ပိုမိုဆိုးဝါးပြီး ပြည်တွင်းမှာပါ ဘာသာရေးဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ လူသားချင်းစာနာ ထောက်ထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်နဲ့ ပင်လယ်ပြင်လုံခြုံရေး အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားနေပါတယ်။ ပြည်ပ လက်နက်ကိုင်တပ်တွေ အခြေစိုက်ခွင့် မပြုဘူးဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်ကိုလည်း ပြင်သင့် မပြင်သင့် ဆွေးနွေးနေပါတယ်
လို့များ လေသံပစ်လိုက်ရင် အမေရိကန်နဲ့ အနောက်နိုင်ငံများ အနေနဲ့ စံနှုန်း (Value) ကိုပဲ ပြောမလား၊ အကျိုးစီးပွား (Interest) ကိုပဲ ပြောတော့မလားဆိုတာ စဉ်းစားစရာပါ။
ယောက်ဖခေါ်တိုင်း နှမပေးစရာမလို
လူတစ်ယောက်နာမည်က ယောက်ဖဖြစ်နေတိုင်း နှမပေးစရာ မလိုပါဘူး။ သူ့နာမည် သူကြိုက်သလို ခေါ်ခွင့်ရှိပါတယ်။ နှမပေးခြင်း၊ မပေးခြင်းဟာ ကိုယ့်လက်ထဲမှာပါ။ တိုင်းရင်းသား
ပေးဖို့၊ နိုင်ငံသား မဖြစ်သင့်တဲ့သူကို နိုင်ငံသားပေးဖို့ ဘယ်နိုင်ငံကမှ ဘယ်နိုင်ငံကို ဖိအားပေးလို့ မရပါဘူး။
ဒီနေရာမှာ မြန်မာနိုင်ငံသားအားလုံး အနေနဲ့ ကမ္ဘာကို တစ်သံတည်း သတင်းစကားပါးဖို့ လိုပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းတွေကြောင့် ရိုဟင်ဂျာနာမည်ကို တရားဝင် လက်မခံနိုင်တာ ဖြစ်တယ်။ အမေရိကန်တွေ လုပ်သလိုပေါ့။ အမေရိကန်ပြည်သူ တစ်ရပ်လုံးက အကြမ်းဖက် ကိုသာ ဆန့်ကျင်တယ်၊ မွတ်စလင်ကို ဆန့်ကျင်တာမဟုတ်ဘူးလို့ တညီ တညွတ်တည်း အသံထွက်ကြပါတယ်။
ဒါကြောင့် ဒီကိစ္စကို စကားလုံးလောက်နဲ့ ဆတ်ဆတ်ထိမခံ ဖြစ်နေတာမျိုး၊ ဆဲဆိုနေတာမျိုး မလုပ်ဘဲ လူမျိုးမရွေး ဘာသာမရွေးသော မြန်မာနိုင်ငံသားအားလုံး အနေနဲ့ ရိုဟင်ဂျာဆိုတာကို ဘာကြောင့် လက်မခံနိုင်ရတာ ဖြစ်ကြောင်း၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသားဥပဒေအရ နိုင်ငံသား ဖြစ်သင့်သူများ
ကို ငြင်းပယ်နေတာ မဟုတ်ကြောင်း၊ မရှိတဲ့လူမျိုး ဖြစ်တဲ့အတွက် တရားဝင် လက်မခံသာတာ ဖြစ်ကြောင်း ကမ္ဘာကြီးကို တစ်သံတည်း သတင်းစကား ပါးလိုက်ကြရင်ဖြင့် ပိတ်မိနေတာတွေကို ရှောင်ရှားပြီး ရှေ့ကို တစ်ဆင့်တက်နိုင်မယ့် နည်းလမ်းလေးများ ရှာဖွေနိုင်ကြရင် မြန်မာနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ နိုင်ငံတကာပြဿနာ တစ်ရပ်ကို ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်းပါ။
ချစ်ဦးကိုကို
No comments:
Post a Comment