လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကလေးငယ် ဖျားနေရင်

ဖျားတယ်ဆိုတာကလဲ အရမ်းကြီး စိုးရိမ်စရာတော့မဟုတ်ပါဘူး။ ဒါပေမယ့်ကလေးက ခြောက်လထက်ငယ်သေးရင်တော့ စိုးရိမ်ရပါတယ်။ ကလေးငယ်လေးတွေက အပူချိန်အရမ်းမြင့်တာကို မခံနိုင်ကြပါဘူး။ ပုံမှန် ကိုယ်အပူချိန်က ၉၇ ကနေ ၉၈ခွဲ လောက်ထိရှိတတ်ပါတယ်။
ကလေးက သုံးလမပြည့်သေးပဲ အဖျား ၁၀၀ ရှိရင်၊ ကလေးက ခြောက်လမပြည့်သေးပဲ အဖျား ၁၀၂ ရှိရင် ဆရာဝန်ချက်ချင်းပြပါ။ အဖျားမကြီးပေမယ့် ၃ ရက်လောက်ဆက်ပြီး ဖျားနေရင်လဲ ဆရာဝန်ပြပါ။

ဘာကြောင့်ဖျားသလဲ
===========

အအေးမိ၊ တုပ်ကွေး၊ ချောင်းဆိုး၊ ear infection စသဖြင့်သော အကြောင်းတွေကြောင့် ဖျားသလို ကာကွယ်ဆေးထိုးပြီးရင် လဲဖျားတတ်ပါတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးပြီးတဲ့အခါ ဆရာဝန်တွေက ကလေး ပါရာစီတမောအရည်လေးတွေ သုံးကြိမ်လောက် တိုက်ခိုင်းတတ်ပါတယ်။ သွားပေါက်မှာမို့လို့လဲ ဖျားသလို ဖြစ်တတ်ပါတယ်။ သူများက နှာချေ၊ ချောင်းဆိုးတဲ့ အခါ virus ပါရင်လဲ ကလေးကို အအေးမိစေတတ်ပါတယ်။ မိဘတွေ အနေနဲ့လဲ လက်အမြဲဆေးပါ။ ချောင်းဆိုးနှာချေရင် သေချာကာပါ၊ လက်ပြန်ဆေးပါ။

အဖျားသက်သာဖို့ ဘယ်လိုပြုစုရမလဲ
===================
အဖျားသက်သာဖို့ ဘယ်လိုပြုစုရမလဲဆိုတဲ့ အချက် ၁၀ ချက်ရေးပေးထားပါတယ်။ ဒါတွေကိုလုပ်ရင် ဆေးခန်းသွားစရာမလိုတော့ဘူးဆိုတဲ့ အဓိပ္ပါယ်လုံးဝမဟုတ်ပါဘူး။ ဆရာဝန်ညွှန်ကြားချက်တွေက အရမ်းအရေးကြီးပါတယ်။ ဒီအချက်တွေက ကလေး အဖျားပိုမကြီးဖို့ မိဘအနေနဲ့  မှန်မှန်ကန်ကန် ပြုစုတတ်ဖို့သာဖြစ်ပါတယ်။
၁ - ပေါ့ပေါ့ပါးပါးဝတ်ပေးပါ။
ကလေးက ချမ်းတယ်လို့ပြောပြီး အနွေးထည်တွေ စောင်တွေထပ်ဝတ်ပေးခိုင်းရင်တောင်မှ ပေါ့ပေါ့ပါးပါးပဲ ဝတ်ပေးပါ။ ဖျားနေတဲ့အခါမှာ ကိုယ်တွင်းအပူချိန်အရမ်းမြင့်နေတဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ် ထပ်ပြီးပူမသွားစေဖို့ သတိထားရမှာဖြစ်ပါတယ်။ အင်္ကျီအထူကြီးတွေဝတ်ထားတာက အပူမကျစေပါဘူး။ ဖျားနေတဲ့ကလေးတွေကို စောင်တွေနဲ့အုပ်ထားတာတွေ၊ ရေနွေးတိုက်တာတွေ၊ နွေးအောင် heater နဲ့ထားတာတွေ မလုပ်ရပါဘူး။ အသက်ရှူချောင်စေမယ့် ချည်သားအင်္ကျီလေးတွေ ဝတ်ပေးပါ။ အင်္ကျီအနွေးထည်ထူတာတွေ၊ ဆွယ်တာ၊ ဂျက်ကတ်တွေ၊ ဦးထုပ်တွေ မဝတ်ပေးပါနဲ့။
၂ - Aircon ရှိတဲ့အခန်း (သို့မဟုတ်) အေးတဲ့အခန်းထဲမှာထားပါ။
အေးတဲ့အခန်းထဲမှာထားတာက ကလေးကို အဖျားမတက်စေဖို့ အထောက်အကူဖြစ်ပါတယ်။ ကလေးကို Aircon နဲ့ ပန်ကာနဲ့ တိုက်ရိုက်မထိတဲ့နေရာမှာတော့ ထားရပါမယ်။ ကိုယ်အပူချိန် သာမာန်ထက်အရမ်းကျသွားရင်လဲ အန္တရာယ်ရှိလို့ ဖြစ်ပါတယ်။ ယပ်တောင်နဲ့ ဖြေးဖြေးလေး ယပ်ခပ်ပေးတာကလဲ ကိုယ်အပူကျစေဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် မိဘတွေက ချိန်ဆပြီး ဆင်ခြင်ဆုံးဖြတ်ဖို့လဲ အရေးကြီးပါတယ်။ အခန်းကမပူဘူး၊ ရာသီဥတုကလဲ အေးနေရင် aircon ဖွင့်စရာမလိုပါဘူး။
၃ - ကောင်းကောင်းအနားယူအိပ်စက်ခိုင်းရပါမယ်။
ဆရာဝန်က သေချာနားပါ၊ အိပ်ပါလို့ ပြောလိုက်ရင် အဲဒီလိုပြောတာအကြောင်းရှိပါတယ်။ အိပ်ယာပေါ်မှာနားနေတာက ကိုယ်ပူသက်သာစေပါတယ်။ လူတွေဟာ အိပ်နေတဲ့အခါမှာ ခန္ဒာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန်ဟာ နိုးနေတဲ့အချိန်အထက် သဘာဝအလျောက် အပူချိန်နည်းနေလေ့ရှိလို့ပါ။ ကလေးကအိပ်ပျော်နေတာမဟုတ်ရင်တောင် ဖျားနေတဲ့အချိန် အိပ်ယာပေါ်မှာလှဲနေဖို့လိုပါတယ်။ အဖျားသက်သာဖို့အတွက် နားဖို့အိပ်ဖို့ လိုပါတယ်။ သဘာဝအားဖြင့်ကတော့ ဖျားနေတဲ့အချိန်မှာ ပိုအိပ်ချင်ကြတာပါပဲ။
ဒါပေမယ့် အရမ်းအိပ်လွန်းပြီး နှိုးရင် မနိုးတာ၊ ဘာမှမစားမသောက်တာတွေဖြစ်ရင်တော့ ဆရာဝန်ချက်ချင်းပြပါ။
၎ - အရမ်းလှုပ်လှုပ်ရှားရှားမလုပ်ပါစေနဲ့။
ကလေးက အိပ်ယာထဲမှာ တနေကုန်လှဲပြီး မနေချင်တဲ့အခါတွေလဲ ရှိမှာပေါ့။ ဒါပေမယ့် အရေးကြီးတာက သူအရမ်းကြီး လှုပ်လှုပ်ရှားရှား ပြေးပြေးလွှားလွှား မကစားဖို့တော့လိုပါတယ်။ ကလေးသဘာဝကိုက ကစားတိုင်းမှာ ပြေးလွှားနေတတ်ကြတာကိုး။ ပေါ့ပေါ့ပါးပါးဝတ်ထားပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာတောင်မှ အရမ်းလှုပ်ရှားပြေးလွှားနေရင် ကိုယ်တွင်းအပူချိန်ကို တိုးစေပါသတဲ့။ အဲဒီလိုအချိန်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကစားရတဲ့ ကစားနည်းမျိုးကိုသာ ကစားစေပါ။
၅ - ရေပတ်တိုက်ပေးပါ။
ကလေးကို ရေပတ်တိုက်ပေးတာ အဖျားသက်သာစေပါတယ်။ ရေဝတ်က အရမ်းစိုမနေဖို့တော့ လိုပါတယ်။ ကလေးသက်တောင့်သက်သာမဖြစ်မှာစိုးလို့ ရေခဲရေမသုံးပါနဲ့။ ရိုးရိုးရေပဲ သုံးပါ။ ရေခဲတုံးတွေ အသားပေါ်တိုက်ရိုက်တင်ပေးတာတွေ မလုပ်ပါနဲ့။
၆ - ကိုယ်ပူကြီးရင် ရေချိုးပေးပါ။
ကလေးကိုယ်ပူကြီးရင် ရေချိုးပေးတာ၊ ရေချိုးကန်လေးထဲမှာ ရေခဏစိမ်နေခိုင်းတာကလဲ အဖျားကျစေပါတယ်။ အရမ်းအေးတဲ့ရေနဲ့ (သို့မဟုတ်) ရေခဲရေနဲ့ မချိုးပေးပါနဲ့။ ရေကြက်သီးနွေးလေးနဲ့ ချိုးပေးပါ။ ကလေးကိုရေချိုးကန်ထဲမှာထိုင်ခိုင်းပြီး မျက်နှာနဲ့ခေါင်းလေးတွေကို ရေနဲ့သာသာလေးသပ်ပေးပါ။ ကလေးက တုန်လာရင် ရေထဲက ချက်ချင်းထုတ်ရပါမယ်။ ရေချိုးပြီးရင် ချက်ချင်းဆိုသလို ကိုယ်အပူချိန် အရမ်းကျသွားတတ်လို့ အင်္ကျီလေးတော့ သေချာဝတ်ထားပေးပါ။ အထူကြီးမဝတ်ပေးပါနဲ့။ ရေချိုးကန်ကို ရေအရမ်းအပြည့်ကြီးဖြည့်မထားပါနဲ့။ ကလေးကို ရေချိုးပေးနေရင်း အခြားအကြောင်းကြောင့် တစ်ယောက်ထဲခဏထားခဲ့တာမျိုး လုံးဝမလုပ်ပါနဲ့။
၇ - အရည်များများတိုက်ပါ။
ကလေးဖျားနေစဉ်မှာ ပုံမှန်သောက်နေကျ အရည်ပမာဏထက်ပိုသောက်စေပါ။ ကလေးကို ဖြည့်စွက်စာကျွေးနေပြီဆိုရင် သူစားချင်ရင် စားပါစေ။ နည်းနည်းချင်းစီ ကျွေးပါ။ ပုံမှန်အားဖြင့် ဖျားနေတဲ့ကလေးက အစားအသောက်ပျက်မယ်၊ ထမင်းမစားချင်တာတွေဖြစ်မယ်ဆိုပေမယ့် အရည်တော့ ပိုတိုက်ရပါမယ်။ ချွေးအရမ်းထွက်တဲ့အခါ၊ အန်တဲ့အခါ၊ ဝမ်းသွားတဲ့အခါ ကိုယ်ခန္ဓာထဲက ရေဓါတ်တွေဆုံးရှုံးသွားတတ်ပါတယ်။ ဓါတ်ဆားတိုက်သင့်ရင် တိုက်ရပါမယ်။ နို့တိုက်နေသေးရင် မရပ်ပါနဲ့။ ဆက်တိုက်ပါ။
၈ - အဖျားကျဆေးတိုက်လို့ရပါတယ်။
ကလေးပါရာစီတမောလိုမျိုးဆေးလေးတွေ တိုက်လို့ရပါတယ်။ ဘယ်လောက်တိုက်ရမလဲဆိုတာတော့ ဆေးအညွှန်းကို သေချာဖတ်ပါ။ သူအသက်အရွယ်အတိုင်းတိုက်ပါ။ ပြောထားတဲ့အတိုင်းအတာထက် ပိုမတိုက်ပါနဲ့။ ၆ လအောက်ကလေးတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ ဆေးတိုက်ပါ။ အဖျားမကျရင် ဆရာဝန် အမြန်ပြပါ။
၉ - ကိုယ်အပူချိန်ကို စောင့်ကြည့်ပါ။
ကလေးဖျားရင် အရေးကြီးတဲ့အပိုင်းတစ်ခုက သူ့ကိုယ်အပူချိန်ကို စောင့်ကြည့်တာပါပဲ။ တိုင်းပြီးတိုင်းမှာ ရေးမှတ်ထားပါ။ အဲဒါမှ အရေးပေါ်လို့ ဆရာဝန်က မေးရင်ပြောပြနိုင်မှာပါ။ တခါတလေ ဆေးမတိုက်ရပဲနဲ့လဲ အဖျားပျောက်အောင် လုပ်လို့ရပါတယ်။ အဖျား ၁၀၂ အောက် အဖျားတွေဆိုရင် အိပ်ယာထဲမှာ သေချာနားနားနေနေလှဲနေတာ၊ အရည်များများသောက်တာနဲ့တင် သက်သာနိုင်ပါတယ်။ ၆ လအောက် ကလေးတွေကတော့ အဖျားနည်းနည်းပဲရှိရင်တောင်မှ ဆရာဝန်ပြသင့်ပါတယ်။ ကလေးရဲ့ကိုယ်အပူချိန်တိုင်းတဲ့အခါ ကိုယ့်လက်နဲ့စမ်းကြည့်ပြီး မှန်းတာမျိုး မလုပ်ပါနဲ့။ သာမိုမီတာသုံးမှ ရပါမယ်။
၁၀ - ကလေးနှာပိတ်နေရင်
နှာစေးနေရင် သူ့နှပ်ကို သူညှစ်ထုတ်တာမျိုး မလုပ်တတ်သေးတဲ့အတွက် သူအသက်ရှူလို့ရဖို့အတွက် သူ့နှာခေါင်းသန့်ရှင်းရေးကို သေချာလုပ်ပေးပါ။
သူက နှာခေါင်းပိတ်နေလို့ နို့သောက်လို့မရဘူးဆိုရင် Nasal Saline Drops လေးနဲ့ သူ့ကို နို့မတိုက်ခင် ၁၅မိနစ်အလိုမှာ လုပ်ပေးပါ။
Jessica Mozart (A Cool Mom)
ကိုးကား
http://www.healthhype.com/9-ways-to-reduce-a-fever-in-child…
http://www.babycentre.co.uk

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>