(လယ်တီဆရာတော်ဘုရားကြီး၏ တပည့်ရင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးနု၊
ဦးသန့် နှင့် ဆရာကြီးဂိုအင်ကာ ၏ ဆရာ ဦးဘခင် ၏ ဆရာ)
ဆရာသက်ခေါ် ဦးဖိုးသက်မှာ ရန်ကုန်မြို့တဖက်ကမ်း ဒလပျော်ဘွယ်ကြီးရွာသားဖြစ် ၏။ ပျော်ဘွယ်ကြီးရွာနေ ဦးကျော်တုတ်-ဒေါ်ငွေဥတို့မှ မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် ဝါခေါင်လဆန်း ၃ ရက်၊ သောကြာနေ့တွင် မောင်ဖိုးသက်ကို ဖွားမြင်ခဲ့လေသည်။မွေးချင်း လေး ယောက်တို့တွင် မောင်ဖိုးသက်မှာ အကြီးဆုံး ဖြစ်၏။
ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့၏ တောင်ဖက်၇-မိုင်မျှသာကွာ၍ အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီး ဖြစ်၏။ ရွာသူရွာသားတို့မှာလည်း များသောအားဖြင့် သမ္မာအာဇီဝဖြစ်သော လယ်ယာအလုပ်ဖြင့် အသက်မွေး ကြသူများဖြစ်သည်။မောင်ဖိုးသ က်
အသက်(၁၁)နှစ်အရွယ်တွင် ဖခင်ဦးကျော်တုတ် ကွယ်လွန်သွားသဖြင့် မိခင်
မုဆိုးမကြီး ဒေါ်ငွေဥက သားသမီးလေးယောက်အား အကြော်ရောင်း၍ လုပ်ကျွေးခဲ့ရသည်။
သားကြီးမောင်ဖိုးသက်ကိုလည်း
မြန်မာစာခြောက်တန်းအထိ ပညာသင်ပေးခဲ့သည်။ မောင်ဖိုးသက်ကား ကျောင်း
နေဆဲမှာပင် ကျောင်းအားရက်များ၌ လှည်းဦးစီး၊ သမ္ဗာန်ဦးစီးအဖြစ်ဖြင့်
စပါးသယ်ပို့သောလုပ်ငန်း၌ ၀င်ရောက် လုပ်ကိုင်လျက် မိခင်ကြီး၏ စီးပွားရေးကို
ကူညီပံ့ပိုးပေးခဲ့သည်။ ထို့နောက် ရိုးသားကြိုးစားသော မောင်ဖိုးသက်ကို
ဆန်စက်ပိုင်တစ်ဦးက သဘောကျ၍ သူ့  ဆန်စက်၌ တာလီစာရေးခန့်ထားခဲ့သည်။တစ်လ ၆ - ကျပ်စားမှ ၂၅ - ကျပ်အထိ လခတိုးပေးခဲ့သည်။ ထိုအခါ မောင်ဖိုးသက်တို့မိသားစု စားဝတ်နေရေး ချောင်လည်လာခဲ့သည်။
မောင်ဖိုးသက် အသက်(၁၆) အရွယ်တွင် ပျော်ဘွယ်ကြီးရွာမှ
လယ်ပိုင်ရှင်တစ်ဦးဖြစ်သော ဦးသိန်း ဒေါ်သူဇာ တို့၏သမီးထွေး မမျှင်နှင့်
အိမ်ထောင်ကျလေသည်။ ထိုအခါသူသည် ယောက္ခမမိသားစုနှင့်အတူနေထို င်လျက် လယ်ယာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ စီးပွားရေးပြေလည်၍ မိသားစုအသိုင်းအဝိုင်းမှာလည်း ပြည့်စုံသဖြင့် ကာလအတန်ကြာမျှ ပျော်ရွှင်စွာ နေခဲ့ရသည်။
ထိုအချိန်ကာလအတွင်း ဘာသာရေးနှင့်ပတ်သက်၍လည်း အလှူဒါနပြုခြင်း
ဥပုသ်သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို
ပြုလုပ်ဆည်းပူးနိုင်ခဲ့သည်။
အထူးအားဖြင့် ထိုခေတ်က ရဟန္တာဟု ကျော်ကြား သော ဘုန်းတော်ကြီး ဦးသီလနှင့်
ပညာနေတ္တိ ဝိပဿ နာကျမ်းပြု ဖိုဝန်းတောင်ဆရာညွန့်တို့ ဟောပြောသော တရားများကို
ကြားနာခွင့်ရရှိခဲ့ခြင်း၊ လယ်တီဆရာတော်၏ ဒီပနီကျမ်းအချို့ကို
ဖတ်ရှုခဲ့ရခြင်းတို့ကြောင့် မောင်ဖိုး သက်မှာ ဘာသာရေးအခြေခံ အတော်အသင့် ပြည့်စုံလေသည်။
သို့သော်လည်း ထိုသို့အစစချောမွေ့နေသောအချိန်တွင် မမျှော်လင့်သော ကြမ္မာဆိုးတစ်ခုက မောင်ဖိုးသက်တို့ မိသားစုနှင့်တကွ ပျော်ဘွယ်ကြီးရွာတစ်ရွာလုံး ကို ဝင်ရောက်မွှေနှောက်ခဲ့သည်။ထိုကြမ္မာဆိုးမှာ အခြားမဟုတ်။ ကာလဝမ်းရောဂါပင်ဖြစ်၏။ ကာလဝမ်းရောဂါကျရောက်လာသဖြင့်  ရွာသူရွာသား အမြောက်အများ သေကြေ ပျက်စီးကြရာတွင် မောင်ဖိုးသက်တို့မိသားစုမှာ
အထိအနာဆုံးဖြစ်ခဲ့သည်။ မမျှင်၏ အစ်မ မခင်တို့လင်မယားနှင့် အတူ တူမလေး
မချစ်မြိုင်၊ ကိုဖိုးသက်၏ သမီးလေး မလှညွန့် ပါ ဝမ်းရောဂါ ထဲသို့ 
ပါသွားခဲ့ကြရရှာသည်။
လယ်တီဆရာတော်နှင့် ဆရာသက်
အသက်သုံးဆယ်ကျော်မျှသာရှိသေးသော
ကိုဖိုးသက်မှာ မိမိလက်တွင်း၌ မချိမဆန့် အသက်ပျောက်သွားခဲ့ရ သည့်
တစ်ဦးတည်းသော သမီးလေးမလှညွန့်အတွက် အကြီးအကျယ် စိတ်ထိခိုက်သွားသည်။
လအတော်ကြာမျှ သောက ဝေဒနာကို မဖြေနိုင် ဖြစ်ခဲ့ရသည်။ရက်လ ညောင်း၍
မိမိစိတ်ကို အသင့်အတင့် ဖြေနိုင်သောအခါတွင်မူ ကိုဖိုးသက်မှာ
ပျော်ဘွယ်ကြီးရွာ၌နေလိုစိတ် မရှိတော့ချေ။ ထို့ကြောင့် ဇနီးမမျှင်နှင့်ကျန်မိသားစုများအား အနူး အညွတ်တောင်းပန်ပြီး ပျော်ဘွယ်ကြီးရွာမှ ထွက်လာခဲ့လေသည်။
မောင်ညိုခေါ် မိတ်ဆွေတစ်ယောက်ကို အဖော်ပြုလျက် ရွာမှထွက်လာသော
ကိုဖိုးသက်သည် မြန်မာပြည် တော တောင်ဒေသ အနှံအပြားသို့လှည့်လည်လျက်
သောကငြိမ်းအေးကြောင်းတရားကို ရှာဖွေသည်။
ရှေးဦးစွာ ဖိုဝန်းတောင် ဆရာညွန့်ထံသို့ရောက်၍ အာနာပါနရှုမှတ်နည်းကိုရရှိ ခဲ့သည်။ ထိုနောက် ညောင်လွန့် ဆရာတော်၊ အင်းမကြီးတောရဆရာတော်၊
ရွှေမြို့ဥဒေါင်းတောင်ဆရာတော်၊
သေက္ချတောင်ဆရာတော် ဦးတိလောကစသည့် ပဋ္ဋိပတ္တိအကျော် ဆရာတော်များထံသို့လည်း
ခိုဝင်ဆည်းကပ်ခဲ့သည်။ နောက်ဆုံးကား လယ်တီဆရာတော် ဖြစ်လေသည်။
ကိုဖိုးသက်သည် လယ်တီဆရာတော်ထံ၌(၇)နှစ်မျှ အနီးကပ်ဆည်းကပ်နေထိုင်လျက်
ပဋ္ဋိပတ္တိအလုပ်ကို အား ထုတ်ခဲ့သည်။ဆရာတော်၏ ဆုံးမသြဝါဒများကို အလေးအနက်
နာယူမှတ်သား ခဲ့သည်။
ဤသို့လျှင် အိုးပစ်အိမ်ပစ်ဘဝဖြင့် ကိုဖိုးသက်တရားရှာခဲ့သည်မှာ (၁၃)နှစ်မျှကြာမြင့်သွားခဲ့ သည်။ ထိုအချိန် ကာလအတွင်း ဆရာသမား သူတော်ကောင်းပညာရှိုတို့၏ ဆုံးမသြဝါဒများကိုမပြတ်မလပ် ကြားနာခဲ့ရခြင်း ကြောင့်လည်းကောင်း၊ တရားအသိ ထိုက်သင့်သလောက် တိုးပွားလာခြင်းကြောင့်လည်း ကောင်း
၊ကိုဖိုးသက်၏ သောက ဝေဒနာမှာ သိသိသာသာကြီး လျော့ပါးသွားခဲ့လေသည်။
ထို့ကြောင့် ကိုဖိုးသက်သည် အဖော်ဖြစ်သူ မောင်ညိုနှင့်အတူ
လယ်တီဆရာတော်ကြီးအား ဖူးမြော်ကန်တော့ပြီး ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော
ပျော်ဘွယ်ကြီးရွာသို့ ပြန်ခဲ့လေသည်။
ပျော်ဘွယ်ကြီးရွာသို့ရောက် သောအခါ အိမ်သို့သွားလိုစိတ်မရှိသေးသဖြင့်
ကိုဖိုးသက်နှင့် မောင်ညိုတို့သည် ရွာထိပ်ရှိ ဓမ္မာရုံဇရပ်၌
ယာယီသဘောဖြင့် စတည်းချနေကြသည်။ ထိုဓမ္မာရုံမှာ တစ်ချိန်က ကိုဖိုးသက်တို့
မိသားစု ဆောက်လုပ်လှူဒါန်းခဲ့သော ဇရပ်ပင်ဖြစ်၏။
ကိုဖိုးသက်သည်
ရောက်မဆိုက်မှာပင် ဓမ္မာရုံအတွင်းရှိ ရုပ်ပွားဆင်းတုတော်အား
သွားရောက်ဦးတိုက်သည်။ ထိုအခါ ရုပ်ပွားတော် ကိန်းဝပ်ရာပလ္လင်မှ - “၁၂၆၉ - ခု ၊ တန်ဆောင်မုန်း လပြည့်ကျော် (၃) ရက် ပျော်ဘွယ်ကြီးရွာနေ အဖ
ဦးသိန်း ၊အမိ ဒေါ်သူဇာ၊ သား ဘုရားဒါယကာ ကိုဖိုးသက်၊ ဘုရားအမ မမျှင် ၊ သမီး
မလှညွန့်တို့ ကောင်းမှု။သာဓု ခေါ်စေသောဝ် ”
ဟူသော ကမ္ဗည်းစာတန်းကို ခပ်မွှားမွှားတွေ့ မြင်ရလေသည်။
ထိုအခါ ကိုဖိုးသက်မှာ ဝေဒနာဟောင်းပြန်ထလာသည်။ သမီးလေး မလှညွန့်၏
မျက်နှာကို မြင်ယောင်လျက် မျက်ရည်များပင် စီးကျလာသည်။သို့သော်
ကိုဖိုးသက်သည် ချက်ချင်းဆိုသလို မိမိစိတ်ကို ပြန်၍ ထိန်းလိုက်သည်။ “၁၃ - နှစ်တိုင်တိုင် တရားရှာခဲ့ပြီးမှ ခုလိုမျက်ရည်ကျရတာ မသင့်တော်ချေတကား” ဟု မိမိကိုယ်ကို မိမိ ဆုံးမ လိုက်သည်။
ဆရာသက် တရားပြခြင်း
ထို့နောက် ကိုဖိုးသက်သည် ရုပ်ပွားတော်၏ရှေ့၌ပင် တင်ပျဉ်ခွေထိုင်လျက်
အာနာပါနကို စူးစိုက်စွာရှုမှတ်နေ သည်။ ယင်းသို့ရှုမှတ်သောအခါ
တဖြည်းဖြည်း သမာဓိအားကောင်းလာပြီး စောစောက ဖြစ်ပေါ်ခဲ့သည့် စိတ်သောကမှာလည်း
တဒင်္ဂအားဖြင့် လျော့ပါးသွားသည်။ သို့သော် ကိုဖိုးသက်ကား ဤမျှဖြင့်
မကျေနပ်ချေ။
“ဤသောက ဝေဒနာမျိုး နောက်ထပ်မပေါ်လာအောင် ငါအားထုတ်မှဖြစ်တော့မည်။”
ဟု သန္ဒိဌာန်ချလိုက်သည်။ ထို့နောက် ဇနီးမမျှင်တို့ အိမ်သို့နှုတ်ဆက်ရုံမျှပင် မသွားတော့ဘဲ မောင်ညိုနှင့်အတူ ဇရပ်မှာပင် ဖြစ်သလို နေထိုင်လျက် တရားကို ဆက်လက်အားထုတ်သည်။
အာနာပါနဖြင့် သမာဓိခိုင်မြဲအောင်ထူထောင်ြ ပီး
မိမိခန္ဓာကိုယ်မှ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပျက်မှုများကို ဝိပဿ နာ ဥာဏ်ဖြင့်
ထင်မြင်အောင် ရှုမှတ်သည်။ သို့အားဖြင့် မကြာမီကာလအတွင်း၌ပင်
ကိုဖိုးသက်သည် ခန္ဓာကိုယ်တွေ့  တရားကို လင်းလင်းချင်းချင်း ထိုးထွင်း
သိမြင်ခဲ့လေသည်။
ထို့ နောက် ကိုဖိုးသက်သည် ရွာဦးဇရပ်မှာပင်
ဆက်လက်နေထိုင်လျက် မရီး ဒေါ်ရင် အပါအဝင် ရင်းနှီးသူ (၁၅) ဦးခန့်အား
အာနာပါန အားထုတ်နည်းကို စတင်သင်ပြပေးသည်။ ယောဂီများအားတနေ့နှစ်ကြိမ်
တရားစစ်ပြီး နေ့စဉ်တရားဟောသည်။ ကိုဖိုးသက်မှာ စာတတ်ပေတတ်တစ်ဦး
မဟုတ်သော်လည်း သူဟောပြောသော တရား ကား ရှင်းလင်းပြတ်သားသည်။ယောဂီများသာမက ယောဂီမဟုတ်သူများလည်း လာရောက်နာယူကြသည်။ တရားထိုင်သောယောဂီများမှာလည်း တိုးတက်မှုရရှိ၍ များစွာကျေနပ်နှစ်သက်ကြသည်။
ကိုဖိုးသက်သည် သီတင်းဝါလကျွတ်သောအခါ ယောဂီအချို့နှင့်အတူ လယ်တီဆရာတော်ထံ
သွားရောက်ဖူးမြင် သည်။ မိမိတရားပြပုံများကိုလည်း ဆရာတော်အားလျှောက်ကြားသည်။
လယ်တီဆရာတော်က အကြိမ်ကြိမ် သာဓုခေါ်တော်မူပြီး ဆက်လက်တရားပြရန်
တိုက်တွန်းတော်မူသည်၊ မိမိအမြဲသုံးနေသော လက်ကိုင်တောင်ဝှေး ကိုလည်း
ဒကာသက်အား ချီးမြှင့်တော်မူလိုက်လေသည်။
ကိုဖိုးသက်သည် လယ်တီဆရာတော်ထံမှ ပြန်လာပြီးနောက် ဆရာတော်၏ အားပေးတိုက်တွန်းချက်နှင့်အ ညီ
တရားပြမှုကို တိုး၍ပြုလုပ်ခဲ့သည်။ အနီးပတ်ဝန်းကျင် ရွာများနှင့်တကွ
ရပ်နီးရပ်ဝေးမှ လူများအဆက်မပြတ် လာရောက်၍ ကိုဖိုးသက်ထံ၌ တရားအားထုတ်ကြသည်။
“ဆရာသက်ကြီး ”ဟူ၍ လေးလေးစားစား အသိအမှတ် ပြုလာကြသည်။
ဆရာသက် ကွယ်လွန်ခြင်း
ဆရာသက်ကြီးသည် ပျော်ဘွယ်ကြီးရွာ၌သာမက ရန်ကုန် - မြောင်းမြ - ရွှေကျင်စသော
အခြားမြို့ ရွာများ၌လည်း တရားပြခဲ့သည်။ ပျော်ဘွယ်ကြီးရွာမှာ
ရန်ကုန်မြို့နှင့်နီးသဖြင့်  ရန်ကုန်မြို့မှ အစိုးရအမှုထမ်းများနှင့် အခြားသူများ လည်း ဆရာသက်ထံ မကြာခဏ လာရောက်ကြသည်။ နောင်အခါ၌ ငွေစာရင်းမင်းကြီးဖြစ်လာမည့်  ဦးဘခင် သည်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။
ဆရာသက်ကြီး၏ တပည့်အချို့သည် ဆရာကြီးအသက်ထင်ရှားရှိနေစဉ် ကပင်
အာဇာနည်ကုန်း၌ ဟံသာဝတီ ကမ္မဌာန်းဌာနကို ဖွင့်လှစ်ခဲ့ကြသည်။
ထိုကမ္မဌာန်းဌာနသို့ လာရောက်၍ တရားပြခဲ့သည်။ ဆရာကြီးသည် မြန်မာ သက္ကရာဇ်
၁၃၀၇ - ခုနှစ် နတ်တော်လဆန်း ၁၄ ရက်နေ့ညတွင် ဗဟန်းရေတာရှည် လမ်းဟောင်းမှ
တပည့်ဖြစ်သူ ဦးအုံး၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။ အသက်(၇၂) နှစ်အရွယ်တွင်
ကွယ်လွန်သွားခြင်းဖြစ်၏။ ဆရာကြီး၏ ရုပ်ကလာပ်ကို အာဇာနည်ကုန်း၌
တပည့်ကြီးငယ်တို့က စည်ကားသိုက်မြိုက်စွာ သင်္ဂြုဟ်ခဲ့ကြ လေသည်။
နှစ်ပေါင်းသုံးဆယ်
ဤမျှအထိကား ဆရာသက်ကြီး၏ ဘဝဖြစ်စဉ် အကျဉ်းချုပ်ဖြစ်လေသည်။ ဤဘဝဖြစ်စဉ်ကို
ကြည့်လျှင် ဆရာကြီးသည် မိမိ၏ဘဝကို ပဋိပတ္တိအလုပ်၌ နှစ်ပေါင်းသုံးဆယ်ကျော်မျှ
မြှုပ်နှံခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်ပါ သည်။
“ငါ့တပည့်ကြီး လူပေါင်းခြောက်ထောင်ထက်မနည်း တရားသိအောင် တရားပြပေးရမယ်”
ဟူသော လယ်တီဆရာတော်၏ မိန့်ကြားချက်နှင့်အညီ ဆရာသက်ကြီးထံ၌ နည်းနိဿ ယခံ၍
တရားအားထုတ် သူပေါင်းမှာ ထောင်ဂဏန်းမျှမက သောင်းဂဏန်းအထိပင်
ရှိခဲ့လိမ့်မည်ဟု ခန့်မှန်း ရပါသည်။
ဆရာကြီး၏ နည်းနိဿ ယနှင့်အညီ တရားပြနေသည့် ကမ္မဋ္ဌာန်းဌာနများလည်း ယနေ့အထိ ရှိနေကြလေသည်။ ယင်းတို့မှာ
၁။ ပျော်ဘွယ်ကြီးရွာ ကမ္မဋ္ဌာန်းဌာန၊
၂။ ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းဌာန၊
(အာဇာနည်ကုန်းမှ ပြောင်းရွေ့ခဲ့သော ဌာနဖြစ်၏။)
၃။ အင်းယားမြိုင်လမ်း အပြည်ပြည်ဆိုင်ရာ ပဋိပတ္တလုပ်ငန်းဌာန၊
၎။ လယ်တီမူ ကမ္မဋ္ဌာန်းဌာန ၊
၅။ သံသရာ အေးရိပ်သာ (ကမာရွတ်စပယ်ခြံ)
၆။ မန္တလေးမြို့ မဟာဗောဓိ ကမ္မဋ္ဌာန်းဌာန၊
၇။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်း ဓမ္မဇောတိက ဝိပဿ နာရိပ်သာ စသည်တို့ ဖြစ်၏။
ဆရာကြီးဦးဘခင်နှင့် ဦးဂိုအင်ကာ
အထက်ပါ ကမ္မဋ္ဌာန်းဌာနတို့တွင် အင်းယားမြိုင်လမ်းမှ အပြည်ပြည်ဆိုင်ရာ
ပဋိပတ္တိလုပ်ငန်းဌာနကို ၁၉၅၃- ခုနှစ်တွင် ငွေစာရင်းမင်းကြီးဦးဘခင်
တည်ထောင်ခဲ့ခြင်းဖြစ်၏။ ငွေစာရင်းမင်းကြီး ဦးဘခင်မှာ ဆရာသက်ကြီး၏
နည်းနိဿ ယကို အပြည့်အဝခံယူခဲ့သော တပည့်ရင်းတဦး ဖြစ်၏။
အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သောကြောင့်
ဦးဘခင်၏ ပဋိပတ္တိတရားဌာန၌ နိုင်ငံခြားသား အများအပြား
လာရောက်တရားထိုင်ခဲ့ကြသည်။ ဆရာကြီးဦးဘခင် ကွယ်လွန်ပြီးနောက်တွင် သူ၏
လက်ထောက်တပည့်များဖြစ်သော ဆရာမကြီးဒေါ်မြသွင်နှင့် ဆရာဦးချစ်တင်တို့က
အင်္ဂလန်- သြစတြေးလျ စသော နိုင်ငံများသို့ သွားရောက်၍ တရားပြခဲ့ကြသည်။
တနေ့တခြား တိုးတက်အောင်မြင်မှုများ ရရှိနေကြောင်း လည်း ကြားသိရပေသည်။
ဆရာကြီးဦးဘခင်၏ လက်ထောက်တပည့်တဦးဖြစ်သော အိန္ဒိယအမျိုးသား
ဦးဂိုအင်ကာမှာမူ ယခုအခါ ကမ္ဘာကျော် ဝိပဿ နာဆရာကြီး ဖြစ်ပေသည်။ ၁၉၆၉-
ခုနှစ်တွင် ဘုံဘေမြို့၌ စတင်တရားပြခဲ့ရာ ယခုအခါ အိန္ဒိယနိုင်ငံတွင်းရှိ
မြို့ကြီးမြို့ငယ်တိုင်း၌ တရားဌာနနှင့် တရားပတ်များ
ဖွင့်လှစ်ပေးလျက်ရှိသည်။
အင်္ဂလန် အမေရိကန် သြစတြေးလျစသည့် အရှေ့အနောက် နိုင်ငံပေါင်းများစွာတို့၌လ ည်း သူ၏တရားဌာနများ ဖွင့်လှစ်ထားပြီး ဖြစ်ပေသည်။
အထူးအားဖြင့် အိန္ဒိယနိုင်ငံ အကျဉ်းထောင်တို့၌ ဝိပဿ နာတရားပတ်များဖွင့်၍
ထောင်ပေါင်းများစွာသော အကျဉ်းသားတို့၏ ဘဝကို မြှင့်တင်ပေးနေသည်မှာ
လွန်စွာအောင်မြင်လျက်ရှိကြောင်း ကြားသိရပေသည်။
ဆရာကြီးဦးဂိုအင်ကာနှင့် သူ့လက်ထောက်များထံ၌ တရားထိုင်ခဲ့ပြီးသော
နိုင်ငံတကာ ယောဂီပေါင်းမှာ ယနေ့ အထိ (ဤနေရာ၌ စာအုပ်ထုတ်ဝေသည့်
၁၉၉၄ခုနှစ်ကို သတိပြုစေလိုပါသည်။) သိန်းဂဏန်းကျော်နေပြီဖြစ် ပေသည်။
ဆရာကြီးဦးဘခင်နှင့် ဦးဂိုအင်ကာတို့သည် ဆရာသက်ကြီး၏ ဂုဏ်ကျေးဇူးများကို
အထူးတလည် ဖော်ထုတ်ခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့နှစ်ဦး၏
အားထုတ်မှုကြောင့်ပင် ယခုအခါ ဆရာသက်ကြီး၏ ဂုဏ် ကျေးဇူးများ ကမ္ဘာသို့
ပျံ့နှံ့လျက်ရှိပေသည်။
Posted by မင်းဒင်
No comments:
Post a Comment