အရှေ့အလယ်ပိုင်း
ပွက်ပွက်ဆူ၍ ဆီးရီးယားအခြေခံစစ်ပွဲ ပေါက်ကွဲလုနီးအချိန်တွင် နေတိုးအဖွဲ့၏
ဒုတိယစစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး Sir. Richard
Shirreff က ၂ဝ၁၇ မတိုင်မီ နျူကလီးယားစစ်ပွဲကြီးဖြစ်ပွားလိမ့်မည်ဟု
သူ၏ကိုယ်ရေးစာအုပ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
နေတိုးတပ်ဖွဲ့၏ ဒုတိယအကြီး အကဲတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သဖြင့် အလေးထားရမည့်ကိစ္စ ဖြစ်သော်လည်း သူခန့်မှန်းထားသည့်နေရာများတွင် စစ်ပွဲကြီးကြီးမားမား ဖြစ်လာမည်ဆိုသည့်အ ပေါ်တွင်မူ ဝိဝါဒကွဲပြားလျက်ရှိကြသည်ကို တွေ့ရသည်။ Shirreff ခန့်မှန်းသည့်နေရာက ရှရှားနှင့် ဘောတစ်ကမ်းရိုးတန်းနိုင်ငံများ ဖြစ်ကြသော ဒိန်းမတ်၊ ဂျာမနီ၊ ပို လန်၊ လစ်သူယေးနီးယား၊ လတ်ဗီး ယား၊ အက်စတိုနီးယား၊ ဖင်လန်၊ ဆွီဒင်နိုင်ငံများကြားဟု သုံးသပ်ကြ ပါသော်လည်း ယနေ့တင်းမာနေသည့်နေရာများ မှာအရှေ့အလယ်ပိုင်း အစ္စလာမ်နိုင်ငံများဖြစ်ပြီး၊ လိုအပ်ပါက နျူကလီးယား (ကန့်သတ်)သုံးစွဲမည်ဟု ထုတ်ဖော်ပြောဆိုရာနေရာမှာ ဆီးရီးယား ဖြစ်နေပါ၏။
ဗိုလ်ချုပ်ကြီး Sir. Richard Shirreff သည် နေတိုးတပ်ပေါင်းစု၏ ဒုတိယစစ်ဦးစီးချုပ်အဖြစ် (၂ဝ၁၁-၂ဝ၁၄) တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ ပူပူနွေးနွေးမျှ သာ ရှိသေးပြန်သည်၊ စစ်ရေးအခင်းအကျင်းနှင့် ပတ်သက်၍များစွာ မကွာဟနိုင်သေး။
ယူကရိန်း
တစ်ချိန်က ဆိုဗီယက်ယူနီယံထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော ယူကရိန်းသည် စစ်အေးလွန် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲ သွားသောအခါ သီးခြားနိုင်ငံ ထူ ထောင်ပြီးနေတိုးနှင့် နီးစပ်ခဲ့သည်။ ရုရှားနှင့် နှစ်ကိုယ့်တစ်စိတ်ဖြစ်ခဲ့ သောယူကရိန်းတွင် စီအိုင်အေတို့ ၏ပံ့ပိုးမှုဖြင့် အမေရိကန်လိုလား သောအဖွဲ့ အားကောင်းလာခဲ့သည်။ ခြံချင်းကပ်လျက် ခြိမ်းခြောက်နိုင် သောအခြေအနေကို ရုရှားအနေဖြင့် မည်သို့မျှ လက်ခံနိုင်သည်မဟုတ်၍ ခရိုင်းမီးယားကို ဝင် ရောက်သိမ်းပိုက်ခဲ့သည်။ ခရိုင်းမီးယားတွင် ရုရှားရေတပ်စခန်းရှိနေသဖြင့် ပါဝါအခြေခံအားဖြင့် များစွာအရေးပါသော ပထဝီနိုင်ငံရေး ဖြစ်သည်။
ဗလာဒီမာပူတင်အနေဖြင့် ခြေမြန်လက်မြန်ပင် ခရိုင်းမီးယားကို စစ်ရေးဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ဒူးမားလွှတ်တော်ကို ဥပဒေဖြင့် အတည်ပြုကာသူ့နယ်မြေထဲထည့်သွင်းလိုက်သည်။ တစ်ပြိုင်နက်တည်း ယူကရိန်းအတွင်းပိုင်း သို့စစ်တပ်များစေလွှတ်ပြီး နယ်စပ်တစ်လျှောက် စစ်ရေးအခိုင်အမာ စခန်းများတည်ဆောက်လိုက်သည်။ ဆိုဗီယက်ယူနီယံအောက် နှစ်ပေါင်းများစွာ ရှိခဲ့သဖြင့် ယူကရိန်းတွင် ရုရှားစကားပြော၊ ရုရှားဘက်ယိမ်း သူများ ထုနှင့်ထည်နှင့် ရှိနေသည် ဖြစ်ရာ ယူကရိန်းသည်အားပြိုင်မှု ကြီးမားပြီး ပြည်တွင်းစစ် အလွယ်တကူဖြစ်ပွားနိုင်သော အခြေအနေသို့ တစ်မုဟုတ်ချင်း ရောက်သွားခဲ့ သည်။ သို့သော်လည်း အမေရိကန်ရော၊ ရုရှားပါ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်၍အတန်ငယ် မီးစွယ်ကျိုးသွားသော အခြေအနေသို့ ရောက်ရှိသွားစေ နိုင်ခဲ့သော်လည်း လုံးဝမီးငြိမ်းသွား သည့်အခြေအနေမျိုးတော့ မဟုတ် သေးချေ။ ရုရှားကို အနီးကပ် ခြိမ်း ခြောက်နိုင်သည်ဖြစ်၍ ယူကရိန်း သည် အမေရိကန်အတွက် ပထဝီ နိုင်ငံရေး၊ ပထဝီစစ်ရေးအရ အ ရေးပါလာခဲ့သလို၊ ရုရှားအနေဖြင့် လည်း ထိုအဖြစ်မျိုးသို့ မရောက်စေ ရန်ဖြစ်နိုင်သည့်နည်းလမ်း၊ အကန့်အသတ်မရှိသော ပေးဆပ်မှုဖြင့် ကာကွယ်သွားမည်ဖြစ်ရာ အင်အားကြီး ၂ နိုင်ငံကြား ယူကရိန်းသည် အသားညှပ်ပေါင်မုန့်တစ်လုံးအဖြစ် ရှိနေဆဲဖြစ်သည်။
ပူတင်၏အနာဂတ် အစီအမံတွင် ဆိုဗီယက်ယူနီယံပြန်လည်တည်ဆောက်နိုင်ရေးဖြစ်ပြီး၊ ခရိုင်းမီးယားကိုအခြေပြု၍ ဆိုဗီယက်ပြိုလဲစဉ်က ကွဲထွက်သွားသော ဘော တစ်နိုင်ငံ ၃ ခုကို ပြန်လည်စုစည်းနိုင်ရန် အလေးထားကြောင်း တွေ့ရသည်။ ၂ဝဝ၈ တွင် နေတိုးမှလေ့ကျင့် ပေးထားသောဂျော်ဂျီယာကို ရုရှား က တိုက်ခိုက်အနိုင်ယူခဲ့ပြီးတောင် အိုဆက်တီယာကို သိမ်းခဲ့သည်။ ၂ဝ၁၄ တွင် ယူကရိန်းကို ရုရှားတပ်များ ဝင်ရောက်ခဲ့ပြီး စာချုပ်အရ ရုရှားသြဇာခံဖြစ်အောင် ဆောင်ရွက်လိုက်သည်။
အင်အားကြီးနိုင်ငံများအနေ ဖြင့်မိမိတို့၏အင်အား၊ သြဇာကို ဆက်လက်ထိန်းသိမ်းနိုင်ကြရန် ကြားနိုင်ငံငယ်များမှာ မြေစာပင် ဖြစ်ခဲ့ကြရ၏။ စစ်အေးလွန်သမ္မတ ရေဂင်လက်ထက် ဆိုဗီယက်ယူနီယံကြီးကို အပိုင်းပိုင်းကွဲထွက်စေနိုင်ခဲ့သည်။ ပူတင်လက်ထက်တွင် ပြန်လည် တည်ဆောက်ယူသည်။ အမေရိကန်အနေဖြင့် ပူတင်လက် ထက်တွင် အားကောင်းလာသော ရုရှားက သူ့နယ်မြေများတစ်ဖန် ပြန်လည် စုစည်းသွားမည့်အရေး ပူပန်စရာ ဖြစ်လာသည်။ထို့ကြောင့် ထိုနိုင်ငံများသည် စစ်ရိပ်စစ်ငွေ့ အမြဲတမ်းအသန်းခံနေရသော နိုင်ငံများဖြစ်ပြီး၊ အချိန်မရွေး စစ်မက်ဖြစ်ပွားနိုင်ခွင့်ရှိနေသော နိုင်ငံများလည်း ဖြစ်လာခဲ့ကြသည်။ အရှေ့အလယ်ပိုင်း နိုင်ငံရေးဝါဒအရ အဓိကအားပြိုင်နိုင်ငံဖြစ်ခဲ့သော ဆိုဗီယက်ပြည်ထောင်စုကို ဖြိုလှဲ ပြီးသောအခါ အမေရိကန်၏အာရုံ စူးစိုက်မှုသည် ရေနံထွက်ပြီး ချမ်း သာလာသော၊ အစ္စလာမ်ကမ္ဘာပေါ် သို့ ရောက်လာခဲ့ပြန်သည်။ ရေနံ ကို အစားထိုးရန် မလွယ်ကူလှသေး သည်ကတစ်ကြောင်း၊ ရေနံထွက် နိုင်ငံများစုစည်းပြီး OPEC ဟူသောအဖွဲ့အစည်း သြဇာကြီးမားလာသည်ကတစ်ကြောင်း၊ ထိုနိုင်ငံများမှာ အစ္စလာမ်ကမ္ဘာကြီးအဖြစ် တစ်နေ့တခြား ကြီးမားလာခဲ့ရာ ကမ္ဘာကြီးကို အစ္စလာမ်ခါးပတ်ဖြင့် အပတ်ခံရမည်ကို စိုးလာသော အမေရိကန်သည် (၁၉၇ဝ) ကျော် အာဖဂန်နစ္စတန်မှ စခဲ့သော စစ်မီး ကိုအရှေ့အလယ်ပိုင်းသို့ တစ်နိုင်ငံ ပြီး တစ်နိုင်ငံရွှေ့ပြောင်းယူဆောင်လာခဲ့သည်။ ခရစ်ယာန်သည် ကမ္ဘာ ပေါ်တွင် ၃ဝ ရာခိုင်နှုန်းကျော်ရှိ သည်မှန်သော်လည်း ၂ဝ ရာခိုင်နှုန်း ကျော်ဖြင့် ဒုတိယအများဆုံးလိုက် လာသော အစ္စလာမစ်ကမ္ဘာသည် အနာဂတ်နှစ်ပေါင်း ၅ဝ တွင် ခရစ် ယာန်တို့ကို ကျော်တက်သွားနိုင်ပေ သည်။ ရေနံဖြင့် ချမ်းသာလာသော OIC ၏ သြဇာမှာ ယခုအခါကုလသမဂ္ဂသို့ပင် တစ်စိတ်တစ်ဒေသလွှမ်းမိုးလာနိုင်ခဲ့သည်ဖြစ်ရာ အမေရိကန်တို့အတွက် စိုးရိမ်စရာ ဖြစ် ကောင်းလာပါတော့၏။
အရှေ့အလယ်ပိုင်း နိုင်ငံများ တစ်ခုပြီးတစ်ခု ကျဆုံးလာခဲ့သည်။ နောင်လာမည့် ဆယ်စုနှစ် (၂) စုမျှ လောက်အတွင်း မငြိမ်းချမ်းနိုင် သေးသည့် အီဂျစ်၊ အီရတ်စသော နိုင်ငံများသည် ကျဆုံးနိုင်ငံများအ ဖြစ် တစ်ခဏအတွင်း ရောက်ရှိခဲ့သည်၊ နောက်ဆုံးဆီးရီးယားအရေးအခင်းဆီသို့ တိုင်လာခဲ့သည်၊ ဆီးရီးယား သမ္မတအာဆတ် ပြုတ်ကျရေးသည် အမေရိကန်အတွက် တစ်ချက်ခုတ် ၃ ချက်ပြတ် ဖြစ်သည်။ ရုရှားနှင့်ဆီးရီးယား အကျိုးစီးပွားကြီးကြီးမားမား ချိတ်ဆက် ထားသည်ဖြစ်ရာ ဆီးရီးယားတွင် အာဆတ်ပြုတ်ကျသွားပါက ရုရှား ၏ ပါဝါအခြေခံပျက်စီးသွားရမည့်အပြင် အမေရိကန်သြဇာလည်း လွှမ်းမိုးသွားပါလိမ့်မည်။ ထိုမှတစ်ဆင့် နောက်ဆုံးပစ်မှတ် ဖြစ်သော အီရန်ကို စစ်မီးမွှေးနိုင်ခဲ့ပါက အစ္စလာမ်ကမ္ဘာကြီးကိုလူ ဦးရေအရ လည်းကောင်း၊ စီးပွားရေးအရလည်း ကောင်း များစွာလျှော့ချနိုင်မည်ဖြစ်သည်။
ဆီးရီးယားအရေးတွင် IS အကြမ်းဖက်သမားများကို အမေရိကန်က အသုံးပြုခဲ့သည်။ အာဆတ်ပြုတ်ကျလုနီးနီးဖြစ်လာ၍ ရုရှားဝင်ရောက်ခဲ့ရသည်။ လွန်ခဲ့သော လအနည်းငယ်က ရုရှားကိုတိုက်ရန် အစ္စလာမ္မစ်နိုင်ငံ ၄ဝ ကျော်ကို စုစည်းလိုက်ရာ ထိုတပ်ပေါင်းစုသည် အရေအတွက်အရ နေတိုးမဟာမိတ်ထက်ပင် များပြားခဲ့ပါ၏။ ၂၂-၅-၂ဝ၁၆ တွင် နယ်စပ်ကိုဖြတ် ကျော်၍ တူရကီတပ်များ ဆီးရီး ယားပိုင်နက်အတွင်း ဝင်ရောက် လာသည်ဟူသော အခြေအနေသည် စစ်မီးကိုအရှိန်ရရန် တွန်းတင်လိုက်ခြင်း ဖြစ်သည်။
တောင်တရုတ်ပင်လယ်
၂၃-၅-၂ဝ၁၆ တွင် အမေရိကန်သမ္မတ အိုဘားမားမှ ဗီယက်နမ်အား လက်နက်တင်ပို့မှုဆိုင်ရာ အရေးယူပိတ်ဆို့ထားမှုကို လုံးဝ ရုပ်သိမ်းပေးလိုက်သည်ဟူသော ကြေညာချက် ကမ္ဘာအနှံ့ ပျံ့နှံ့သွား ခဲ့သည်။ တောင်တရုတ်ပင်လယ်ရှိ ကျွန်းများတွင် ‘သူပိုင်၊ ငါပိုင်’ အ ငြင်းပွားမှုများစွာရှိနေသည်။ ကျွန်းတစ်ကျွန်းကိုအများဆုံး ၆ နိုင်ငံက ပိုင်ဆိုင်ပါသည်ဟု အငြင်းပွား သောနေရာ ၃ နေရာအထိ အများဆုံးရှိသည်။ များစွာသောကျွန်းတို့မှာ ပိုင်ဆိုင်မှု ၂ နိုင်ငံမှ ၅ နိုင်ငံအထိ ဖြစ်သည်။
လက်ရှိ အနေအထားအရ အမေရိကန်သည် ကမ္ဘာ့စူပါ-ပါဝါ ဖြစ်သည်။ စီးပွားရေးအင်အား တောင့်တင်းလာခဲ့သော တရုတ် သည် အမေရိကန်ကို စိန်ခေါ်မှု အရှိဆုံးသောနိုင်ငံအဖြစ် ရောက်ရှိ လာသည်။ စူပါ-ပါဝါဖြစ်ရန် စီးပွား ရေးကို ဦးစွာအခြေခံပါသည်။ ထိုမှ တစ်ဆင့် စစ်ရေး၊ သံတမန်ရေး စသော အရေးအရာများသို့ ဖြန့် ကြက်သွားသည်။ ပစိဖိတ်ရေလမ်း ကြောင်းသည် ‘ထရီလျံ’ကိန်းဂဏန်း ရှိသော ကုန်သွယ်ရေကြောင်းဖြစ် သဖြင့် တရုတ်ကို အမေရိကန်က ထိန်းချုပ်လိုပြီး၊ တရုတ်ကလည်း ဖောက်ထွက်လိုရာမှ ထိပ်တိုက်တွေ့ မှုများ ဖြစ်လာရသည်၊ တရုတ်က One Belt One Road ဖြင့် မဟာ ဗျူဟာခင်းကျင်းသည်။ ရုရှားဘက် အထိဖြန့်ကြက်ထားသော ပိုးလမ်းမ အခြေခံကုန်းတွင်းပိုင်းလမ်းကြောင်း နှင့် ပစိဖိတ်လမ်းကြောင်း (၂)ခု သည်တရုတ်တို့၏ကမ္ဘာအရပ်ရပ်သို့ ခြေဆန့်နိုင်သောလမ်းကြောင်း ဖြစ်သည်။ ကုန်းတွင်းလမ်းကြောင်းကို အမေရိကန်တို့က စိတ်ဝင်စားမှု မပြခဲ့။ ရေလမ်းကြောင်းသည် ကုန်ကျစရိတ် အသက်သာဆုံးဖြစ်၍ပစိဖိတ်လမ်းကြောင်းကို ပိတ်ဆို့နိုင်ပါက တရုတ်တို့၏ စီးပွားရေးတိုးတက်မှုကို ထိန်းချုပ်နိုင်မည် ဖြစ်သည်၊ ‘ရေ’ ‘ကုန်း’ ၂ ခုပေါင်းမှ One Belt ဖြစ်သဖြင့် ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ပါက One Belt ဗျူဟာဖြတ်တောက်ခြင်းခံရမည် ဖြစ်ရာရေလမ်းကြောင်းအပေါ် အမေရိကန်တို့က ပို၍အာရုံစိုက်လာခဲ့ သည်။
ကမ္ဘာ့ရေးရာများစွာတွင်လည်း ပါဝင် ပတ်သက်ထားခဲ့ရသည်ဖြစ်၍ တောင်တရုတ်ပင်လယ်အရေး တွင် အမေရိကန်တို့ ရှေ့တန်းထွက် ၍ ပါဝင်ရန်အားနည်းလျက် ရှိဟန် တူသည်။ ကျွန်းများဆိုင်ရာတွင် သက်ဆိုင်ရာ အငြင်းပွားနိုင်ငံများ ၏ နောက်ကွယ်မှ ပံ့ပိုးပေးခြင်းက သာ ပို၍ကောင်းမွန်သောနည်း လမ်းဖြစ်သည်ဟု ယူဆသဖြင့် ဗီ ယက်နမ်-တရုတ် ထိပ်တိုက်တွေ့ နိုင်ရေးအတွက် ဗီယက်နမ်အပေါ် အရေးယူပိတ်ဆို့ထားသော စစ် လက်နက်ဆိုင်ရာကိစ္စကို ဖယ်ရှားပေးလိုက်ခြင်း ဖြစ်ပါသည်။
မြန်မာ့အရေး
ပစိဖိတ်ထွက်ပေါက်ကို ပိတ် ဆို့ရေး ဆောင်ရွက်မှုများရှိလာသ ဖြင့် တရုတ်အနေဖြင့်လည်း မြန် မာနိုင်ငံကိုဖြတ်ကာ အိန္ဒိယသမုဒ္ဒ ရာသို့ ဖောက်ထွက်နိုင်မည့်လမ်း ကြောင်းကို ရှည်လျားစွာကပင် စဉ်းစားခဲ့ဟန် ရှိပါသည်။ ထိုလမ်း ကြောင်းကိုလည်း အမေရိကန်တို့ က ပိတ်ဆို့ရန် တာဝန်ရှိလာခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ တွေ့ဆုံပွဲတွင် ဂျွန်ကယ်ရီ က အာရှဒေသတွင် မြန်မာနိုင်ငံကို ဦးစားပေးနိုင်ငံအဖြစ် သတ်မှတ် ထားပါသည်ဟု ဖွင့်ဆိုခဲ့ခြင်းမှာ အမေရိကန်တို့၏ မဟာဗျူဟာကို သိသာစေပါ၏။
နိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုမှာ ‘မိမိတို့၏အကျိုးစီးပွား’ အပေါ် အ ခြေခံကြသည်ချည်း ဖြစ်သည်။ မြန် မာနိုင်ငံအနေဖြင့်လည်း ပထဝီနိုင်ငံ ရေး၊ ထိုမှတစ်ဆင့် ပံ့ပိုးပေးမည့် ပထဝီစစ်ရေး၊ ပထဝီစီးပွားရေးများ ကို မျက်ခြည်မပြတ်သင့်ဟု ဆိုနိုင်ပါသည်။ နိုင်ငံကြီးတစ်ခု၏ အကျိုး စီးပွားအတွက် နိုင်ငံငယ်တစ်ခုအ တွင်း ပြည်တွင်းစစ်မှာ သူတို့အ တွက် များစွာအလေးထားဖွယ် မဟုတ်သည်ကို သတိကြီးကြီးထားသင့်သည်ဟု မြင်ပါသည်။
နေဇင်လတ်(၂၄-၅-၂ဝ၁၆)

No comments:
Post a Comment