လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပညာတွန့်မှ လူမျိုးဒွန့်မည်





==============
သမီးလေးမွေးထားတော့ ခေတ်တော့မီစေချင်တာပေါ့ဗျာ။ မွေးပေါက်စတုန်းက ချိုမိုင်မိုင်ဆို ရင် လက်ကလေး ဆုတ်ချည်ဖြန့်ချည်နဲ့ ကတတ်ပါပေ့။ ခုဆို သူတို့ခေတ်က ကတတ်မှကို ဖြစ်တော့မှာ။ ကိုယ်တွေငယ်ငယ်က ဘရိတ်ဒန့်ကြ။ ဟန်းမားဆိုလားကကြသေးသကိုး။ သင်္ကြန်ဆို ဖိုးသူတော်
ယိမ်းလိုက်ကြသေး။ ခုလည်း ခေတ်အခြေအနေအရ သမီးလေး ကတတ်ဖို့လိုမယ်။
တက္ကသိုလ်ကျောင်းသူကြီးဖြစ်လာလို့ ဆရာကန်တော့ပွဲလေးမှာမှ DJ နဲ့ မဒွန့်တတ်ရင် ဆရာ၊ ဆရာမများကို အရိုအသေတန်ရာရောက်မယ်။ မိဘလည်း မျက်နှာပန်းမလှဖြစ်ရမယ်။ ဟောကြည့်။ တစ်ချို့သမီးလေးတွေများဆို စနေနှစ်ခိုင်တောင် ပြုတ်ထွက်မတတ် လှုပ်လိုက်တာဆိုတာလေ။ ဆီးပင်ကျွဲဝင်ခတ်သလိုပဲ။

ခါးပေါ်အကျီင်္လေးနဲ့ အဖွေးသားလေး ဖော်လှစ်ပြတာများ မြင်ရသူ ကျောင်းသားအပေါင်းကို ပီတိဖြစ်စေသား။ ကိုင်း သူ့မိဘတွေ ဘယ့်ဂလောက်တောင် မျက်နှာပွင့်လိမ့်မလဲဗျာ။ တစ်ချို့ ရိုးရိုးကုတ်ကုတ်လို့ ထင်ရပုံပေါက်တဲ့ ထမီဝတ်သမီးလေးတွေကျတော့ စင်ပေါ်တက်၊ လူအုပ်ရဲ့ နောက်နားမှာ ရပ်လို့ ဆံပင်လေးခါ၊ လက်လေးနှစ်ဘက်ကို ခါးအထက်မှာ ကပ်။ သူ့အမေနတ်ဝင်သလို ကနေကြတာမြင်ရသေး။ မိဘမောင်ဖားတွေခမျာ အားမလိုအားမရ
ဖြစ်ရချေသေးရဲ့။ မရွံ့မရဲ နိုင်လှတဲ့သမီး။ ကိုကိုကျောင်းသားများကတော့ အားပေးရှာသား။ လှုပ်ဟေ့၊ လှုပ်ဟ၊ လှုပ်လိုက်လေ၊ အောက်က အကုန်လုံးဖုန်းကိုင်ထားတယ်၊ လှုပ်တာလေးမြင်ချင်ရင် လက်ခုတ်သံလေးကြားချင်ပါတယ်ဆိုတာက အော်လိုက်သေး။ တစ်ကယ့်ကို အံ့ချီးမကုန်နိုင်ပါပေ။ ရှိရင်းစွဲ မြန်မာဆန်ဆန် အခန်းလေးကို DJ အခန်းဖြစ်အောင် လုပ်ပစ်လိုက်ဖို့ဆိုတာ လွယ်မှတ်လို့ဗျာ။ အာစရိပူဇော်ပွဲလေးတွေများ ပျော်စရာကောင်းလိုက်တာ။

ငယ်ဆရာတွေကိုတောင် ပြေးပြီးအပြစ်မြင်မိသေးတယ်။ ဘယ်နှယ် ကိုယ်တွေတုန်းက ကန်တော့ရင် ဆရာမတွေမှာ မျက်ရည်လေးတစ်လည်လည်နဲ့။ ခုဆိုကြည့် တက်ဒွန့်နေတဲ့အထဲ ဆရာမတောင်ပါနိုင်သေးတယ်။

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့လို့ ဆိုသကိုး။ ဟဲ့ သမီးရဲ့ ဒွန့်တယ်ဆိုတာ အဆီကျတယ်ကွယ့်၊ ခါးဆစ်လေးကို နာနာသာရမ်း၊ စည်းချက်တော့ မှန်ဖို့ လိုမယ်နော်၊ စသည်ဖြင့် လိုအပ်တာသင်ပေးရမှာပဲ။ ဟဲ့ကောင်လေး…အော် ဒီကောင်မလေး နောက်နည်းနည်းဆုတ်စမ်း၊ စင်အောက်ပြုတ်ကျမယ်၊ ဘေးဘီလည်းကြည့်ဦး၊ ကိုယ့်အချင်းချင်း နင်းမိမယ်၊ စသည်ဖြင့် ဘေးရန်လည်း ကာရသေး။ ကိုင်း ငါ့သား၊ ငါ့သမီးတို့ ပညာလည်းစုံပေပြီ။ နိုင်ငံရပ်ခြားအလုပ်သွားလုပ်
ရင် မြန်မာသိက္ခာမကျစေရတော့ဘူး ပေါ့ကွယ်…ညှင်းညှင်း ….. သင့်ရာသွားစေဖို့ဆိုတာလည်း လိုပေသေးသည် မဟုတ်လား။

မိဘ၊ ဆရာ ပူးပေါင်း၊ ကလေးပညာရေးကောင်း၊ ကျောင်းနေပျော်၍ စာတော်ရမည်။ ကိုင်း အာစရိယတွေကတောင် အားထည့်နေမှတော့ မိဘတို့ဝတ္တရားရှိသည့်အတိုင်း Sex Dance လေးတော့ တတ်အောင်သင်ပေးထားရဦးမယ်။ ကိုယ်က ကျွမ်းကျင်လာရင် တက္ကသိုလ် အနီးကပ် ဒွန့်နည်းသင်တန်းဖွင့်လို့ရမယ်။ တက္ကသိုလ်တွေနားမှာ အမျိုးသမီးသီးသန့် ဒွန့်တွန့်တွန့် ခမ်းမငှားစားမယ်။ ဆရာကန်တော့ပွဲတိုင်းအတွက် DJ အငှားလိုက်မယ်။ ပွဲပြီးတိုင်း လိမ်းကျံ၊ နှိပ်နယ်နိုင်ဖို့ တိုင်းရင်းဆေးရောင်းမယ်။ ပညာတွန့်မှ လူမျိုး ဒွန့်မည်….. ကိုင်း…အရပ်ကတို့ရေ ကလေးနောင်ရေး စိတ်အေးရအောင် စီစဉ်ထားတော်မူကြပါဗျို့။

ကဖိုးသီ
၉-၈-၂၀၁၆/ ၁၀၃၆

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>