လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

နယ်ချဲ့တို့အား တော်လှန်ခဲ့သော ဆရာတော် ဦးဥတ္တမ


ရဟန်းတော်များထဲမှ နယ်ချဲ့တို့အား ရဲရဲတောက် တော်လှန်ခဲ့သူကား ဆရာတော် ဦးဥတ္တမဖြစ်သည်။ သူသည် ရခိုင်အမျိုးသား ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါး ဖြစ်ရုံသာမက အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသော ဘာသာကိုးမျိုးကိုတတ်မြောက်သော ရဟန်းတော်တပါးဖြစ်သည်။



ဆရာတာ် ဦးဥတ္တမအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ်၌ အဖ ဦးမြ၊ အမိ ဒေါ်အောင်သူတို့မှ ခရစ် ၁၈၇၉ ခု၊ ဒီဇင်ဘာ (၂၇) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး မွေးချင်း (၃) ဦးအနက် အကြီးဆုံးဖြစ်သည်။ ဆရာတော်၏ ညီမှာ ကျော်ထွန်းအောင်ဖြစ်ပြီး ညီမမှာ မအိမ်စိုး ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင်သည် နောင်အခါတွင် ရှင်အရိယဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။

ဆရာတော် ပေါ်ထွန်းအောင်သည် (၁၆) နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ၀တ်ပေးသဖြင့် ‘ရှင်ဥတ္တမ’ ဟု တွင်ခဲ့သည်။ ဆရာတော်သည် တောင်ငူမြို့တွင် ကျင်းပသော ရှင်သာမဏေ စာပြန်ပွဲ၌ ပထမရခဲ့သဖြင့် ချမ်းသာကြွယ်ဝသော ရှမ်းအမျိုးသမီးတစ်ဦးက ဆရာတော်အား သားအဖြစ် မွေးစားကာ ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ပို့၍ ပညာသင်စေသည်။ ကာလကတ္တားတွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀) တန်း အဆင့်အောင်မြင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်ကြွလာခဲ့သည်။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့ သွားရောက်၍ ရေစကြိုတိုက်တွင် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သာမဏေ၀တ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့သင်ကြားနေစဉ်ပင် ဆရာတော်အား ဆွေမျိုးနီးစပ်တော်စပ်သူ ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံပေးခဲ့သည်။

ဆရာတော်သည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ တဖန်ပြန်သွားသည်။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ်တခုတွင် ပါဋ္ဌိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာများကို ဧည့်ပါမောက္ခအဖြစ် သင်ကြားပေးခဲ့သည်။ ယင်းသို့ဆောင်ရွက်နေစဉ် သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းဂန်များကို သင်ကြားခဲ့သည်။ အိန္ဒိယတွင် သီတင်းသုံးနေစဉ်အတွင်း ဆရာတော်အား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

အိန္ဒိယတွင် (၈) နှစ်မျှ သီတင်းသုံးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ပညာသင်သွားခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားနေစဉ် ရုရှား- ဂျပန်စစ်ပွဲ (၁၉၀၄-၀၅) ၌ ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံငယ်လေးက ရုရှားကဲ့သို့ အင်အားကြီးမားသော နိုင်ငံအား အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်အား အထင်ကြီးလေးစားကာ ဂျပန်သို့ ပညာသင်ထွက်ခဲ့သည်။ ဂျပန်တွင် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုစဉ်က စက်မှုလက်မှုဝန်ကြီး) ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျပန်ဘာသာစကားကို (၂) နှစ်ခန့် သင်ယူခဲ့သည်။ ယင်းကျောင်း၌ပင် ဆရာတော်သည် သက္ကတနှင့် ပါဠိဘာသာကို ဘာသာဗေဒပါမောက္ခအဖြစ် ပြန်လည်ပို့ချပေးခဲ့သည်။

ဆရာတော် ဂျပန်ပြည်၌ ရှိနေစဉ်တွင် ဂျပန်ပြည်သို့ ခေတ္တရောက်ရှိနေသော တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ တရုတ်ကျောင်းသားများကလည်း ဆရာတော်၏ သြ၀ါဒခံယူကြသည်။ ဆရာတော် ဦးဥတ္တမက တရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြခဲ့သည်။

ဒေါက်တာဆွန်ယက်ဆင်က ဆရာတော် ဦးဥတ္တမအား အထူးကြည်ညိုလေးစား၍ သူနှင့်အတူ တရုတ်ပြည် လိုက်လည်ရန် ပင့်ဖိတ်လေသည်။ ဆရာတော်သည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် ၁၉၀၉ ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ပီကင်း၊ ပီကင်းမှ ဟန်ချောင်၊ နန်ကင်း၊ ရှန်ဟိုင်း၊ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည်ခဲ့သည်။
ထိုခေတ်ထိုအခါက မြန်မာလူမျိုးတဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွားလာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်မှုပြုလုပ်နိုင်ခြင်းမှာ အံ့ချီးဖွယ်ပင်ဖြစ်လေသည်။

ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်သာယူ၍ စေတနာဖြင့် သင်ကြားပြသခဲ့ပေသည်။ ဂျပန်မှအပြန် မြောက်ကိုရီးယား၊ ယင်းမှတဆင့် တရုတ်ပြည်၊ တရုတ်ပြည်မှတဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တော်) သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာသည်။

မြန်မာပြည်သို့ ပြန်ကြွပြီးနောက် ဆရာတော် ဦးဥတ္တမသည် ခရီးလှည့်ကာ ၀ံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်း ဟောပြောကာ “၀ံသာနု” အသင်းများ တတိုင်းပြည်လုံးအနှံ့ ဦးဆောင်စည်းရုံး ဖွဲ့စည်းခဲ့သည်။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရက စစ်ပုလိပ်များဖြင့် ၎င်းအစုအဖွဲ့များကို လိုက်လံဖြိုခွင်းခဲ့လေသည်။
ဆရာတော်သည် နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောပြောတတ်သည့်အတိုင်း သံဃာတော်များအား ကျောင်းတွင်သာ ကျိန်း၍ မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘ၀သို့ သက်ဆင်းနေ၍ တိုင်းသူပြည်သားများ ကျွန်ဘ၀ရောက်နေကြောင်း၊ ကျွန်များကိုးကွယ်သော ဘာသာမှာလည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင်ဖြစ်ကြောင်း၊ ကျွန်ဘ၀မှ လွတ်မြောက်အောင် သံဃ့ာသမဂ္ဂီအသင်းအဖွဲ့များ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိအောင် ကြိုးစားသင့်ကြောင်း ဟောပြောခဲ့လေသည်။

သို့ကလို ဆရာတော်၏ ရဲရဲတောက် မိန့်ခွန်းများကြောင့် ဆရာတော် ဦးဥတ္တမအား အင်္ဂလိပ်အစိုးရ ၁၉၂၁ ခု မတ်လ (၃၁) ရက်နေ့တွင် အစိုးရအား အကြည်ညိုပျက်အောင် တရားဟောပြောမှုဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျောင်းကုန်းမြို့တွင် ဖမ်းဆီးခဲ့ပေသည်။ ဆရာတော်သည် မြန်မာပြည်တွင် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသော ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ (သမ္မတ ဒေါက်တာဘဦး၏ဖခင်) ဖြစ်သည်။

ဆရာတော်အား ကျောင်းကုန်းမှ အစိုးရသင်္ဘောဖြင့် မအူပင်တရားရုံးသို့ ခေါ်ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၂) လ အပြစ်ပေးပြီး မအူပင်ထောင်၌ အကျဉ်းချခဲ့သည်။ ဆရာတော်သည် အကျဉ်းခံသည့်နေ့မှစ၍ သင်္ကန်းချွတ်၍ ထောင်အ၀တ်ကို ၀တ်ဆင်ရသည်။ ထို့နောက် ဆရာတော်သည် ၁၉၂၂ ခု ဇွန်လ (၂၆) ရက်နေ့ မအူပင်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဆရာတော် ဦးဥတ္တမသည် လွတ်မြောက်ခဲ့ပြီးနောက် အစိုးရအား ဦးမညွတ်ဘဲ ဆက်လက်၍ မြန်မာပြည်အနှံ့လှည့်ကာ နိုင်ငံရေးတရားများ ဟောပြောခဲ့လေသည်။

ဤသို့ဖြင့် ဆရာတော်သည် ၁၉၂၄ ခု အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရာဇသတ်ပုဒ်မ ၁၂၄ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံအပြစ်ပေးခံရကာ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်သည်။ ဆရာတော်သည် ၁၉၂၇ ဖေဖော်ဝါရီလတွင် အကျဉ်းမှ ပြန်လည်လွတ်မြောက်လာပြန်သည်။ ထောင်မှ လွတ်မြောက်ပြီးနောက် အမြို့မြို့အနယ်နယ်သို့ လှည့်လည်၍ အမျိုးသားနိုးကြားရေးတရားများကို ဟောကြားရာ ၁၉၂၈ ခုနှစ်တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။

ဤသို့လျှင် ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀တလျှောက် ပျံလွန်တော်မူသည့်တိုင်အောင် အကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရလေသည်။ ထို့နောက် ဆရာတော်သည် ကျန်းမာရေးချို့ယွင်းကာ ၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့လေသည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏ သက်တော်မှာ (၆၀) နှစ် ရှိ၍ သိက္ခာတော်မှာ (၄၁) ၀ါ ရှိပြီဖြစ်သည်။

ဆရာတော်၏ ရုပ်ကလာပ်ကို ဆေးရုံမှ ယူဆောင်၍ မပုပ်မသိုးအောင် ဆေးရည်စိမ်ပြီး မှန်ခေါင်းသွင်းကာ ပုဇွန်တောင်မြို့နယ်၊ ညောင်တုန်းကျောင်း၌ ထား၍ ဈာပနအခမ်းအနား ကျင်းပခဲ့သည်။ ပျံလွန်တော်မူပြီး (၃) ရက်မြောက်နေ့ စက်တင်ဘာ (၁၁) ရက်နေ့ တွင် ရန်ကုန်မြို့တော်ဝန် ဦးဘ ဦးစီး၍ ဆရာတော်၏ အန္တိမဈာပနကို စည်ကားစွာ ကျင်းပခဲ့လေသည်။ ဆရာတော် ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာသော် ပြည်သူလူထုတရပ်လုံးသည် ဆရာတော် မျှော်မှန်းခဲ့သည့် လုံးဝလွတ်လပ်ရေးပန်းတိုင်သို့ အရောက်ချီတက်နိုင်ခဲ့လေသည်။

ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူကို မှတ်တမ်းတင်သောအားဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာ အမည်ရှိသော စာပေအဖွဲ့အစည်းတခုက ထုတ်ဝေသည့် ဟိန္ဒူဘာသာစွယ်စုံကျမ်းတွင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင် ဆရာတော် ဦးဥတ္တမအကြောင်းကို တခမ်းတနား ရေးသားဖော်ပြထားလေသည်။ ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘာသာဖြင့် ဆရာတော် ဦးဥတ္တမအကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်။ တချိန်က မြန်မာနိုင်ငံကျောင်းသုံးစာအုပ်များ၌လည်း ဆရာတော်၏ အထ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြားစေသည်။

သို့ကလို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချပေးခဲ့သည့် ကျေးဇူးရှင် အာဇာနည် ဆရာတော် ဦးဥတ္တမကို နောင်လာနောက်သားတို့ အမြဲတစေ သတိတရရှိစေရန်အတွက် စစ်တွေမြို့ရှိ သမဂ္ဂအဖွဲ့က ဦးစီးကာ ၁၉၄ရ ခု စက်တာဘာ (၉) ရက်နေ့တွင် အခမ်းအနားတရပ်ကို ရွှေတိဂုံခြေရင်းရှိ ပုလိပ်သမဂ္ဂ အဆောက်အအုံ၌ ကျင်းပခဲ့ကြသည်။ ထိုနေ့ကိုပင် “ဦးဥတ္တမအထိမ်းအမှတ်နေ့” အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ ထို့အပြင် စစ်တွေမြို့တွင် ဦးဥတ္တမအသင်းနှင့် ဦးဥတ္တမပန်းခြံတို့ကို တည်ဆောက်ခဲ့ကြသည်။ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ၁၉၆၃ ဇန်န၀ါရီလ (၁၀) ရက် ကြာသပတေးနေ့၌ ဆရာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခဲ့လေသည်။

ရန်ကုန်မြို့တွင်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ အနစ်နာခံကာ လူထုအား နိုင်ငံရေးအသိအမြင် နိုးကြားလာစေရန် ဆောင်ရွက်ခဲ့သော ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့ကျရောက်တိုင်း ဦးဥတ္တမနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို နိုင်ငံတော်အစိုးရက ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု မှည့်ခေါ်ခဲ့လေသည်။

ထို့နောက် ဗိုလ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအစိုးရလက် ထက်တွင် နိုင်ငံရေးဆောင်ရွက်သော ရဟန်းသံဃာတော်များ ပေါ်ပေါက်လာမည်ကို အကြောက်လွန်၍ ဗိုလ်နေ၀င်း၏ အမိန့်ဖြင့် တနိုင်ငံလုံးတွင် ဦးဥတ္တမနေ့ ကျင်းပမှုကို ပိတ်ပင်တားဆီးလိုက်လေသည်။ ထိုမျှသာမက ဦးဥတ္တမပန်းခြံကိုလည်း ကန်တော်မင်္ဂလာပန်းခြံဟု အမည်ပြောင်းလဲလိုက်လေသည်။ ထိုနည်းတူစွာ နအဖစစ်အစိုးရလက်ထက်တွင်လည်း ဆရာတော် ဦးဥတ္တမနှင့် ဆရာတော် ဦးဥတ္တမကဲ့သို့ နိုင်ငံရေးဆောင်ရွက်ခဲ့သော ဆရာတော်ကြီးများ၏ အကြောင်းကို စာနယ်ဇင်းများ၌ ရေးသားဖော်ပြခြင်းကို စာပေစိစစ်ရေးဌာနမှ ပိတ်ပင်လိုက်သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။

မည်သို့ဆိုစေ ယခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် နှစ်ပတ်လည်နေ့တွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဆရာတော်၏ နိုင်ငံရေးပုံရိပ်လွှာကို ခေတ်ပြိုင်တွင် ရေးသား၍ ကျေးဇူးဆပ်လိုက်ရပေသည်။ ။
(ခေတ်ပြိုင်သတင်းစာ မှ ကူးယူဖော်ပြပါသည်။)

""ဘာသာစုံ ၉ မျိုးကိုတက်ကျွမ်းနားလည်းတဲ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ ""အရှင်ဦးဥတ္တမ(၁၈၈၀မှ၁၉၃၉)ရွှေမြန်မာမီဒီယာဂရုမှအရှင်ဥတ္တမအကြာင်းဂုဏ်ပြုဖေါ်ပြအပ်ပါသည်။

မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင်

၊ အာရှတိုက်၏ ထွန်းသစ်ကြယ်အရှင်ဦးဥတ္တမကိုရခိုင်ပြည်နယ် စစ်တွေမြို့ ၊ ရူပရပ် ၊ ချောင်းနားတန်းတွင် ဖခင် ဦးမြသာဦး၊ မိခင်ဒေါ်အောင်ကျော့ဖြူ တို့မှ
(၁၈၈၀)ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။
ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။ဦးဥတ္တမတွင် ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့် ညီမ မအိမ်စိုးတို့
နှစ်ဦးရှိသည်။

ရှင်ဥတ္တမ(ပေါ်ထွန်းအောင်)နှင့် ညီဖြစ်သူကျော်ထွန်းအောင်တို့ကို မိဘများက
ကျွန်ပညာအင်္ဂလိပ်စာကို သင်ကြားမပေးလိုသော်လည်း တိုင်းရင်းသား ဘာသာ
ကျောင်းတွင် ပညာသင်ပေးခဲ့ရာ ဦးဥတ္တမ ( ပေါ်ထွန်းအောင်) သည် ဆဌမတန်းအထိသင်ကြားခဲ့သည်။

မိခင်က ကျောင်းမှ နှုတ်ထားသည့်တိုင်အောင် ပေါ်ထွန်းအောင်က နိုင်ငံ ရပ်ခြားကိုသွားရောက် ပညာသင်ရန် မလျှော့သောလုံ့လဖြင့် အမျိုးမျိုးကြိုးစားသည်။
အသက်(၁၃)နှစ်အရွယ်တွင်စစ်တွေမြို့၌ပရိယတ္တိသင်ကြားရာတွင်
အကျော်တစောရှိသော ရွှေစေတီကျောင်းဆရာတော်ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။(၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေအဖြစ်သင်္ကန်းစည်းကြသည်။

(၇၄) နှစ်မြောက် အာရ
ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့ နာမများရရှိခံယူ ကြသည်။ထို့နောက်
အရှင်ဦးဥတ္တမရဟန်းဝတ်ဖြင့် ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ ၊ မန္တလေးနှင့်
ပခုက္ကူမြို့ များတွင် လှည့်လည်နေထိုင်ပညာသင်ယူခဲ့သည်။
ဗုဒ္ဓစာပေ ကျမ်းဂန်များကိုလည်း အပတ်တကုတ် လေ့လာ ကြိုးပမ်း
ဆည်းပူးခဲ့သည်။တောင်ငူမြို့တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရသည်။
တောင်ငူမြို့ မှ ရှမ်းမကြီးတစ်ဦးက သားအဖြစ်မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင်
ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏
အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက်(၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင် အဖြစ် ဖြေဆို အောင်မြင် ခဲ့သည်။

ထိုနှစ်မှာပင် ကာလကတ္တားမှပြန်လာပြီး ရှင်ဝတ်ဖြင့် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကိုသင်ယူသည်။ ထိုစဉ် ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်ကရဟန်းဒါယကာပြု၍
အသက်(၂၀)အရွယ်တွင်ရဟန်းအဖြစ်ခံယူသည်။
အရှင်ဥတ္တမသည် ရဟန်းအဖြစ်ခံယူပြီးနောက် ရန်ကုန်သို့ ဆင်းလာပြီး အိန္ဒိယနိုင်ငံကာလကတ္တား သို့ ပြန်သွားလေသည်။ ထိုအချိန်တွင် အိန္ဒိယတွင် လွတ်လပ်ရေးအတွက်နိုးကြားထကြွလျက်ရှိသည်။

၁၉၀၄-ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်က ဘင်္ဂလားနယ်ကိုအရှေ့နှင့် အနောက်နှစ်ပိုင်းခွဲခြားလိုက်ရာ ဒေါက်တာရာဘင်ဒြာနတ်တဂိုးနှင့် စီအာဒတ်စ်ဆိုသော ပညာရှိပုဂ္ဂိုလ်ကြီးနှစ်ဦးက ဦးဆောင်ကန့်ကွက်ရာမှ ဆူပူကန့်ကွက်မူများ အကြီးအကျယ် ဖြစ်ပွားကျယ်ပြန့်လာသည်။

ထိုပုဂ္ဂိုလ်များနှင့် တွဲမိသော ဦးဥတ္တမ ဆရာတော်သည် အိန္ဒိယနိုင်ငံရေးနှင့် အကျွမ်း တ၀င် ဖြစ်လာပြီး မြန်မာပြည်လွတ်မြောက်ရေးအတွက် စိတ်ဝင်စား
တက်ကြွလာခဲ့သည်။

အိုင်စီအက်စ်(I.C.S) ရာထူးမှ နုတ်ထွက်ပြီး အမျိုးသားကောလိပ်ကို
တည်ထောင်သော ဗင်နိုဂို့ရှ်၏ ကောလိပ်တွင် အရှင်ဥတ္တမက ပါဠိနှင့် ဗုဒ္ဓ ဘာသာစာပေတို့ကိုကူညီပို့ချ ပေးလေသည်။

တဖက်တွင်လည်း သက္ကတစသော ရှေးဟောင်းဟိန္ဒူစာပေကျမ်းများကို သင်ယူဆည်းပူးသည်။
ထိုအချိန်မှာ မြန်မာပြည်တွင်လည်း နိုင်ငံရေးကိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခြင်းမပြုကြသေးသော်လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
(Y.M.B.A=young men’s buddhists associations)ကို တက္ကသိုလ်ပညာတတ် များဖြစ်သော ဦးဘဖေ(ဘကြီးဘဖေ) ၊ ဦးမောင်ကြီး(အမ်အေ) ၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်းထုထောင်ပြီး အမျိုး ဘာသာ၊ သာသနာ၊ ပညာဟူသော ဆောင်ပုဒ်ဖြင့် စတင်
လှုပ်ရှားလာကြသည်။

အရှင်ဥတ္တမကိုယ်တော်တိုင်အိန္ဒိယမှ ပြန်ရောက်လာပြီး ၀ိုင်အမ်ဘီအေလှုပ်ရှားမှုကို တက်ကြွစွာ ဦးဆောင်ခဲ့သည်။ ၁၉၀၇-ခုနှစ် ၊ ဇန်န၀ါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှုး(Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အိုတာရီနှင့်အတူ နေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုစဉ် ဂျပန်စာ၊ စကား ၊ အယူဝါဒ ၊ ဓလေ့ထုံးစံတို့ကို ကိုယ်တိုင်သင်ယူပြီး တစ်နှစ်အကြာစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ဆရာတော်သည် မြန်မာစာပေကျမ်းဂန်တို့အပြင် ပါဠိ ၊ ဘင်္ဂါလီ ၊ နာဂရီ ၊ သက္ကဋ၊ အင်္ဂလိပ်၊တိဘက် ၊ ဂျပန် ၊ ပြင်သစ် ဘာသာစကားကိုးမျိုးကိုတတ်မြောက်သည်။

ဆရာတော်အရှင်ဦးဥတ္တမသည် ဂျပန်ပြည်တွင် နေထိုင်စဉ် ဂျပန်ပြည်သို့ လာရောက် တိမ်းရှောင်နေသူ ဒေါက်တာဆွန်ယက်ဆင်နှင့်
အကြိမ်ကြိမ်တွေ့ဆုံပြီး ပြည်တွင်းနှင့် နိုင်ငံတကာ နိုင်ငံရေးကိစ္စများကို ညှိနိုင်းဆွေးနွေးခဲ့သည်။
၁၉၁၁-ခုနှစ် ၊ ဂျပန်မှ ပထမအကြိမ်ပြန်လာသောအခါ ကိုရီးယားပြည် ၊ တရုတ်ပြည် ၊ ပြင်သစ်ပိုင်အင်ဒိုချိုင်းနား(ယခု ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ လာအို သုံးနိုင်ငံ)သို့ ၀င်ရောက် ပြီး ဆိုင်ဂုံမြို့(ယခု ဟိုချီမင်းမြို့တော်)တွင် မြန်မာ့နန်းတွင်းအရေးတော်ပုံ အရေးနိမ့်ပြီး ပြည်ပသို့တိမ်းရှောင် နေရသော မြင်ကွန်း မင်းသားကြီင်္းနှင့် ၄င်း၏ သားတော်တို့၏ ဆွမ်းအလှုကိုလက်ခံပြီး မြန်မာ့နိုင်ငံရေး အခြေ အနေများကို ဆွေးနွေးခဲ့သည်။ထိုမှတဆင့် ကမ္ဘောဒီးယားနှင့် ယိုးဒယား(ထိုင်းနိုင်ငံ)တို့သို့ ၀င်ရောက် လေ့လာခဲ့သည်။

ထိုမှ အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ပြန်လာခဲ့သည်။မဒရပ်မြို့မှ တဆင့် ဘုံဘေမြို့သို့
သွားရောက်ပြီး ရတနာဂီရိရှိ မြန်မာနန်းကျဘုရင်သီပေါမင်းနှင့် တွေ့ဆုံ နိုင်ရန်
စီစဉ်ခဲ့သည်။သို့သော် မအောင်မြင်ခဲ့ပေ။ ၁၉၁၁-ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာခဲ့သည်

မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် ၀ိုင်အမ်ဘီင်္အေအသင်းကို ဦးဆောင်နေသော ၀တ်လုံတော်ရ ဦးမေအောင် (ရခိုင်) ၊ ဦးအုံး(ပညာဝန်) ၊ ဦးဘဖေတို့၏ စည်းရုံးလှုပ်ရှားမူ များလည်း တပြည်လုံးတွင် ကျယ်ပြန်လျက်ရှိသည်။
မန္တလေးတွင် မြန်မာ့သတင်းစာဆရာတစ်ဦးဖြစ်သော ” မြန်မာ့တာရာ” သတင်းစာ ပိုင်ရှင် ဦးကျော်ရန်တို့နှင့်လက်တွဲပြီး မြန်မာ့နိုင်ငံရေးနိုးကြားရေးများကို ဟောပြောသည့်အပြင်ရန်ကုန်မြို့ တွင်ထုတ်ဝေနေသော ”သူရိယ”သတင်းစာတွင် လည်း အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက် ရေးနှင့်ကျွန်ဘ၀မှလွတ်မြောက်ရေးတို့ကို လှုံ့ဆော် ရေးသားခဲ့ သည်။

အများဆုံးရေးသားတိုက်တွန်းချက်များမှာ ၀ံသာနုရက္ခိတတရားများနှင့် မြန်မာပြည်တွင်းဖြစ် ပင်နီနှင့် ယောလုံချည်ဝတ်ဆင်ရေး ၊ နိုင်ငံခြား အ၀တ်အထည်များ သပိတ် မှောက်ရေးဖြစ်သည်။

၁၉၁၂-ခုနှစ်တွင် ဂျပန်ပြည်သို့ ဒုတိယအကြိမ်ပြန်လည်ကြွချီသည်။ ထိုခရီးတွင် ညီမရင်းဖြစ်သူမအိမ်စိုးနှင့် လူငယ်သုံးဦးကို ဂျပန်တွင်ပညာသင်ရန်ခေါ်ဆောင်သွားခဲ့သည်။တစ်နှစ်ကြာနေထိုင်ခဲ့ပြီး နောက်ပြန်လာခဲ့သည်။၁၉၁၄ခုနှစ်တွင်တတိယအကြိမ်အဖြစ်ဂျပန်ပြည်သို့သွားရောက်ခဲ့ပြန်သည်။

ဂျပန်မှ အပြန်တွင် အမေရိကန် ၊ သြစတြေးလျနှင့် ဂျဗားကျွန်းများ (ယခု အင်ဒိုနီးရှား)တို့သို့ သွားရောက်လေ့လာ ခဲ့ပြီးမှ မြန်မာပြည်သို့ ပြန်လာခဲ့သည်။
ဆရာတော်အရှင်ဥတ္တမကိုယ်တော်ကြီးသည် စောစောပိုင်းနှစ်များ ကလည်း ပြင်သစ်နှင့်အင်္ဂလန်နိုင်ငံတို့သို့ သွား ရောက်ခဲ့သေးသည်။

ရှင်ဥတ္တမဂျပန်တွင်ရှိစဉ် ဂျပန်ပြည်အတ္ထုပတ္တိစာအုပ်ကို ရေးသားခဲ့ပြီး အပြန်တွင် သူရိယသတင်းစာတိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ အလွန်ရောင်းအားကောင်းခဲ့သည်။ ၁၉၁၁-ခုနှစ်နောက်ပိုင်းတွင်ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေးအတွက် ထိုစဉ်ကစကားအတိုင်းဟုမ်းမ်ရှုး(Home Rule) ရရှိ ရေးအတွက် စည်းရုံး လှုံ့ဆော် တရားများဟောခဲ့သည်။

”အာဂါရာအနာဂါစ ၊ ဥဘော ၊ အညောညနိဿတာ ၊ အရဒ္ဒယန္တိသဒ္ဒမံ ၊ ယောဂက္မေမံမနုတ္တရံ”ဟူသော ဗုဒ္ဓ္ဓ မြတ်စွာဘုရား၏ ပါဠိတော်လာနှင့်အညီ ဘုန်းကြီးရဟန်းတို့အားနိုင်ငံရေးကိုခြေစုံပစ်လျက် ၀င်အောင်လှုံ့ဆော်ခဲ့သည်။
ရဟန်းရှင်လူတို့ကို ထိုသို့စည်းရုံးခဲ့ပြီး ၁၉၂၀-ခုနှစ်တွင် ထိုစဉ်က မြန်မာပြည် ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက် မြန်မာပြည်မှ ထွက်သွားလိုက်ပါဟူသော စာတစ်စောင်ကို ရေးသားပေးပို့လိုက်သည်။ထိုစာကို သူရိယသတင်းစာက ဖော်ပြလိုက်ရာ အထူးအရေးပါသောလှုံ့ဆော် ချက်ဖြစ် သည်။

ဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးတရားများကို မြို့ကြီး ၊ မြို့နယ်များတွင်သာမက တောလက်ကျေးရွာများ တိုင်အောင် ဟောပြောခဲ့သည်။

၁၉၂၁-ခုနှစ်တွင် ဒေးဒရဲမြို့နယ် ၊ ဆူးကလပ်နှင့် တမာတကောကျေးရွာတို့တွင် ဦးဥတ္တမဟောပြောခဲ့သော နိုင်ငံရေးတရားများသည် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ အိန္ဒိယရာဇသတ်ကြီး ပုဒ်မ-၁၂၄(က)နှင့် ၁၅၃(က) တို့ဖြင့် ဖမ်းဆီးပြီး မအူပင်ခရိုင်တရားရုံးတွင် အမှုစစ်ပြီး ထောင်ဒဏ်(၁)နှစ်နှင့် (၈)လအလုပ်မဲ့ ထောင်ဒဏ် ချမှတ်ခြင်းခံရသည်။

တစ်ပြည်လုံးရှိ ရဟန်းသံဃာတော်များစုစည်းပြီး ဦးဥတ္တမကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအကျိုး ထမ်းဆောင်ရန်အတွက် သံဃာ့သမဂ္ဂီအဖွဲ့များကို ဖွဲ့စည်းထူထောင်လာကြသည်။

အမျိုးသမီးများ၏ ကုမ္မာရီ အဖွဲ့များလည်းပေါ်လာခဲ့ သည်။အရှင်ဦးဥတ္တမသည် နိုင်ငံရေးကို ဆောင်ရွက်နေစဉ်ကာလအတွင်း အိန္ဒိယနှင့်
မြန်မာပြည်ကို ကူးချီ သွားချီလုပ်နေခဲ့သည်။

၁၉၂၀-ခုနှစ် ပထမတက္ကသိုလ်သပိတ်ကြီးဆင်နွဲချိန်တွင် ကာလကတ္တားကို ရောက်နေခဲ့သည်။ရန်ကုန်တွင် တက္ကသိုလ်ကျောင်းသားများ သပိတ်တိုက်ပွဲဆင်နွဲကြောင်း ကြေးနန်းစာရသောအခါ များစွာကြေနပ်ဝမ်းသာဖြစ်ပြီး ရန်ကုန်သို့ ချက်ချင်းပြန်လာကာ ၀ိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်၍ျှ် သပိတ် တိုက်ပွဲကို အားပေးကူညီပြီး သခင်ပညာရေးအတွက် အမျိုးသားကျောင်းများ ထူထောင်ရေးကို စည်းရုံးသည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။

၁၉၂၀-ခုနှစ်တွင် တပြည်လုံးရှိ ၀ိုင်အမ်ဘီအေအသင်းများ ညီလာခံမှစပြီး ဂျီစီဘီအေနိုင်ငံရေးအသင်းချုပ်( General Council of Burmese Associations )ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ၀တ်လုံတော်ရ ဦးချစ်လှိုင်ကို ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ပြည်သူများလုံးဝလွတ်လပ်ရေး(Home Rule)ကို အပြင်အထန်တောင်းဆိုလာကြ သည်။

၁၉၂၃-ခုနှစ် ဇွန်လဆန်းမှစ၍ အင်္ဂလန် ၊ ထိုမှတဆင့် ပြင်သစ် ၊ စပိန် ၊ ဆွစ်ဇာလန် ၊ဆွီဒင် ၊ ပေါ်တူဂီ ၊ နော်ဝေးစသော ဥရောပတိုက်ရှိ နိုင်ငံများစွာကို လှည့်လည်ပြီး နိုင်ငံရေးလှုပ်ရှားမှု များကို လေ့လာခဲ့သည်။ထိုအချိန် မြန်မာပြည်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက ပြည်သူတို့၏ အုံကြွဆန့်ကျင်မှုကြောင့် ၀ှိုက်ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုဖြစ်သည်။

Home Rule ကိုယ်ပိုင်အုပ်ချုပ်ရေးအစား ဒိုင်အာခီခေါ် အင်္ဂလိပ်ဘုရင်ခံနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပူးတွဲအုပ်ချုပ်ရေးစနစ်ကိုသာပေးပြီး အင်္ဂလိပ်နယ်ချဲ့တို့က တဖက်လှည့် ကြိုးကိုင်အုပ်ချုပ်ခြင်းဖြစ်သည်။

ဒိုင်အာခီနှင့်ဟုမ်းမ်ရူးသဘောထားကွဲပြီး ဂျီစီဘီအေလည်း နှစ်ခြမ်းကွဲလေသည်။ ဦးချစ်လှိုင်က ဒိုင်အာခီဆနှ့်ကျင်ရေး ဂျီစီဘီအေအသင်းခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်သည်။

ဒိုင်အာခီနှင့်ပူးပေါင်း ဆောင်ရွက်သည့် (၂၁)ဦးအဖွဲ့ကိုဦးမောင်ကြီး(အမ်အေ)၊ ဆာဂျေ အေ မောင်ကြီးစသူတို့ ဦးဆောင်ပြီး ဒိုင်အာခီ အစိုးရတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

၁၉၂၄-ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် လူထုအစည်းအဝေးကြီးတစ်ခုတွင် ဦးဥတ္တမသည်အခွန်မပေးရေး လှုံ့ဆော်ခဲ့ရာ ဥပဒေကို ကျူးလွန်သည်ဆိုကာ အစိုးရကို အကြည်အညိုပျက်စေသည့်ပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲပြီး ရန်ကုန်ခရိုင်တရားသူကြီးက ၁၉၂၄-ခုနှစ် အောက်တိုဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် အပြစ်ပေးလိုက်သည်။

။ထောင်မှလွတ်ပြီး ရန်ကုန်မြို့ဗိုလ်တထောင် ဘုရားဝင်းအတွင်း တရားပွဲတွင် သင်္ကန်းချွတ်ပြီး အတွင်းတွင်ဝတ်ထားသော ထောင်ဝတ်စုံကို ပြလိုက်ရာ တရားပွဲလာ ပြည်သူတရပ်လုံး မခံမရပ်နိုင်ဖြစ်ကြလေသည်။

၁၉၃၀-ခုနှစ်နောက်ပိုင်းတွင် အိန္ဒိယနှင့် မြန်မာပြည်ကို ခွဲခြမ်းအုပ်ချုပ်ရေး ပြဿ     နာပေါ်လာပြန်သည်။ ဦးဥတ္တမက နယ်ချဲ့အင်္ဂလိပ်ကို ပူးတွဲတိုက်မှ အောင်မြင်မည်ဟူသော သဘောတရားဖြင့် တွဲရေးအတွက် လှုံ့ဆော် သည်။

၁၉၃၂-ခုနှစ် ဒီဇင်ဘာလတွင် တွဲရေး ၊ ခွဲရေးကို လူထုဆန္ဒမဲကောက်ယူရာ တွဲရေး ဘက်မှ မဲ(၅)သိန်းကျော်ပို၍ အပြတ်အသတ်နိုင်သော်လည်း အမတ်များအစည်းအဝေးတွင်ခွဲရေးဖြစ်သွားပြီး အိန္ဒိုယနှင့်ခွဲရေးဖြစ်သွားသည်။

ထိုသို့ဖြင့် ၁၉၅၃-ခုနှစ် မြန်မာနိုင်ငံဥပဒေဖြင့် (၉၁)ဌာနအုပ်ချုပ်ရေးဖြစ်လာသည်။ဆရာတော်ဦးဥတ္တမသည် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ နည်းလမ်းအတိုင်း မပူးပေါင်းရေး မူဝါဒ (Non-Co.opration)(ထိုစဉ်က နန်းကိုအော်ပရေးရှင်း ဟုပင်သုံးသည်။)နှင့် အကြမ်းမဖက်ရေး (Non Violence)ကို လိုက်နာကျင့်သုံးခဲ့သည်။ ဆရာတော်ဦးဥတ္တမအိန္ဒိယ၏ ဟိန္ဒူမဟာဆဗ္ဗအသင်းကြီး၏ ဥက္ကဌအဖြစ် ယှဉ်ပြိုင် အရွေး ခံရသည်။ကွန်ဂရက်ပါတီတွင်လည်း ဦးဆောင်ခဲ့သည်။
အရှင်ဦးဥတ္တမကို အိန္ဒိယတစ်ပြည်လုံး၏ ခေါင်းဆောင် ကြီး အဖြစ်အသိအမှတ်ပြုခြင်း ဖြစ်သည်။မဟတ္တမဂန္ဒီကြီး၏ စကြာဂြဟ အဖွဲ့ (SaKaGraHa)နှင့် နယ်ချဲ့ဆန့်ကျင် ရေးအဖွဲ့၏ သရာဇပါတီ (Swaraj Party)တို့တွင်လည်း ပါဝင်ဦးဆောင်လှုပ်ရှားခဲ့သည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်လမ်းပြကြယ်ဖြစ်ပြီး ဦးဆောင်ခဲ့သော်လည်း ဒိုင်အာခီ လက်ခံလိုက်ကြပြီး ရာထူးယူကာ အမျိုးသားနိုင်ငံရေးဦးတည်ချက် မှေးမှိန်ခဲ့ရသည်။

ထို့နောက်(၉၁)ဌာနအုပ်ချုပ်ရေး ဖြစ်လာသောအခါ ဆရာတော်၏
တပည့်များ ငါးထောင်စားရာထူးကို လက်ခံပြီး ဆရာတော်ကို ပစ်ပယ်လာကြပြီး နယ်ချဲ့အလိုတော်ရှိများဖြစ်လာကြသည်။

၁၉၃၅-ခုနှစ်များ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသား ခေတ်ပညာတတ် လူငယ်များဦးဆောင်သည့် ဒို့ဗမာ အစည်းအရုံး(သခင်ပါတီ) ပေါ်ပေါက်လာသောအခါ ဆရာတော်ဦးဥတ္တမက သခင်များကို အားပေးအားမြှောက် ပြုခဲ့သည်။
နယ်ချဲ့အင်္ဂလိပ် ကိုလိုနီစနစ်ဆန့်ကျင်ရေး ၊ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု ခရီးတလျှောက်ဝိုင်အမ် ဘီင်္အေ ၊ ဂျီစီဘီအေ ၊ ၀ံသာနု ၊ ကုမ္မာရီအသင်းအဖွဲ့များ ခေတ်မှသည် ဒို့ဗမာအစည်းအရုံးတိုင်အောင် ဆရာတော်ဦးဥတ္တမသည် မှန်ကန်သော ဦးဆောင်လမ်းညွှန်မူကို ပေး ခဲ့သည်။

ထို့ကြောင့် ဆရာတော်ကြီး၏ ရည်မှန်းခဲ့သော လုံးဝလွတ်လပ်ရေးကို မြန်မာ ပြည်သူတို့ ရရှိခြင်းဖြစ်သည်။၁၉၃၅-ခုနှစ် မြန်မာပြည်အုပ်ချုပ်ရေးဥပဒေ(The Goverment of BurmaAct,1935)အရ (၉၁) ဌာန အုပ်ချုပ်ရေးပုံစံဖြင့်အုပ်ချုပ်ကြသည်။

ထိုအခါ အရှင်ဦးဥတ္တမ၏ နိုင်ငံရေးတပည့်များဖြစ်ကြသော ပုဂ္ဂိုလ်များ နန်းရင်းဝန်(၀န်ကြီး ချုပ်) ၊ ၀န်ကြီး ၊ အတွင်းဝန် ၊ မင်းတိုင်ပင်အမတ်များ ဖြစ်လာကြသော်လည်း ဆရာတော်ဦးဥတ္တမကို လုံးဝပစ်ပယ်ထားကြသည်။
ဆရာတော်မှာ အသက်အရွယ်ကြီးလာပြီး သွေးတိုးရောဂါ ၊ ဆီးချိုရောဂါတို့ ဖိစီး
လာသည်။ ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်ညစ်ထေးသော သင်္ကန်းကိုရုံကာ လွယ်အိတ်တစ်လုံးလွယ်ပြီး ဖိနပ်မပါ ၊ ထီးမပါဖြင့် ရန်ကုန်မြို့လမ်းမများပေါ်တွင် လျှောက်သွားလျက်ရှိသည်။

သတင်းစာတိုက်များကိုမြင်လျှင် သတင်းစာများ တောင်းပြီး ကြုံရာနေရာတွင် ထိုင်ဖတ်သည်။ကိုယ်ခန္ဓာကြုံလှီပိန်ချုံးပြီး အသွားအလာယဲ့ယဲ့ဖြစ်နေသည်။
စိတ်အင်အားလည်း ချို့ယွင်းလာသည်။လမ်းပေါ်တွင် မူးလဲခြင်းများဖြစ်လာသည်။
ဆရာတော်ကို ကြည်ညိုသူများက တည်းခိုနေထိုင်ရာ ကျောင်းတိုက်သို့ ပို့ပေးရသည်။ ဆရာတော် ကြီးအား ပြုစုသူကင်းလာရာ အခြေအနေဆိုးရွားလာသောအခါ ၁၉၃၉ ခုနှစ် သြဂုတ်လ ၇ ရက် နေ့တွင် ရန်ကုန်မြို့၌ ရခိုင်ရဟန်းတော်များအသင်း စတုတ္ထအကြိမ် အစည်း အဝေးက ဆရာတော်ဦးဥတ္တမအား
စောင့်ရှောက်ရန် ဆုံးဖြတ်သည်။ ငါးပွင့်ဆိုင်အဖွဲ့ကို ရှုတ်ချပြစ်တင်ကြောင်းလည်း ဖော်ပြသည်။

ရခိုင်ရဟန်းတော် များက ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသပေးကြသည်။ သူရိယသတင်းစာမှ ဦးဘကလေး၊ မြို့တော်ဝန်ဦးဘ၀င်း၊ ကပ္ပတိန်ဘဖူးတို့နှင့် ဆရာတော်အား လေးစားသူတို့ ဆေးရုံသို့ သွားရောက်အားပေး ကူညီ ကြသည်။

ဆရာဝန်များ၏ စစ်ဆေးချက်အရ ခြေထောက်တစ်ဖက်ဖြတ်ရမည်ဟု ပြော
လာသောအခါဆရာတော်က အကုသမခံဘဲ ဆေးရုံမှ ဇွတ်ဆင်းပြီး (၄၆)လမ်းရှိ အရိယာဆမတ်အသင်းတိုက်တွင် နေထိုင်သည်။ထို့နောက်ပိုင်းတွင် ဆရာတော်
သည် ပြန်လည် နာလန်မထူနိုင်တော့ဘဲ ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင်ပျံလွန်တော်မူသည်

ဆရာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၁၁)ရက် ၊ တနင်္လာနေ့တွင် ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး၌ မင်းတိုင်ပင်အမတ် များက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းကြောင်းနှင့် ကျန်ရစ်သူ မိသားစုထံ ၀မ်းနည်းသ၀ဏ်လွှာပို့ရန် ၊ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်အား ငါးမိနစ်ရွှေ့ဆိုင်းရန် အဆိုကို ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်းမောင်က တင်သွင်းပြီး လွှတ်တော်တက်ရောက်သူ မင်းတိုင်ပင်အမတ်
အားလုံး က တညီတညွှတ်တည်း အတည်ပြုကြသည်။

ဦးဥတ္တမ၏ ဂုဏ်သိက္ခာတို့ကိုလည်း ချီးကျူးပြောကြားကြသည်။ဆရာတော်ဦးဥတ္တမ
ပျံလွန်တော်မူခြင်းမှာ ၀မ်းနည်း ကြေကွဲဖွယ်ဖြစ်ကြောင်း ၊ မြန်မာပြည်အတွက်
 နိုင်ငံရေးမျက်စိကိုပထမဦးဆုံး ဖွင့်ပေးသူဖြစ်ကြောင်း ၊ ကိုယ်ကျိုးမငဲ့ အနစ်နာခံသူဖြစ်ကြောင်း ၊ ဆရာတော်ကြီးနာမကျန်းဖြစ်လာသောအခါ ကျေကျေပွန်ပွန် မပြုစု ၊ မစောင့်ရှောက်
သည့်အတွက် ၀မ်းနည်းကြောင်း စသည်တို့ကို မင်းတိုင်ပင်အမတ်များက
ဖော်ပြကြပြီး ၀မ်းနည်း မှတ်တမ်းတင်ကြသည်။

ဆရာတော်ဦးဥတ္တမကို အာဏာရူးနိုင်ငံရေးသမား ၊ ၀န်ကြီး ၊ အတွင်းဝန်စသူတို့က
အလေးမထားကြသော် လည်း ဒို့ဗမာအစည်းအရုံးဝင်သခင်လူငယ်များက အလေး
ထား ပြီး အရှင်ဦးဥတ္တမကွယ်လွန်ချိန်မှ အစပြု၍ ဦးဥတ္တမနေ့ကို နှစ်စဉ်ကျင်း
ပခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တို့ အုပ်စိုးသည့်ကာလ မြန်မာပြည်တွင် ဂျပန်စာသင် ကျောင်း များ ဖွင့်လှစ်သောအခါ ဆရာတော်ဦးဥတ္တမ၏ အထ္ထုပ္ပတ္တိကို ပြဌာန်းသင်ကြား
ပေးခဲ့သည်။မြတ်နိုင်ဘလော့မှကူးယူဖော်ပြသည်။
 
 မြန်မာ့လွှတ်လပ်ရေး မီးရှုးတန်ဆောင် အာရှနီဝန်း ရခိုင့်အာဇာနီ ဆရာတော်ဦးဥတ္တမ ၏ ရဲရဲတောက် မိန့်ခွန်းများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(1) “ကရက်ဒေါက် ဂက်ဒေါက်”(Craddock,Get Out!)
(2) ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံ ပေါကြွယ်လှသော မြန်မာနိုင်ငံတွင်
တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက် ခဲကျပ်တည်းကာ
ဆင်းရဲဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ဖြစ်သည်”

( ၁၉၂၁ ခုနှစ် မတ် လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌
ဟောပြောသော မိန့်ခွန်းမှ...)

(3) “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ”
“တိုင်းရင်းဖြစ်ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသား ဆိုင်တွေမှာ
ဝယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်”
“ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ”
(4) "အစိုးရဟူသည် မည်မျှပင် ရက်စက်စေကာမူ ၊ ပြည်သူတို့၏ တစ်စည်းတည်း
ပေါင်းစည်းကြံစည် လွတ်လပ်ရေး ရှာကြတော့မည်ဟူသော အဓိဌာန်ဖြင့်
လုပ်ကြံခြင်းကို တာရှည်စွာ မခံမရပ်နိုင် ဖြစ်ချေသည်"

(5) “အစိုးရမကောင်းရင် မကောင်းဘူးလို့ ဝေဖန်ခွင့်ဟာ ငါတို့မှာရှိတယ်။
ခေါင်းငုံ့မခံကြနဲ့ ကြောက်လျှင်ပြန် ရဲလျှင်ကြံ။ လွတ်လပ် ရေး ဆိုတာ
တကာတကာမတို့၏ ကြိုးကုတ်လုံ့လ ကြီးမားမှုပြုလျှင် ဧကန်မုချရမည်မလွဲ"
(6) “ဒီတိုင်းပြည် သူ တပါးလက်အောက်ခံ ကျွန်နိုင်ငံ ဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်းကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာ ဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင်ကျိန်းအိပ်မနေကြဘဲ သံဃသမဂ္ဂီ အဖွဲ့များ ဖွဲ့ပြီးဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်”

(7) “ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊
ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ ဒိုင်အာခီကောင်စီ
ဝင်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊
သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။
သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။
ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။(၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးမှ မိန့်ခွန်းမှ.....)

(8) “မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျ စိတ်များကိုဖယ်ရှား 
ပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင်တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊

ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့လွတ်လပ်ရေးတို့ဆိုတာကျုပ်တို့ရထိုက်တဲ့ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။
ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက်
တကယ်ရအောင်လုပ်နိုင်တဲ့သဘောမှန်ဟာတိုင်းသူပြည်သားတို့လက်ထဲမှာသာရှိတယ်။

˝ကျမ်းကိုးစာရင်း
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ – ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊၁၉၇၅ ဇန်န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်
ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။



ဆရာတော် ဦးဥတ္တမ နေ့မှာ
မချိတင်ခဲ ရေးလိုက်တဲ့ ကဗျာ

*************************

``ကရက်ဒေါက် ဂစ်ထ်အောက်´´ တဲ့
လွမ်းလောက်ဖွယ် သည်စကားဟာ
မှန်းသလောက် ခရီးတွင်ခဲ့ပါသလား
နှလုံးသားနဲ့ ဥာဏ်ပညာ
ပူးပေါင်း စစ်ဆင်ရေးကြီးမှာ
သူ့အနစ်နာခံမှုတွေ အတွက်
သူပြန်ရလိုက်တဲ့ ဆုလာဘ်က
လမ်းဘေးအမှိုက်ပုံထဲမှာ
ဖရဲသီးကောက်စားခဲ့ရတဲ့ဘဝ
( ၇၄ )နှစ်တဲ့လား
ဦးဥတ္တမနေ့ တဲ့လား
လွမ်းကြလေ လွမ်းကြ
မြန်မာ့ နိုင်ငံရေးဆိုတာကြီးကိုက
လွမ်းပွဲတွေရှိမှ လူရာဝင်တတ်သမို့
ဆရာသခင် ဖရဲသီးကောက်စားခဲ့ရတဲ့
နေ့ကိုလည်း
လွမ်းပွဲကလေးနဲ့
လွမ်းပေးတော်မူကြပါဦး ခင်ဗျ။ ။

သုလင်းဝေ(တက္ကသိုလ်မင်းခန့်)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>