မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခု၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်
ထုတ်ပြန်သည့် လွတ်လပ်ရေး ကြေညာ စာတမ်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။
လွတ်လပ်ရေး ကြေညာ စာတမ်း
အောင်စေသတည်း
ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေ သတည်း။
အောင်စေသတည်း
- (၁) မြန်မာ သက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသို လဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာဇ်
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ် သန့်စင် မင်္ဂလာ
အပေါင်းနှင့် ပြည့်စုံသော အခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော
အချုပ်အချာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး အဖြစ်သို့
ရောက်ပြီ။
- (၂) ဤငါတို့ မြန်မာ နိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံ လှ၍
ဘူမိနက်သန် မှန်သော မြေထူး မြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး
တရားမြတ်တို့ တည်ရာ မြေကောင်း မြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင်
အထူးထူးသော ရတနာ အပေါင်း တို့နှင့် ပြည့်စုံ သဖြင့် သတ္တဝါ အပေါင်းတို့
ဆွတ်ယူ စားသုံး ကမ္ဘာ ဆုံးသော်လည်း မသုဉ်းမကုန် နိုင်သော ပဒေသာစစ် အနှစ်သာရ
့ကယ်ဝ ပြည့်စုံသော မြေလည်း ဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်
မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ စသည့်ဖြင့် တသွေးတသား တမိဘွား
ဖြစ်ကြ ကုန်သော ငါတို့သည် နှစ်ပေါင်း ထောင်ရာ သင်္ချာ ပွားတက်
ရေတွက်ခြင်းငှာ မတတ် နိုင်ရာသော ရာဇဝင် ရှည်ဝေး ရှေးပဝေသဏီ မှစ၍ တညီတညွှတ်
တစုတရုံး လွတ်လပ်သော လူမျိုး အဖြစ် တည်ခဲ့ ကြ၏။ တကောင်း၊ သရေ ခေတ္တရာ၊
ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေး
အထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင် လဝါ ပမာကဲ့သို့ တဖြာဖြာ တဝင်းဝင်း
ကမ္ဘာချဉ်းအောင် ထွန်းလင်း ခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ တန်ဆာ ကာလ အသင်္ချေ တည်နေ
အပ်သော နေမင်း သူရိယ လစန္ဒာ တို့ပင် ဆီးနှင်းမြူ တိမ်ဖုံး အုပ်၍ ခဏ ခေတ္တ
အရှိန်အဝါ ညှိုးလျော် နွမ်းလျ မထွန်းမပ ဖြစ်ဘိ သကဲ့သို့ ငါတို့၏
လွတ်လပ်သော မြန်မာ နိုင်ငံတော် သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်း လေးရာခန့်က
ဥရောပ တိုက်မှ ထွက်ပေါ် လာ၍ တကမ္ဘာလုံးကို ရစ်ပတ် အုပ်ဖုံး ခဲ့သော နယ်ချဲ့
ဝါဒနှင့် မရှောင် မကွင်းသာ ကြုံကြိုက် ဆုံတွေ့ မိ၍ ပထမ အင်္ဂလိပ် - မြန်မာ
စစ်၌ ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ် - မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယ
အင်္ဂလိပ် - မြန်မာ စစ်၌ မန္တလေး ရတနာပုံ သုံးကြိမ် သုံးတန် ချအပ်
ရခြင်းဖြင့် ဤမြေထူး မြေမြတ်၌ နှစ်ပေါင်း ထောင်ရာ စောင့်ထိန်း၍ လာခဲ့
ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့ လက်မှ လွတ်၍ လက်အောက်ခံ ဘဝသို့ လုံးဝ
ရောက်ခဲ့ ကြရသည်။ သို့သော် နေမင်း သူရိယ လစန္ဒာ တို့ကို ဆီးနှင်း မြူတိမ်
တို့သည် မည်သိုပင် ဖုံးလွှမ်း စေကာမူ နေ လ တို့၏ အရှိန်အတောက်ကို မခံနိုင်
ရကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေး မှာပင်
အလိုအလျှောက် ကွယ်ပျောက် သွားရ သဖြင့် ဤနေ့ ဤအခါ မှစ၍ ငါတို့သည် အသူရိန်
ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက် အပ်သော လပြည့် စန်းပမာ သန့်ရှင်း
စင်ကြယ် ချမ်းမြေ့ သာယာစွာဖြင့် လုံးဝ လွတ်လပ်သော ဘဝထူး ဘဝမြတ်ကို လက်ဆုပ်
လက်ကိုင် အပိုင် ရရှိ ကြပြီ။
- (၃) ယခု ငါတို့ရရှိ အပ်သော လွတ်လပ်ရေးသည် ရေတွင် ရုပ်ရေး မြသွေး
ကောင်းကင် တိမ်ရိပ် ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်၊ ငါတို့အား
လွတ်လပ်ရေး လမ်းစဉ်သို့ ညွှန်လည်း ညွှန်ပြ လမ်းစ ရှာကြံ အမြန် ရောက်အောင်
ပို့ဆောင် ခဲ့ကြ ပေသော ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အဝဝသော ကူးတို့မှူး
ခေါင်းဆောင် တို့၏ မဆုတ် မနစ်သော လုံ့လ မလျော့သော ဝီရိယ ဆီမီး တန်ဆောင်
ကဲ့သို့ ထွန်းပ အပ်သော ဉာဏ်မျက်စိ ဝဇီရ စိန်သွား ကဲ့သို့ စူးရှသော သတ္တိ
တို့ကြောင့် အဟံမမ သံပကြုံးဝါး အခြား အခြား လွတ်လပ်သော နိုင်ငံကြီး
တို့နှင့် တန်းတူ မြူတခြမ်းမျှ မလျော့မလို ထိုထို သို့သော တန်ခိုး ရှိန်ဝါ
တေဇော အပေါင်း တို့နှင့် ပြည့်စုံသော အချုပ်အခြာတည်း ဟူသော အာဏာထူး
အမြတ်ကို ငါတို့ လက်ကိုင် အပိုင် ရရှိ ကြပြီ။
- (၄) ငါတို့သည် တမျိုး ဘာသာ တစိတ် တဒေသ၏ ကောင်းကျိုး ချမ်းသာကို မလိုလား
ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလို မရှိ မြစ်ချောင်း သီတာ
သမုဒ္ဒရာ တောင်တန်း တို့ဖြင့် ကမ္ဘာ့ ဓမ္မတာ သဘာဝ
အပိုင်းအခြား ထင်ရှားစွာ သတ်မှတ် အပ်သော ရာဇဝင် ရှည်ဝေး ရှေးပဝေ သဏီ မှစ၍
ယခု ထက်တိုင် မြန်မာ နိုင်ငံသားဟု သမုတ် အပ်သူ တိုင်းရင်းသား အပေါင်းတို့
ဇာတိ ချက်ကေ့ နေထိုင် မြန်မာ နိုင်ငံတော် တဝှမ်းကို တသွေးတသား တည်းဟူသော
ကြိုးထူး၊ တစိတ် တဝမ်းတည်း ဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့
ဖြင့်သာလျှင် ရစ်ပတ် ဖွဲ့စည်း အပ်သော ပြည်ထောင်စု အဖြစ်ကို လက်ဆုပ်
လက်ကိုင် ငါတို့ အပိုင် ရလေပြီ။
- (၅) ငါတို့ နိုင်ငံတော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့ တသင်း၏ အမွေအနှစ်
မဟုတ်၊ မည်သူ တဦးတယောက် တဖွဲ့ တသင်း၏ ပုဂ္ဂလိက အပိုင် ပစ္စည်း မဟုတ်၊ မည်သူ
တဦး တဖွဲ့ တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုး ခံစား
အပ်သော နိုင်ငံ မဟုတ်၊ အတိတ် ကာလက ၎င်း၊ ယခု မျက်မှောက် က၎င်း၊ နောင်လာ လတ္တံသော
အနာဂတ် ကာလ၌ ၎င်း၊ ငါတို့ ပြည်ထောင်စုကြီး အတွင်း၌ မှီတင်း နေထိုင် ကြသော
ကြီးငယ် ဝေးနီး ကျား မ မခြား သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့ ဒို့၏
အမွေအနှစ် အပိုင် ပစ္စည်း အကျိုး ခံစာား ဖြစ်သည် ဟူသော လူ့ ဘာသာ လူ့
တရားနှင့် အညီ ကမ္ဘာဦး ကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်း တို့၏ သဘော ဆန္ဒ
အရ လူ အဝှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက် နိုင်အံ့သော ပုဂ္ဂိုလ်ကို
ရွေးကောက်၍ သမ္မတ တင်မြောက် ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်း
ဖြူစင်သော မူလ လူ့ဝါဒနှင့် လျော်စွာ စည်းကမ်း ဥပဒေ သေချာ ထင်ရှားစွာ
ပိုင်းခြား သတ်မှတ် တူညီသော တရား တူညီသော အခွင့်အရေး တူညီသော အဆင့်အတန်း
အားဖြင့် ကမ္ဘာ အရှည် တည်စိမ့် သောငှာ လူအပေါင်း တို့၏ ဆန္ဒ သာလျှင် အဓိက
ဖြစ်သော သမ္မတ မြန်မာ နိုင်ငံတော်တည်း ဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်
လက်ကိုင် ငါတို့ အပိုင်ရပြီ။
- (၆) သိကြ ကုန်လော့၊ ယနေ့ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ဤအချိန် မှစ၍
ငါတို့၏ မူလ အပိုင် ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ ပြန်၍ ယူပြီ။
တိုင်းရင်းသား အပေါင်းတို့ သွေးစည်း ညီညွတ်လျှက် အခွင့်အရေး အဆင့်အတန်း
တူညီသည့် ပြည်ထောင်စု သမ္မတ နိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့
လွတ်လပ်ရေးနှင့် ငါတို့ နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာ ဆုံးတိုင်
မယိမ်းမယိုင် တည်မည်၊ ငါတို့သည် လွတ်လပ်သော နိုင်ငံ ဖြစ်သည်နှင့် အညီ
ကမ္ဘာ့ လွတ်လပ်သော နိုင်ငံ အပေါင်းတို့ တရား သဖြင့် ကျင့်ဆောင် အပ်သော
ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်၊ ငါတို့၏ လွတ်လပ်ရေးကို ငါတို့
ချစ်မြတ်နိုး သည်နှင့် အညီ တပါး သူတို့၏ လွတ်လပ်ရေး ကိုလည်း ငါတို့လေးစား
စောင့်စည်းမည်၊ ငါတို့သည် ငြိမ်းချမ်းရေးကို အလို ရှိသည်နှင့် အညီ ငါတို့
ကဲ့သို့ လိုလား သူများနှင့် အတူ လက်တွဲ၍ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ကာကွယ်
စောင့်ရှောက်မည်။
ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေ သတည်း။
ကိုးကား
- ၂၀၀၀ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ
(ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ 'ကိုလိုနီခေတ် မြန်မာ့ သမိုင်း
အဘိဓာန်' မှ
No comments:
Post a Comment