- Written by မောင်တင်ဦး (မြောင်းမြ )
အလိမ္မာ စာမှာရှိ
စာဖတ်မှ အသိဥာဏ် တိုးတက်မယ်။ စာဖတ်မှ ဗဟုသုတပွားမယ်။ ဒါကြောင့် စာဖတ်ကြပါလို့ သူကပြော၊ ကိုယ်ကပြော၊ ခပ်လွယ်လွယ်လေး လမ်းညွှန်တတ်ကြပါတယ်။ အလိမ္မာ စာမှာရှိလို့ မြန်မာစကားပုံက ဆို ပါတယ်။ ပညာရွှေအိုး လူမခိုးလို့လည်း ဆိုကြပါသေးတယ်။
ဒီလိုသာ ပြောကြ၊ ဟောကြပေမယ့် လက်တွေ့မှာ စာဖတ်နှုန်း၊ စာတတ်နှုန်း အနိမ့်ဆုံးက မြန်မာပြည် ဖြစ်နေတာ လက်တွေ့ပါ။ ကျောင်းပညာရေး အဆင့်အတန်းကလည်း ထို့အတူပါပဲ။ အားရစရာမရှိလှပါ။ ထို့အတူ မလိမ္မာတဲ့သူတွေ များနေတာဟာ စာမဖတ်ကြလို့ စာမဖတ်တတ်ကြလို့ဆိုတာ ထင်ရှားနေပါတယ်။
ဘာစာဖတ်ရမှာလဲ။ ဘယ်နေရာမှာ ဖတ်ရမလဲ။
ဖတ်ရမယ့် စာအုပ်က ဘယ်မှာလဲ။ စာဖတ်ရင် အမေဆူမယ်။ ဆရာမက ဆူမယ်။
သူငယ်ချင်းတွေကလည်း ဂိမ်းကစားဖို့ မဲဆွယ်နေကြတာ။ သီချင်းကလည်း နားထောင်
ရဦးမယ်။ ကိုရီးယား ဇာတ်လမ်းတွဲကလည်း ကောင်းခန်း ရောက်နေပြီ။
အိန္ဒိယကားကလည်း ကတာတွေ သိပ်လှတာပဲ။ Chatting လည်း ထိုင်ရဦးမယ်။
နေပြည်တော်၊ ရှေ့ဆောင်ရုံက 3D အက်ရှင်ကားတွေလည်း ပြေးကြည့်ရဦးမှာ။
ပတ်ဝန်းကျင် တစ်ခုလုံးက စာဖတ်တာကို
အားပေးမယ့် သူတစ်ယောက်မှ မရှိလို့ စာဖတ်ခြင်းကို ဆိုက်ရောက် သွားစေမယ့်
လက်တွေ့ကျတဲ့ ဖြစ်စဉ်မျိုးတစ်ခုမှ မရှိပါဘူး။
စာ(စာပေ)ဆိုတာကို ကလေးတွေရဲ့ မိဘတော်တော်များများ သိထားတာက ကျောင်းက ပြဋ္ဌာန်းလိုက်တဲ့ ကျောင်းစာကိုပါပဲ။
ဟဲ့ စာကျက်လေ။ ဟဲ့စာကျက်လေ ဆိုတဲ့
မိဘတွေရဲ့ အသိတိမ်တိမ်နဲ့ စာဖတ်ဖို့ တိုက်တွန်းနေတဲ့ အသံကြားမှာ
ကလေးတွေခမျာ စိတ်မပါလည်း စာကျက်။ စိတ်ပါလည်း ကျက်။
စာဖတ်ချင်အောင် ပျိုးထောင်ပေးတဲ့
ပတ်ဝန်းကျင် လိုအပ်ပါတယ်။ အဲဒီပတ်ဝန်းကျင် စိတ်ပိုင်းဆိုင်ရာ အားပေးမှုနဲ့
ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်း ထောက်ပံ့ပေးမှု တို့ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ အားပေးမှု
ကလေးတွေဟာ နှစ်နှစ်လောက်စပြီး
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစ ပြုနေပါပြီ။ တီဗွီ၊ ဗွီစီဒီစက်တို့ကို
ဖွင့်တတ် ပိတ်တတ်ပါပြီ။ သရေစာ တောင်းစားတတ်နေပါပြီ။ အဲဒီအရွယ်မှာ
မိဘဖတ်နေတဲ့ သတင်းစာ၊ စာအုပ်ကို လှမ်းဆွဲတတ်၊ လှန်လှော ကြည့်တတ်ပါပြီ။
အဲဒါကို စာအုပ်ပြဲမှာ စိုးရိမ်တဲ့အတွက် စာအုပ်၊ စာရွက်ကို ပြန်လုယူပြီး
ကလေး မမီတဲ့နေရာမှာ သိမ်းထားတတ်ပါတယ်။
ဒီလိုအပြုအမူမျိုး ခဏခဏ အလုပ်ခံရတော့ ကလေးက
စာအုပ်ကို မကိုင်စေချင်ဘူးလို့ သဘောပေါက်သွားပြီး အခြားကစားစရာ၊
ပစ္စည်းတွေကိုပဲ ကိုင်တွယ် ကစားပါတော့တယ်။ ဒါဟာ ပထမဆုံးစာဖတ်ခြင်းကို ဟန့်
တားလိုက်တဲ့ ဖြစ်စဉ်ပါ။
နောက် မူကြိုကျောင်းတက်တော့ ဆရာအတတ်ပညာ
တတ်မြောက်ထားခြင်းမရှိဘဲ တက္ကသိုလ်ဝင်တန်း အောင်ခါစ၊ ကလေးစိတ်ပညာလည်း မတတ်၊
ကလေးလည်း ကောင်းကောင်း မထိန်းတတ်၊ ကလေးကိုလည်း မချစ်တတ်တဲ့ ကျူရှင်ဆရာမဆီ
မူကြို စတက်ပါတယ်။
ဆရာမလေးကလည်း သူသိသလို သင်ပါတယ်။ ကကြီး၊
ခခွေးတောင် မရေးတတ်သေးတဲ့ ကလေးကို ၀ါကျတွေ သင်နေပါပြီ။ အေ၊ ဘီ၊ စီ၊ ဒီတောင်
ဇက်ထိ ရောက်အောင် မသင်ရသေးခင် "A-P-P-L-E အက်ပဲလ် ပန်းသီး" ဟု အတင်း
လိုက်ဆိုခိုင်းပြန်ပါရော။ ဂဏန်း သင်္ချာဘာသာ သင်ရာမှာလည်း ၁၊၂၊ ၃၊
အရေအတွက်တတ်အောင် သင်ရမယ့်အချိန်မှာ သင်ကြားပေးသူ (မိဘ၊ ဆရာမ၊ အစ်ကို၊ အစ်မ
စသူတို့က သူတို့သိသလို) "ဟဲ့ လိုက်ဆို .... ဒါ(၁) တ၀မ်းပူရေ စသတ် တစ်၊ (၂)
နငယ် ဟထိုး စသတ်နှစ်" စတဲ့ စာလုံးပေါင်းတွေ သင်ပေးပြန်ပါရော၊
စာသင်တယ်ဆိုတာ ဘာခက်တာ မှတ်လို့ဆိုတဲ့ သူတွေကလည်း ရှိသေး။
ဆိုတော့ စနစ်တကျ သင်ယူတတ်မြောက်မထားဘဲ
သင်နည်း (Teaching Method, Methodology) ဆိုတာကို မသိဘဲ သင်ချင်သလို
သင်ပေးတဲ့အတွက် ကလေးခမျာ စာသင်ယူရတာ ခက်ခဲပင်ပန်းတဲ့ အလုပ်တစ်ခုလို
ခံစားသွားရပြီး စာကို ကြောက်လာပါတယ်။ အချို့က ရိုက်သင်တယ်။ အချို့က
ဒဏ်ပေးသင်တယ်။ အချို့က အော်ငေါက် ကြိမ်းမောင်းသင်တယ်။ သင်နည်းကို
စုံနေတာပါပဲ။ ဒီလိုနဲ့ သူငယ်တန်း စတက်ရပြန်ပါပြီ။ မိဘတွေက စာသင်ခန်းထဲမှာ
ရှိသမျှ ကလေးအားလုံးထဲမှာ သူ့ကလေးသာ အဆင့်တစ် ရရမယ်ဆိုတဲ့ (မိဘမေတ္တာလို့
ခေါ်မလား။ လောဘလို့ ခေါ်မလား။ အမြော်အမြင် နည်းတယ် ခေါ်မလား) ရည်မှန်းချက်
ကြီးကြီးနဲ့ ကျောင်းထားပါတယ်။
မိမိကလေးရဲ့ ဥာဏ်ရည် ထက်သလား၊ ထုံသလား၊
အေးအေးဆေးဆေး ဖြည်းဖြည်းမှန်မှန် သမားလား။ ထို့အတူ မိမိ(မိဘ)ကိုယ်တိုင်ရော၊
ကျောင်းစာမှာ လျှမ်းလျှမ်းတောက် ထူးချွန်ခဲ့လို့လား။ ကိုယ်ကိုယ်တိုင်
မထူးချွန်ခဲ့ဘဲ ကိုယ့်ကလေးကျမှ ဆရာဝန်ကြီး ဖြစ်ရမယ်။ အင်ဂျင်နီယာကြီး
ဖြစ်ရမယ်။ စစ်ဗိုလ်ကြီး ဖြစ်ရမယ်ဆိုတဲ့ ကြီးကျယ်တဲ့ စကားလုံးတွေနဲ့
ရည်မှန်းလာကြတာ။ လူအတော်များများဟာ ကိုယ်သာ မလုပ်တတ် မကိုင်တတ်တာ။
သူများဆို အတော်မြှောက်ပေး ချင်ကြပါတယ်။ အဲဒီစိတ်တွေကြောင့် ကလေးတွေခမျာ
မနိုင်ဝန်ထမ်း နေကြရပါတယ်။
မိဘရည်မှန်းချက် ကြီးကြီးမားမား
လှိုင်းလုံးအောက်မှာ ကလေးသမ္ဗန်လေးခမျာ လူးကာလိမ့်ကာနဲ့ မတည်မငြိမ်
မျောရပြန်ပါတယ်။ သူငယ်တန်းပေမယ့် ကျူရှင်ယူရ ပြန်ပါတယ်။ ကျူရှင်က တစ်ခုတည်း
မဟုတ်သေးဘူး။ ကျက်စာကျူရှင်၊ သင်္ချာကျူရှင်၊ အင်္ဂလိပ်စာကျူရှင်။
မနက် ၅ နာရီခွဲအိပ်ရာမှ အတင်းနှိုးတာခံရ။
အတင်းအပေါ့သွားခိုင်း။ အိပ်သာတက်ခိုင်း။ ဗိုက်မဆာဘဲ မနက်စာအတင်းကျွေးလို့
ကြိတ်မှိတ်စားရ၊ ကျောင်းတက်ရတာ စိတ်မ၀င်စားနိုင်တော့ပါဘူး။
ကျောင်းက ပြန်ရောက်တော့ ကမန်းကတန်း
ထမင်းစားပြီး ကျူရှင်ဆရာမဆီသွား စာသင်ရပြန်ရော။ ဆရာမကလည်း မိဘဆီက
မျက်နှာရဖို့၊ အငြိုငြင်မခံရဖို့ ကလေးကို အတင်းစာတွေမေး၊ စာတွေ ကျက်ခိုင်း၊
ပြန်ဆိုခိုင်းနဲ့ ကလေး ထိုင်ငိုချင်စိတ်တွေ မကြာခဏ ပေါက်ပေါက်လာပါတယ်။
ထိုင်ငိုလိုက်လို့ သနားပြီး ချော့မလား
မှတ်ရတယ်။ စာမသင်ချင်လို့ အပျင်းထူလို့ ငိုတာဆိုပြိး အရိုက်ခံရပြန်ပါတယ်။
စာဆိုတာ ကြောက်စရာလို့ ကလေးခမျာ ငယ်စဉ်ကတည်းက မှတ်ယူသွားပါတယ်။
ဝတ္ထုဖတ်ရင် အမေဆူမယ်
ကျောင်းစာချည်း ဖတ်ရတာ ငြီးငွေ့လာလို့
မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ဆီက ၀တ္ထုတစ်အုပ်တလေ ငှားရမ်းဖတ်မိပါတယ်။
အမေတွေ့သွားပြီး စာအုပ်ကို ဆွဲလွှင့်ပစ်ပါတယ်။ အရမ်းကြီးလည်း ဆူပါတယ်။
ဗိုက်ခေါက်လည်း လိမ်ဆွဲပါတယ်။
"ဒီလိုစာတွေ နင်ဖတ်စရာလား..." တဲ့
ဒီလိုစာတွေ မဖတ်ရင် ဘယ်လိုစာတွေ
ဖတ်ရမယ်လို့ အမေဘာမှ ညွှန်မပြပါဘူး။ နောက်ဆုံး ကျောင်းစာနဲ့ပဲ လုံးထွေး
အချိန်ကုန်ရပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အားပေးမှုမရှိတဲ့
အခြေအနေမှာ ကလေးဟာ ဘယ်လိုလုပ် စာဖတ်ချင်စိတ် ပေါ်ပေါက်နိုင်မှာလဲ။
ဆိုတော့ ကလေးများ စာဖတ်ချင်အောင် အနီးကပ်
အားပေးရမယ့်သူက မိဘနှစ်ပါး ဖြစ်ပါတယ်။ မိဘကိုယ်တိုင် စာဖတ်ရပါမယ်။
စာဖတ်ဖို့ အချိန်မရဘူးဆိုလည်း ကလေးတွေ စာဖတ်အောင် တိုက်တွန်း လမ်းညွှန်
အားပေးရပါမယ်။ ကျောင်းစာအပြင်၊ ပြင်ပစာဖတ်တာကို မဟန့်တားရပါဘူး။
ရုပ်ပိုင်းဆိုင်ရာ အားပေးမှု
ရုပ်ပိုင်းဆိုင်ရာ အားပေးမှုက
မိဘနှစ်ပါးတည်းနဲ့ မလုံလောက်ပါဘူး။ ပတ်ဝန်းကျင် တစ်ခုလုံးက
ဝိုင်းဝန်းအားပေးရမှာပါ။ မိဘက ကလေးအတွက် သင့်တော်တဲ့ ဖတ်သင့်တဲ့ စာအုပ်တွေ
ဝယ်ယူပြီး လက်ဆောင်ပေးရပါမယ်။
ကျောင်းမှာ စာကြည့်တိုက်တွေ ဖွဲ့ထားရပါမယ်။
ဆရာတွေ ကိုယ်တိုင်လည်း စာဖတ်ရမှာဖြစ်သလို ကလေးတွေ စာဖတ်အောင်
လမ်းညွှန်ပေးရပါမယ်။ ဆရာကိုယ်တိုင် (သို့) စာကြည့်တိုက်မှူးက စာကြည့်တိုက်မှ
စာအုပ်တစ်အုပ်ကို ဖတ်ပြီး ဘယ်လိုခံစားရကြောင်း ပြန်ပြောပြပြီး ကလေးတွေ
ဖတ်ချင်အောင် စည်းရုံးရပါမယ်။ ပြီး အဲဒီစာအုပ်ကို အိမ်သို့
ငှားရမ်းခွင့်ပြုရပါမယ်။ စာကြည့်တိုက် အသင်းဝင်တတ်တဲ့ အလေ့အထ အတော်လေး
ပျောက်ကွယ်နေပါပြီ။ စာကြည့်တိုက် ဗီရိုထဲမှာ သိမ်းဆည်းထားတဲ့ စာအုပ်တွေကို
ကလေးတွေ မြင်သာအောင်၊ ဖတ်ချင်လာအောင် စီစဉ်ထားရပါမယ်။ စာအုပ်ပြဲမှာ၊
ဆုတ်မှာ၊ ပျောက်မှာ မစိုးရိမ်ပါနဲ့။ ကလေးတွေဖတ်လို့ စာအုပ်ပြဲသွားတာထက်
ဘယ်သူမှ မဖတ်ရဘဲ အသစ်အတိုင်း ဗီရိုထဲမှာ သိမ်းထားတာက ပိုလို့
ဆုံးရှုံးစေပါတယ်။
နိုင်ငံတော် အစိုးရပိုင်းကလည်း
ရပ်ကွက်ကျေးရွာမကျန် ကိုယ်ပိုင်စာကြည့်တိုက်တွေ ဖွင့်ဖို့
အားပေးကူညီရပါမယ်။ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့
စာကြည့်တိုက်တွေဟာ ပြည်သူတွေနဲ့ ကင်းကွာနေပါတယ်။ ဟိတ်ကြီးဟန်ကြီး ရှိလှပြီး
ရုံးဆန်နေတာ တွေ့ရပါတယ်။
အစိုးရရဲ့ မူဝါဒတွေ ဖြန့်ချိတဲ့ ဌာနမှန်း
ပြည်သူများက သိရှိနေပါတယ်။ ဆိုတော့ ပုဂ္ဂလိက စာကြည့်တိုက်တွေ
ဖွံ့ဖြိုးဖို့လိုပါတယ်။ စာကြည့်တိုက်ဟာ လွတ်လပ်ရပါမယ်။ စာဖတ်သူစိတ်ကြိုက်
စာအုပ်စာပေ လွယ်လွယ်ကူကူ ရနိုင်ရပါမယ်။
စာဖတ်ရင် ဘာရမလဲ
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာပါ။
မျှော်လင့်ချက်မဲ့၊ အနာဂတ်မရှိတဲ့ အလုပ်ဆို အကျိုးမရှိလေတော့ ဘယ်သူကမှ
အဲလိုမျိုးအလုပ်ကို မလုပ်ချင်ပါဘူး။
စာဖတ်ရင် ဘာရမလဲ။ ဘာဖြစ်မလဲ။ ဘယ်လိုအကျိုးရှိမလဲ။ ဒါတွေကိုသိမှ စာဖတ်ချင်ကြမှာပါ။
စင်စစ်ကျောင်းစာက လူ့ဘ၀ကို
ထိုက်ထိုက်တန်တန် အကျိုးမပေးတာကို ကလေးတွေ တွေ့ကြုံနေပါပြီ။
တက္ကသိုလ်ဝင်တန်းအောင်လို့ တက္ကသိုလ်ဝင်တန်းနဲ့ တန်တဲ့ အသက်မွေးဝမ်းကျောင်း၊
ဘ၀ရပ်တည်ရေး အခြေအနေ ဘာမှမရခဲ့ပါဘူး။ တက္ကသိုလ် ဘွဲ့တစ်ခုရလို့
ဘွဲ့နဲ့တိုက်ရိုက် ဘာမှလုပ်စားလို့ မရပါဘူး။ စိတ်ပညာနဲ့ ဘွဲ့ရပေမယ့်
အီလက်ထရွန်နစ်ဆိုင်က အရောင်းစာရေး ဖြစ်ချင်ဖြစ်နေတာပါ။ ဓာတုဗေဒနဲ့
ဘွဲ့ရလို့ ဓာတုဗေဒနဲ့ ပတ်သက်တဲ့အလုပ် ဘာလုပ်ရမှန်း မသိပါ။ ကုန်ဈေးတန်းက
ဆိုးဆေးဆိုင် ပိုင်ရှင်တွေက ဓာတုဗေဒ ဘွဲ့ရသူတွေ တစ်ယောက်မှ မပါပါဘူး။
ဆိုလိုချင်တာက ကျောင်းစာကို စာ (ပေ) လို့
သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေက 'စာတတ်တော့ရော ဘာလုပ်စားရမှာလဲ' ဆိုတဲ့ အငေါ်တူး
စကားနဲ့ တုံ့ပြန်ကြပါတယ်။ သခင်ကိုယ်တော်မှိုင်း တက္ကသိုလ်က ဘာဘွဲ့ မှ
မရပေမယ့် သူ့ကို စာပေပညာရှိလို့ သတ်မှတ်ကြပါတယ်။ အမေရိကန် သမ္မတ
အီဘရာဟင်လင်ကွန်းလည်း ဘွဲ့ရသူ မဟုတ်ပါ။
စာပေဆိုတာ ကျောင်းစာတစ်ခုတည်း ဆိုလိုတာ မဟုတ်ဘူးဆိုတာ မိဘများ ကိုယ်တိုင် သဘောပေါက်ရပါမယ်။
စာဖတ်၍ ကမ္ဘာပတ်မယ်
အမှန်စင်စစ် သုတစာဖတ်ဖတ်၊ ရသ စာဖတ်ဖတ်
အတ္ထုပ္ပတ္တိ စာဖတ်ဖတ်၊ ဖတ်တဲ့ စာတိုင်းမှာ တန်ဖိုးရှိပါတယ်။ စာဖတ်သူရဲ့
အဆင့်နဲ့ စာရဲ့အဆင့် အပ်စပ်မိတဲ့အခါ စာပေတန်ဖိုး အထူးမြင့်တက်လာပါတယ်။
ရန်ကုန်မှာ နေရသူက စင်ကာပူနိုင်ငံအကြောင်း
သိချင်ရင် စာပေမှ သိနိုင်ပါတယ်။ ရာဘင်ဒြာနတ်တဂိုးအကြောင်း သိချင်ရင် စာပေမှ
သိနိုင်ပါတယ်။ အမေ့မေတ္တာအကြောင်း သိချင်ရင် စာပေမှ သိနိုင်ပါတယ်။
ဘာသိချင်လဲ သိချင်တာမှန်သမျှ စာပေမှ သိနိုင်ပါတယ်။
ကလေးတွေ သိချင်စိတ် ရှိလာဖို့ လိုပါတယ်။
ကလေးတွေက သိချင်အောင်၊ သိမှ အကျိုးရှိမှာကို သဘောပေါက်အောင် နိုင်ငံတော်
(အစိုးရ)၊ စာပေမီဒီယာ၊ ဆရာ၊ မိဘ၊ ကျောင်း၊ ရပ်ကွက်စာကြည့်တိုက်များမှ
ဝိုင်းဝန်း အားပေးကူညီ နည်းလမ်းရှာပေးကြဖို့ လိုပါတယ်။
ကလေးတွေကိုချည်း လက်ညှိုးထိုးကာ
အတင်းစာဖတ်ခိုင်းလို့ မရပါဘူး။ ကျောင်းစာဟာ ကန့်သတ်ချက်ရှိတဲ့ စာဖြစ်ပါတယ်။
ပြင်ပစာကသာ ကန့်သတ်ချက်မဲ့ စာဖြစ်ပါတယ်။ ကမ္ဘာပတ်ချင် စာတတ်ချင်ရင်
ကန့်သတ်ချက် မရှိတဲ့ စာစုံကို ဖတ်ခွင့်ပြုကြဖို့။ ဒါ့အပြင် စာကို
အတင်းဖတ်ခိုင်းတာထက် စာဖတ်အောင် နည်းလမ်းရှာပေးတာက ပို ပဓာနကျကြောင်း
အကြံပြု ရေးသားအပ်ပါတယ်။
မောင်တင်ဦး (မြောင်းမြ )
No comments:
Post a Comment