ဦးတင်မောင်ကို ယခုခေတ် လူငယ်တို့ သိမီလိုက်ခြင်း မရှိ။ ဂရိတ် ဦးဖိုးစိန်
မရှိသည့်နောက် သဘင် တစ်ခေတ်ကို ဦးဆောင် ထိန်းသိမ်းခဲ့သူဖြစ်သော ဦးတင်မောင်၏
လေးစားဖွယ် ဂုဏ်ရည်များကို တင်ပြလိုပါသည်။ ဇာတ်သဘင် သမိုင်းတွင်
ဦးဖိုးစိန်သည် ဇာတ်သဘင်ကို လူရိုသေအောင် မြှင့်တင်ခဲ့ ကာ ဦးတင်မောင်သည်
ဇာတ်သဘင်ကို ခမ်းနားအောင် လုပ်ခဲ့သည်ဟုဆိုလျှင် မည်သူမျှ ငြင်းနိုင်မည်
မဟုတ်ပါ။
ရွှေမန်းတင်မောင် အမည်ခံ မောင်တင်မောင်ကို မန္တလေးမြို့အနောက် ပင်ထန်းမြင့်ရပ်တွင် မြန်မာ သက္ကရာဇ် (၁၂၈၀ ပြည့် နတ်တော် လပြည့်ကျော် ၄ ရက်) စနေနေ့ ( ၁၉၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်) တွင် ဖွားမြင်သည်။ မိဘမှာ ဦးပြား၊ ဒေါ်မေဖြစ်ပြီး မွေးချင်း ၁၀ဦးအနက် အငယ်ဆုံး သားထွေး ဖြစ်သည်။ ကိုးနှစ်သားတွင် သာမဏေ တစ်ဝါ ဝတ်ခဲ့သည်။ ပညာရေးမှာ ဘုန်းကြီးကျောင်း ပညာရေး ဖြစ်ခဲ့သည်။ ယင်းပညာက ဝါသနာအလျောက် အသက်မွေးခဲ့ရသော သဘင်ပညာအတွက် အထောက် အကူပြုခဲ့သည်။
ဦးတင်မောင်သည် မိမိကိုယ်တိုင် ခေတ်ပညာကို ကြိုးစားပမ်းစား သင်ယူခဲ့သည့်ပြင် ဇာတ် အဖွဲ့သား များ၏ ပညာရေးကိုလည်း အားပေးခဲ့သည်။ ဇာတ်အဖွဲ့အတွင်းတွင် အင်္ဂလိပ်စာပြ ဆရာ တစ်ဦးကို လစာ ၃၀၀ ကျပ် (ထိုခေတ်က လူနေမှု စရိတ်နှင့် ဆိုလျှင် မြင့်မားလှသည်) ပေးကာ ခန့်ထားခြင်းနှင့် စာကြည့်တိုက် တစ်ခု ထားရှိခဲ့ခြင်းတို့ ဖြစ်သည်။
မောင်တင်မောင်၏ အနုပညာ အခြေအနေကို ရင်အုပ်မကွာ အကဲခတ်ရင်း မြေတောင် မြှောက်သူမှာ ဘကြီး ဆရာတော် ဦးကေသရ ဖြစ်သည်။ ဦးကေသရသည် ရွှေမန်းတင်မောင်ဟူသော အမည်ဖြင့် လျှမ်းလျှမ်းတောက် ကျော်သည်အထိ မောင်တင်မောင်၏ သဘင်ပညာကို အားရ ကျေနပ်သည် မရှိခဲ့။ အဆိုပညာကို မန္တလေးမြို့ အနောက်ပြင် ထန်းမြင့်ရပ်မှ သီချင်းရေးဆရာ ဆရာထထံတွင် သင်ယူစေ ပြန်သည်။ သဘင်ပညာကို ဘကြီးဖြစ်သူ ပလိုင်း ဆရာငွေ၊ စာရေးဆရာကြီး ဦးထွန်းရတို့ထံတွင် သင်ကြားခဲ့သည်။
မောင်တင်မောင်သည် ဆိုင်းမင်းသား သို့မဟုတ် လူပြက်လုပ်ရင်း သဘင်ပညာကို ဆည်းပူးခဲ့ရသည်။ ယင်းနောက် အသက် ၁၂နှစ် အရွယ်ခန့်တွင် မြခြေကျင်း ဒေါ်ငွေမြိုင်ထံ ပညာ သင်ကြားစေသည်။ မောင်တင်မောင်၏ ပညာ ခံယူမှု၊ ဉာဏ်ရည် ထက်မြက်မှုတို့ကြောင့် ပညာသင် တစ်နှစ် မမြောက်ခင်တွင် ဒေါ်ငွေမြိုင့် ဇာတ်တွင် နောက်ပိုင်း ဇာတ်ကြီးများတွင် ကခွင့်ရခဲ့သည်။ အချို့ တပည့်များ မောင်တင်မောင်ကဲ့သို့ အခွင့်အရေးမျိုး မရရှိခဲ့ကြ။
ဒေါ်ငွေမြိုင်က မောင်တင်မောင်ကို ရတနာပုံ တင်မောင်ဟု အမည်ပေးသည်။ သို့သော် ပုဏ္ဏား ဗေဒင် ဆရာ ဦးကဝိနှင့် လူရွှင်တော် ဦးရွှေအတို့က ရွှေမန်း တင်မောင်ဟု အမည်ပေးခဲ့ကြသည်။
မောင်တင်မောင်ကို အစ်မ ဒေါ်သိန်းတင်နှင့် ယောက်ဖ ဦးခင်သက်တို့က ဇာတ်ထောင် ပေးခဲ့ကြသည်။ ဇာတ်နှင့် အတူတွဲပြီး ဆိုင်းထောင်သူမှာ အစ်ကို ဦးဘတုတ် ဖြစ်သည်။ ဦးခင်သက်ဇာတ်တွင် သုံးနှစ်ခန့် ကပြပြီးသည့်အခါ ကိုယ်ပိုင်ဇာတ် ထောင်ခဲ့သည်။ ကိုယ်ပိုင်ဇာတ် ထောင်ချိန်တွင် မောင်တင်မောင်၏ အသက်မှာ ၁၈ နှစ်သာ ရှိသည်။ ယင်းအချိန်မှစကာ ရွှေမန်းတင်မောင် အမည်ဖြင့် ကျော်ကြားလာသည်။
လက်ဝဲသုန္ဒရဇာတ်ကို ကပြခဲ့ရာ အောင်မောင်း ပန်းပဲ၊ အောင်မင်း ချင်းဖဝေး၊ ရွှေမန်းလက်ဝဲ ဟု အမည် တွင်ရစ်အောင် ကပြနိုင်ခဲ့သည်။ ဦးစိန်ကတုံး ပိုင်ခဲ့သော ရွက်ထည်ရုံဖြင့် အသက် ၂၀ တွင် ရန်ကုန်၌ စတင် ကပြခဲ့သည်။ ဦးစိန်ကတုံး မရှိသည့်နောက် ရွက်ထည်ရုံကို ဦးစိန်ကတုံး၏ မန်နေဂျာ ဦးကျော်ဒွန်းလက်မှ ဝယ်ယူလိုက်သည်။ လွတ်လပ်ရေးရရန် ကြိုးပမ်းသော ခေတ်တွင်လည်း ကိုယ်တိုင်က မျိုးချစ်စိတ် ရှိနေသဖြင့် ပြည်သူလူထုကို မျိုးချစ်စိတ် ရှိလာအောင် သဘင်ပညာဖြင့် လှုံ့ဆော် အားပေးခဲ့သည်။ လွတ်လပ်ရေး ရသည့်နေ့တွင် စည်တော်ယွန်းသည့် အဖွဲ့ မှာ ဦးတင်မောင်တို့၏ ဇာတ်အဖွဲ့ ဖြစ်သည်။ လွတ်လပ်ရေး စရသည့် အချိန်မှစကာ ခုနစ်နှစ် တိုင်တိုင် သမ္မတအိမ်တော် ပွဲများတွင် ကပြခဲ့ရသည်။ အစိုးရ အဖွဲ့၏ ဧည့်ခံပွဲများသည် ဦးတင်မောင် မပါလျှင် မပြည့်စုံခဲ့ကြချေ။
၁၉၄၈ ခုနှစ်သည် လွတ်လပ်ရေးရသောနှစ် ဖြစ်သည်။ လွတ်လပ်ရေးအကြို ကပြသော လွတ်လပ်ရေး ဗိမာန် အော်ပရာကို ဗိုလ်ချုပ်အောင်ဆန်းက နှစ်သက်သဖြင့် ရွှေတံဆိပ်ဆု ချခဲ့သည်။ ရွှေတိဂုံဘုရား အနောက် စောင်းတန်းတွင် ကျင်းပသော ရွှေတိဂုံပွဲတွင် ချီးမြှင့်ခြင်း ဖြစ်သည်။ ယင်းအော်ပရာမှာ အလုပ်သမား၊ လယ်သမားများ စုပေါင်းကာ လွတ်လပ်ရေး ဗိမာန် တည်ဆောက်ပုံကို ကပြခြင်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရသည်။
၁၉၅၆တွင် ရုရှား၊ ယူဂိုစလား ဗီးယားနိုင်ငံ၊ ၁၉၅၉ တွင် အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဟာဝေယံကျွန်း၊ ၁၉၆၀ ပြည့်နှစ်တွင် တရုတ်နှင့် ဗီယက်နမ်တို့သို့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ဖြင့် ကပြရန်နှင့် လေ့လာရန် သွားရောက်ခဲ့ဖူးသည်။ ၁၉၅၉ ခုနှစ် နိုင်ငံခြားမှ အပြန် ညဥ့်ဝက်စနစ် သဘင်သစ်ကို တီထွင်ခဲ့သည်။ ၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်၌ စတင် ရုံတင် ပြသခဲ့သည်။ ယင်းညဥ့်ဝက် စနစ်ကို မြို့နေ လူထုက လက်ခံသော်လည်း တောနေ လူထုကမူ ပွဲပြီးချိန် ၁၂ နာရီခန့်တွင် အိမ်ပြန်ရန် ခက်သဖြင့် မနှစ်သက်ကြ။
သို့သော် ထိုညဥ့်ဝက် စနစ်မှာ ၁၉၆၁ ခုနှစ် ဧပြီလ ၇ ရက် ပဲခူးတွင် ဇာတ်ရုံ မီးလောင်ပြီးနောက် ပြန်လည် မထူထောင်နိုင်တော့ချေ။ ဦးတင်မောင်သည် မိမိ ဇာတ်ခုံပေါ်မှ ဇာတ်လမ်းများကို ရုပ်ရှင်တွင် ဇာတ်အဖွဲ့သားများနှင့်အတူ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများအနက် (၁) ဝိမာန၊ (၂) သင်္ခ၊ (၃) မနောဟရီ တို့တွင် ခေါင်းဆောင် ပါဝင်ကာ (၄) အိရွှေစင်တွင် ဇာတ်ကသည့် အခန်းများ၌ ပါဝင် ကူညီခဲ့သည်။
ဇာတ်သဘင် ပညာသည်ကောင်း တစ်ယောက် ဖြစ်ရန် ဝါသနာ၊ ရုပ်ရည်၊ အသံ၊ သဘင်ပညာတို့ ပြည့်ဝရန် လိုသည်။ ရုပ်ရည်နှင့် အသံမှာ မွေးရာပါ အရည်အချင်း ဖြစ်သောကြောင့် မပြုပြင်နိုင်ချေ။ သို့ရာတွင် ဇာတ်ပညာ အရည်အသွေးရှိလျှင် ရုပ်မလှသည်ကို ဖုံးကွယ်သွားသည်။ ဆိုတတ် ငိုတတ် လျှင် အသံမကောင်းသည်မှာ ပျောက်ကွယ်သွားသည်။ ဦးတင်မောင်၏ ရုပ်ရည်မှာ အသင့်အတင့်သာ ဖြစ်သည်။ အသံမှာလည်း နားဝင် ချိုမြိန်စေသည့် အသံသာမျိုး မဟုတ်။ အော်ဟစ်ဆိုမှ ကောင်းသော ညာသံ၊ သံစူး သံချွန် ဖြစ်သည်။ ဦးတင်မောင်မှာ အပြင်အဆင်၊ ပါရမီနှင့် ကြိုးစားမှု ရှိသောကြောင့်သာ မင်းသား ဖြစ်လာသူ ဖြစ်သည်။ ဝီရိယကြောင့် စင်ပေါ်တွင် ထင်ပေါ်လာသူ ဖြစ်သည်။
သူ့အပြော ကောင်းသောကြောင့်သာ ပရိသတ် လွမ်းကြခြင်း ဖြစ်သည်။ အပြောကောင်းရန် ဇာတ်စာ အကျက်များ ကာ ဗဟုသုတ ဖူလုံရန်လည်း လိုသည်။ ဦးတင်မောင်မှာ အပြောတွင် သူတကာထက် သာသည်။ ပင်ကိုယ်ဗီဇလည်း ရှိ၊ ဦးကေသရကဲ့သို့ နိုင်ငံတော် ဓမ္မကထိက၏ တပည့်ရင်း ဖြစ်သည့်ပြင် ကြိုးစားမှု လည်း ပါသောကြောင့် အပြောကောင်းခြင်း ဖြစ်သည်။ အချိန်ရလျှင် ရသလို ဇာတ်စာများကို ကျက်မှတ်နေသူ ဖြစ်သည်။ ငိုချင်း ဆိုရာတွင် ငိုချင်း၏ အဓိပ္ပာယ်ကို ရှင်းလင်းနိုင်ကာ ငိုချင်းပါ စကားလုံး အခန့်အထည်များကို ပီပီပြင်ပြင် ရွတ်ဆိုတတ်သည်။
စာရေးဆရာကြီး ငွေဥဒေါင်းက-“ ကျွန်တော်တို့ သိမီသလောက် ဦးတင်မောင်၏ သူမတူသော ဇာတ်ခုံရှေ့ အရည်အချင်း နှစ်ရပ်မှာ ရုပ်သေး မင်းသမီးကြီး ဦးဖူးညိုမှ တစ်ပါး နှုတ်စလျှာစ အပြော ကောင်းလှခြင်းနှင့် ဝီရိယဖြစ်သည်။” “ဦးတင်မောင် ဇာတ်ဆိုလျှင် ပရိသတ် ပြည့်ကျပ်လျက် ရှိသော် လည်း သူ့ကို ဝေဖန်တတ်သော ပွဲပရိသတ်ကမူ အသံကို လည်းကောင်း၊ ရုပ်ကို လည်းကောင်း၊ အကောင်းဘက်က ပြောသူ နည်း၏။ ဦးတင်မောင်က သူတို့ကို ဘယ်လို ဖမ်းစားလိုက်သည်ကို သူတို့ ကိုယ်တိုင် မသိ” ဟု ဝေဖန်ခဲ့သည်။ စာရေးဆရာကြီး ဦးရန်အောင်ကမူ - “ရွှေမန်း သရဖူဆောင်းသည့် ဂုဏ်ထူး ဝိသေသမှာ စာပေ အနုပညာမြောက်ခြင်းပင် ဖြစ်သည်။ ရွှေမန်းနှင့် အနုပညာ ခွဲခြားမရ၊ တစ်လုံး တစ်စည်းတည်း၊ တစ်ပေါင်းတည်း” ဟု ဆိုသည်။
ဦးဖိုးစိန်၏ တူတော်သူ ဆိုင်းဆရာကြီး အလင်္ကာကျော်စွာ စိန်ဘမောင်ကမူ “ရွှေမန်းကတော့ စာကျက်တယ်၊ စာတင် မဟုတ်ဘူး အစစအရာရာ ဝီရိယရှိတဲ့ မင်းသား၊ အင်မတန် ပြည့်ဝတဲ့ မင်းသားပါပဲ” ဟု စာရေးသူကို ပြောပြသည်။
မြန်မာနိုင်ငံတွင် လူများစုဖြစ်သော ကျေးတောနေ လူစုသည် စာမတတ်ကြ။ စာတတ်သော်လည်း စာဖတ်ရန် အခွင့်အလမ်း နည်းကြသည်။ ထိုလူစုနှင့် ထိတွေ့မှုများသော ဇာတ်သဘင်၏ တာဝန်မှာ ကြီးလေးသည်။ ကျေးလက် လူထုကို မှန်ကန်သော အသိပညာပေးရန် ဇာတ်သဘင်ပညာသည်တို့ သည် စာပေနှင့် အကျွမ်းဝင်ရန် လိုသည်။ ရှေး ဇာတ်သဘင်တို့၏ ဇာတ်လမ်း အခြေခံသည် ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ ဇင်းမယ် ပဏ္ဏာသ ကျမ်းလာ ဇာတ်လမ်းများ၊ ၅၅၀ နိပါတ်တော်၊ ဘုရား သမိုင်းနှင့် စိတ်ကူးယဉ်လွန် ဒဏ္ဍာရီတို့အပေါ် အခြေခံသည်။ ဇာတ်တော်ထွက် ဇာတ်လမ်းများသည် စာရိတ္တ ပြုပြင်ရေး လက်နက်ကောင်းများ ဖြစ်ကြသည်။
ဦးတင်မောင် ကပြခဲ့သော အော်ပရာ၊ ဘဲလေး၊ ပြဇာတ်၊ နောက်ပိုင်းဇာတ်ကြီးတို့မှာ
ဦးတင်မောင် ကခဲ့သော အော်ပရာများအနက် အနှစ်ခြိုက်ဆုံး အော်ပရာများမှာ (၁) ဝဏ္ဏပထ၊ (၂) ရွဲကုန်သည်၊ (၃) ဒေဝဓမ္မ၊ (၄) တေလပတ္တ၊ (၅) လောကနတ်နှင့် (၆) လက်ဝဲညွန့် တို့ ဖြစ်ကြသည်။ ၁ မှ ၄ သည် ၅၅၀ နိပါတ်ကို အခြေခံသည်။ ဝဏ္ဏပထဇာတ်ကို ၁၉၆၈ ခုနှစ် ဗိုလ်တထောင် ဘုရားပွဲတွင် စင်တင်သည်။ ဇာတ်လမ်းအရ လှည်းသား ငါးရာ စုစုပေါင်း အင်အားဖြင့် ရေရှာ ထွက်ပုံကို မုံရွာ ဦးလေးခန့်က ရေးသားပေးသည်။ ဝဏ္ဏပထဇာတ်မှ ဦးတင်မောင်၏ ယောက်ျား၊ မိန်းမ နှစ်ကိုယ်ခွဲ အက၏ သရုပ်တူခြင်း၊ လျင်မြန် ဖျတ်လတ်ခြင်းကို ပရိသတ်က ချီးကျူးကြသည်။ ဂီတသံ ခုနစ်မျိုးလုံး ပါဝင်ကာ တစ်ဇာတ်လုံး ရွှင်မြူး သွက်လက်လှသည်။ တင်ပြချိန် ၅၃ မိနစ် ကြာသည်။
ဦးတင်မောင်သည် နိုင်ငံရပ်ခြားများသို့ ခရီးလှည့်ရင်း ယင်းနိုင်ငံများ၏ ဘဲလေးနှင့် စိတ်ဝင်စားဖွယ် အပြင်အဆင်များဖြင့် လိမ်းကျံထားသော ရိုးရာ အကများကို စိတ်ဝင်စားခဲ့သည်။ ယင်းမှ အပြန် ရရှိခဲ့သော အသီးအပွင့်မှာ ညဥ့်ဝက်စနစ် ဖြစ်သည်။ ဦးတင်မောင် ကိုယ်တိုင် ရေးခဲ့သော ‘ဗမာ့ သဘင်နှင့် ဘဲလေး’ ဆောင်းပါးတွင် “..စင်စစ် ယခုခေါ်နေကြသော ဘဲလေး အက သို့မဟုတ် သရုပ်ဖော် ကဇာတ်များသည် မြန်မာ့ ရှေးဟောင်းမူ စစ်စစ်ပင် ဖြစ်ပါသည်။ မူလရှိရင်းစွဲကို ပိုမို ကျယ်ပြန့်အောင် မလုပ်နိုင်ကြသော ကျွန်တော်တို့မှာ အပြစ်ရှိနေပါပြီ..” ဟု ရေးခဲ့သည်။
ညဥ့်ဝက်စနစ်၏ ကပြချိန်မှာ ၄ နာရီနှင့် မိနစ်၂၀ သာ ကြာညောင်းသည်။ ညဥ့်ဝက် စနစ်တွင် တင်လိုက်သည့် ဘဲလေး (ကဇာတ်တိုများ) ယိမ်းအကများတွင် ကပြသူများ အချိုးအစား လှပရေး အတွက် ဘားမယ်ကြွေကို လခပေး ငှားခဲ့သည်။ ကဇာတ်တွင် ဥဇဘက်နိုင်ငံမှ ရိုးရာ အကကို မှီးကာ မြန်မာလယ်သမားတို့ တစ်နှစ်တာ လယ်ဆင်းရပုံကို ဒိုးပတ် တစ်လုံးဖြင့် စီကာ စဉ်ကာ သရုပ်ဖော် သွားသည်။ ယင်းအကကို ဘဲလေးအရာ၌ ကမ္ဘာတွင် ကျော်ကြားလှသည့် ဆိုဗီယက် ရုရှားကပင် သဘောကျ နှစ်ခြိုက်ကြောင်း သိရသည်။
ပြဇာတ် အနေနှင့် ဦးတင်မောင်၏ ဇာတ်သဘင်တွင် အစောဆုံးအဖြစ် ၁၉၄၇-၁၉၄၈ တွင် ကပြခဲ့သော ရဲရန်အောင် ပြဇာတ်ကို တွေ့ရသည်။ ကပြခဲ့သော ဇာတ်များအနက် ရဲရန်အောင်၊ ဂီတရူး၊ ရွှေကြေးစည်၊ မုန်းလို့ ဟုတ်ဘူး၊ မောင်မှုး၊ ပြည်သူ့ဆို၊ ပြည်သူ့ လက်ရုံးတို့မှာ နာမည်ကြီး ပြဇာတ်များ ဖြစ်ကြသည်။
နောက်ပိုင်း ဇာတ်ကြီးများ အနေနှင့် ညဥ့်ဝက် စနစ်တွင် ခမ်းခမ်းနားနား ကပြနိုင်ခဲ့သည်။ စာပေ အဆင်တန်ဆာ၊ အခမ်းအနား အဆင်တန်ဆာတို့ဖြင့် မွမ်းမံနိုင်ခဲ့သည်။ ဦးတင်မောင် ကျော်ရခြင်းမှာ အပြောကောင်းခြင်း၊ ဝီရိယရှိခြင်း၊ ရှေးဇာတ်စာများကို ဖော်ထုတ် တင်ပြနိုင်ခြင်းတို့ကြောင့်
ဇာတ်ရုံ မီးလောင်ပြီး နောက်ပိုင်းတွင် ဦးတင်မောင်က ပေါ်ပင်ဇာတ်များကို ကနေသဖြင့် စာပေနယ်မှ လူများက နောက်ပိုင်း ဇာတ်ကြီးများကို ပြန်လည် ပျိုးထောင်ရန် သတိပေးခဲ့သည်။ ထို့ကြောင့် ပရိသတ်ကို နောက်ပိုင်းဇာတ်ကြီးများနှင
စာမြည်း သဘောအနေနှင့် ကပြလိုသည့် ဖွားတော်မူခန်း ဇာတ်တော်ကြီးတွင် ဦးတင်မောင် နည်းမှီး ထားသော ဇာတ်လမ်းမှာ ဦးတင်အောင်၊ စန္ဒရား မမြရီတို့ ဓာတ်ပြား သွင်းထားသော ဇာတ်လမ်း ဖြစ်သည်ကို တွေ့ရသည်။ ထိုဇာတ်လမ်းတွင် ဖြည့်စွက်ကသော အခန်းများလည်း ပါသည်။ ဖွားတော်မူခန်း၏ အဓိက အနှစ်သာရများမှာ ပဋိသန္ဓေစစ် စကားနှင့် မီးနေခန်း လေပြေထိုး လင်္ကာများ ပင် ဖြစ်သည်။ သူ့ဟန်ပန်အတိုင်း ဒိုးဒိုးဒေါက်ဒေါက် သွက်လက်စွာ ရွတ်သည်။ ဇာတ်စာများကို ကျပင်း ဆရာဖီး သို့မဟုတ် မန်လည် ဆရာတော်ကြီး ရေးသည်ဟု အဆို နှစ်မျိုး ရှိသည်။ ရှေးဟောင်း ဇာတ်စာ လင်္ကာများကို ဖော်ထုတ်လိုက်နိုင်သဖြင့် ဇာတ်စာရေးသည့် အမယ်ကြီးအို ဦးအောင်စိန်နှင့် သရုပ်ဆောင်သူ ဦးတင်မောင်ကို ချီးကျူးရပေမည်။
လေးတော်တင်ခန်းတွင် ဦးတင်မောင်သည် ကာဠုဒါယီ အမတ်နေရာမှ ကပြသည်။ ဦးတင်မောင်သည် စကားတတ် ကျမ်းတတ် ကာဠုဒါယီ အမတ်နေရာမှ နေလိုသောကြောင့် ဇာတ်စာများကို ဦးအောင်စိန် က ပြန်ရေးပေးရသည်ဟု ဆိုပါသည်။ ဦးတင်မောင်၏ မှတ်တမ်းတင်ပြီး၊ အသံသွင်းပြီး ပြဇာတ်၊ အော်ပရာ၊ နောက်ပိုင်း ဇာတ်ထုပ်ကြီး ၃၀ ကျော် ရှိပါသည်။ ဆရာဇော်ဂျီက ဦးတင်မောင်၏ ဇာတ် စာပေများနှင့် ပတ်သက်၍ “ရိုးရာဇာတ်သဘင် ခေတ်စားတုန်း ဖြစ်နေဆဲမှာ ရိုးရာ ဇာတ်သဘင် ဟန်သုံးပြီး ရေးသား ထုတ်ဝေခဲ့တဲ့ ရွှေမန်းရဲ့ ဗုဒ္ဓဝင် ဖွားတော်မူခန်းဇာတ်၊ မောင်မှူး ပြဇာတ်တို့ဟာ စာဖတ် ပရိသတ်တို့အတွက်လည်း ဖတ်ချင်စရာဖြစ်ပြီး စာအုပ်လောကမှာလည်း အလွန်တွင် ကျယ်တယ်လို့ သိရပါတယ်” ဟု တင်ပြသွားသည်။ ထိုမှတ်တမ်းများကြောင့် ဦးတင်မောင်၏ အဆို၊ အငို၊ အပြောများကို ယခုတိုင် နားဆင်နိုင်ပါသည်။
ဦးတင်မောင် အောင်မြင်ရန် ပံ့ပိုးခဲ့သူများကို ဖော်ထုတ်လိုပါသည်။ ဦးတင်မောင် ငယ်စဉ်မှစ၍ ဘကြီးတော်သူ ရွှေမန်း ဆရာတော် ဦးကေသရထံမှ နိုင်ငံရေး စိတ်ဓာတ် ရင့်သန်ခြင်းနှင့် အပြောအဟော တတ်ခြင်းကို ရခဲ့ကာ စိမ့်ဝင်နေသော နိုင်ငံရေး စိတ်ဓာတ်ကို ခိုင်မာလာအောင် ဖြည့်သူမှာ ဝိုင်အမ်ဘီ ဆရာတင် ဖြစ်သည်။ ဆရာတင်က သဘင်ပညာကိုသာမက ခေတ်ပညာ အင်္ဂလိပ်စာကိုပါ သင်ပေးခဲ့သည်။ ဦးတင်မောင်နှင့် နှစ်သက်ရှည်စွာ တွဲခဲ့ကြသော ဆိုင်းဆရာကြီးများ ဖြစ်ကြသည့် အလင်္ကာကျော်စွာ ဦးဘမောင်နှင့် စိန်ဘမောင် (မြန်မာ့အသံ စံတော်ချိန် တီးလုံး တီထွင်ခဲ့သူ) တို့၏ အရည်အသွေးမှာလည်း မသေးလှပေ။
ဦးဘမောင်သည် ဂရိတ် ဦးဖိုးစိန်၏ တူတော်ကာ ဦးဖိုးစိန် မရှိသည့်နောက် ဦးတင်မောင်၏ ဝီရိယကို ချစ်သောကြောင့် အလုပ် လုပ်ခဲ့သူ ဖြစ်သည်။ ဦးတင်မောင်နှင့် တွဲဖက် ကပြခဲ့သူ ဇာတ်ပို့ မင်းသမီးမှာ စိန်လှကြည် (စံတော်ချိန် စိန်ဘမောင်၏ ဇနီး) ဖြစ်၍ နှစ်ပေါင်း သုံးဆယ်ကြာမျှ အတူတွဲ အလုပ် လုပ်ခဲ့သည်။ နောက်တစ်ဦးမှာ ဇာတ်မင်းသမီးကြီး အောင်သန်းတင် ဖြစ်သည်။ ဦးတင်မောင်၏ ဇာတ်တွင် မင်းသားကြီးအဖြစ် လုပ်ကိုင်လျက် ဦးတင်မောင်ကို ပညာပေးသူ အရောင်တင်ပေးသူမှာ အမယ်ကြီးအို ဦးအောင်စိန် ဖြစ်သည်။ ကျန်ဇာတ်အဖွဲ့သားများ၏ စုပေါင်း အင်အားမှာ အားရဖွယ် ရှိသော်လည်း အချို့က နှစ်သက်ရှည်ကြာစွာ လက်မတွဲဖြစ်ကြပေ။
စနေသား ဇာတ်မင်းသားကြီး ဦးတင်မောင်သည် ပြည်မြို့တစ်ဖက်ကမ်း၊ လက်ပံရွာ မဟာပိန္နဲ ဘုရား ပွဲတော်တွင် (၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်) စနေနေ့ည တနင်္ဂနွေနေ့အကူး ဇာတ်ခုံပေါ်တွင် ကရင်းခုန်ရင်း အသက် (၅၁) နှစ်တွင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။
ယင်းသို့ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ကိုယ်ရေး အကျဉ်းနှင့် အနုပညာ စွမ်းရည်တို့ကို အနည်းအကျဉ်းသာ တင်ပြခွင့် ရနိုင်ပါသည်။ သို့သော် မြန်မာ့ရှေးရိုး ဇာတ်ကြီး ပညာကို တစ်ဖက် တစ်လမ်းမှ ထိန်းသိမ်း တီထွင်ခဲ့သူ အနေဖြင့် ဂုဏ်ပြု ချီးကျူးထိုက်ကြောင်းကို စာဖတ်သူတို့ အကဲဖြတ်နိုင်ပါကြောင်း အသိပေး၍ ‘အလင်္ကာအလွမ်း’ ကို လှိုက်လှဲစွာ ကြိုဆိုလိုက်ပါသည်။
သော်တာ ငွေတိမ်စင် (မန်းတက္ကသိုလ်)
မှတ်ချက်။ ။ အထက်ပါ အကြောင်းအရာတို့မှာ စာရေးသူ၏
မဟာဝိဇ္ဇာဘွဲ့ယူကျမ်း
(ရှေးရိုးမြန်မာ ဇာတ်သဘင်နှင့် မြန်မာစာပေ)
ပြုစုစဉ်က သုတေသနပြု
လေ့လာချက်များနှင့် ရွှေမန်း ဦးတင်မောင်
သက်ရှိ ထင်ရှား ရှိစဉ်က တွေ့ဆုံ
ဆွေးနွေး မေးမြန်းချက်များကို
မှီငြမ်းပြုထားခြင်း ဖြစ်ပါသည်။
No comments:
Post a Comment