လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ငြိမ်းချမ်းအေး - ဗိုလ်ချုပ် စမစ်ဒွန်း၊ တပ်မတော်နှင့် သမိုင်း နောက်ခံမြင်ကွင်း (၁)


ငြိမ်းချမ်းအေး
နိုဝင်ဘာ ၁၂၊ ၂၀၁၃


ဗိုလ်ချုပ် စမစ်ဒွန်း (၁၉၀၆-၁၉၇၉) မွေးနေ့ နဲ့ ကွယ်လွန် နှစ်လည် သတင်းဆောင်းပါး အတိုလေး ဧရာဝတီ မှာ ဖတ်ရတယ်။  ဧရာဝတီ ဆောင်းပါး ကတော့ အကျဉ်းမျှပါပဲ။  မိုးမခ စာဖတ်ပရိသတ် လူငယ်တွေ အနေနဲ့ သူ့ အကြောင်းကို သူရေး အတ္ထုပတ္တိ နဲ့ သမိုင်း စာအုပ် တွေ ရှာဖတ်နိုင်ရင် ပြည့်ပြည့်စုံစုံ ပို သိနိုင်မှာပါ။
ဒီစာမှာ ဗိုလ်ချုပ် စမစ်ဒွန်း အကြောင်း ထက် သူ ပါဝင် လှုပ်ရှားခဲ့တဲ့ ခေတ်၊ နိုင်ငံရေး အနေအထား၊ တပ်မတော် သမိုင်းနောက်ခံ နဲ့ ဆက်စပ်တဲ့ ရှိပြီး သမိုင်း ကောက်ချက်တချို့ကို ကိုယ်ပိုင် အမြင် နဲ့ ပြန်လည် (ဝါ) ထပ်ဆင့် ဆွေးနွေးချင်ပါတယ်။
နံပါတ် (၁) - ဗိုလ်ချုပ် စမစ်ဒွန်း ဘာကြောင့် လွတ်လပ်ပြီး ခေတ် ဗမာ့ တပ်မတော် ရဲ့ ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ရသလဲ။  သူ့ ကို ဘာလို့ ခန့်ခဲ့သလဲ။
ဒေါ်အောင်ဆန်းစုကြည်က ဟိုတလောက (စင်္ကာပူ မှာ) စစ်သား နဲ့ နိုင်ငံရေး ကင်းရှင်းအပ်ပုံကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ရပ် စစ်ဝတ်စုံ ချွတ်ပြီးမှ နိုင်ငံရေး လုပ်ခဲ့ပုံ နဲ့ ဥပမာ ပြုရင်း ပြောရာမှာ ဗိုလ်ချုပ် က အဲဒီလို နိုင်ငံရေးလုပ်ဖို့ တပ်မတော် ရာထူး စွန့်အပြီးမှာ စစ်တပ် ကိုတော့ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ Professional Soldier ဗိုလ်ချုပ် စမစ်ဒွန်း ကို ဦးစီးဖို့ လျာထားခဲ့တယ်လို့ ထည့်ဆိုသွားတယ်။  ဗိုလ်ချုပ် ရဲ့ စစ်သား နဲ့ နိုင်ငံရေး အလုပ် ခံယူချက် ကို သူ့ လုပ်ရပ် အရ အငြင်းပွားစရာ မရှိ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။  ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်း ကို စစ်ဦးစီးချုပ် လုပ်ဖို့ ဗိုလ်ချုပ် လျာထားခဲ့တယ် ဆိုတာကတော့ တကယ့် သမိုင်း နောက်ခံ အရ “အပြည့်အဝ” မမှန်ဘူး။
ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီ စာချုပ် အရ ဗမာ့တပ်မတော် ပြန်လည် ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး တို့လို အင်္ဂလိပ်သင်တန်းဆင်း (British trained) ဗြိတိသျှဘားမား တပ် က လာသူတွေနဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း တို့လို ဂျပန်သင်တန်းဆင်း (Japan trained) မျိုးချစ် ဗမာ့တပ်မတော် ဘက်က လာသူတွေ ဆိုပြီး အုပ်စု နှစ်ခု ပါဝင်ခဲ့တယ်။  မျိုးချစ်ဘက် ဘီအိုင်အေ၊ ဘီဒီအေ ဆက်ထဲက ဗမာ့တပ်မတော် အတွက် ရွေးချယ်ခံရတဲ့ အရာရှိ အားလုံး (ရဲဘော်သုံးကျိပ်ဝင် ပါ မကျန်) အင်္ဂလိပ် စစ်သင်တန်း ပြန်တက်ရတယ်။  ပြီးတော့မှ အင်္ဂလိပ် အရာရှိတွေ လက်အောက်မှာ ဗမာ့တပ်မတော် ရဲ့ အရာရှိငယ်တွေ အဖြစ် တာဝန်ထမ်းဆောင်ရတယ်။  ဗမာ အရာရှိတွေ စစ်ပညာ၊ အုပ်ချုပ်ရေး ပညာ နဲ့ အတွေ့အကြုံ ရလာချိန် နောင်မှာ တဖြည်းဖြည်းနဲ့ အင်္ဂလိပ် အရာရှိတွေ က အကြံပေး အနေနဲ့သာ ရပ်တည်၊ နောက်ဆုံး လုံးဝ နေရာဖယ်ပေး၊  ဒီလို သဘော နဲ့ စခဲ့တယ်။
ဒီလို သဘောမှာ လွတ်လပ်ရေး မရခင်၊ ဗိုလ်ချုပ်လည်း မကျ ခင် ဗိုလ်ချုပ် စစ်တပ် ရာထူး စွန့်ချိန် မှာ သူ့ ရဲ့ စစ်တပ် အရိုက်အရာ ခေါင်းဆောင်မှု ကို လွှဲပေးခဲ့သူက ဗိုလ်လက်ျာ သာ ဖြစ်တယ်။  ဒီအချက် ကို ဘယ်သမိုင်းမှတ်တမ်းမှာ ကြည့်ကြည့်၊ သမိုင်းမှာ ပါဝင်ခဲ့သူ လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်လစ် နိုင်ငံရေး အစုအဖွဲ့ အမျိုးမျိုး နဲ့ စစ်တပ် က ဘယ်လိုပုဂ္ဂိုလ်မျိုး ကို ကိုးကား ကိုးကား သိနိုင်တယ်။  ဗိုလ်လက်ျာ ဟာ ဗိုလ်ချုပ်ပြီးရင် ဒုတိယ စစ်ခေါင်းဆောင် ဆိုတဲ့ သဘောဟာ ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ ခေတ်ကတည်းက သမိုင်းဖြစ်ရပ်တွေအရ ထင်ရှားတယ်။
ဂျပန်တော်လှန်ရေး အပြီး ဗမာ့မျိုးချစ်တပ်မတော် ရဲ့ ရာထူးအဆင့် မှာ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-စစ်သေနာပတိ ဗိုလ်မှူးကြီး လက်ျာ၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဇေယျ တို့ ရှိတယ်။  (ဗိုလ်နေဝင်း က နောက်ခံ နိုင်ငံရေးသမိုင်း အပြင် ပုဂ္ဂလိက ဘဝ ဖြစ်ရပ်တွေ ကြောင့် စစ်တပ်ရာထူးမှာ ဗိုလ်ဇေယျ အောက် ရောက်လိုက်၊ အထက်ရောက်လိုက် အမျိုးမျိုး ဖြစ်နေခဲ့တယ်။  ကာလအပိုင်းအခြား အလိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူ့ အပေါ် ကိုင်တွယ်ပုံ အလိုက် ရာထူး အတက်အကျ ပြောင်းလဲ နေခဲ့တယ်။)
ဒီ အနေအထား နဲ့ ကန္ဒီ စာချုပ် (၁၉၄၅-စက်တင်ဘာ-၇) ချုပ်တယ်။  စာချုပ်အရ ဆိုခဲ့သလို ဗမာ့တပ်မတော် ပြန်ဖွဲ့တယ်။
စစ်တပ် နဲ့ နိုင်ငံရေး မသက်ဆိုင်ကြောင်း သက်သေပြုနိုင်ဖို့ရာ တပ်မတော် ဟာ ဖက်ဆစ်တော်လှန်ရေးတုန်းက အခြားသော အင်အားစု တွေ နဲ့ အတူ လက်တွဲ ပါဝင် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး တပ်ပေါင်းစု အဖွဲ့ကြီး ဖ-တ-ပ-လ အဖွဲ့ချုပ် ကနေ ၁၉၄၅-အောက်တိုဘာ-၂၃ မှာ ထွက်တယ်။
ဗိုလ်ချုပ်အောင်ဆန်းက မျိုးချစ်ဗမာ့တပ်မတော် ဗိုလ်ချုပ်ရာထူး ကို ၁၉၄၅-အောက်တိုဘာ-၂၇ မှာ စွန့်တယ်။  ဗိုလ်ချုပ် နဲ့ အတူ ဗိုလ်မှူးအောင် အပါအဝင် ရဲဘော်သုံးကျိပ်ဝင် တချို့ နိုင်ငံရေး လုပ်ဖို့ စစ်တပ်ကနေ တပါတည်း လိုက်ထွက်တယ်။  စစ်တပ်မှာ ရဲဘော်သုံးကျိပ်ထဲက ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ရဲထွဋ် တို့ ကျန်ခဲ့တယ်။
ဗိုလ်ချုပ်က ကန္ဒီစာချုပ်အရ ချန်ခဲ့ရတဲ့ မျိုးချစ်ဗမာ့တပ်မတော် တပ်သားဟောင်း တွေကို နှစ်သိမ့်ချင်တာအပြင် လွတ်လပ်ရေး တောင်းဆိုမှု (နိုင်ငံရေး) လိုအပ်ချက်အရ ပြည်သူ့ရဲဘော် ဆိုပြီး Volunteer အဖွဲ့အစည်း တခု ဖွဲ့ပေးတယ်။  ဗိုလ်မှူးအောင် နဲ့ ဗိုလ်လရောင် တို့က ကြီးကြပ်ပေးရတယ်။  ပြည်သူ့ရဲဘော် က တရားဝင် တပ်မတော် မဟုတ်ပေမယ့် လိုအပ်ရင် အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်နိုင်ဖို့ရာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်တယ်။  ဒီ့အတွက် ဒေါ်မန်စမစ် အစိုးရ နဲ့ ပြဿနာတက်တာတွေ ရှိခဲ့တယ်။
နောင် နိုင်ငံရေး အင်အားစု မှာ ဖ-တ-ပ-လ က နေ ဖ-ဆ-ပ-လ ဖြစ်လာတယ်။  ဖ-ဆ-ပ-လ၊ ကွန်မြူနစ် ပါတီ အစရှိတဲ့ နိုင်ငံရေး အင်အားစု အသီးသီး ရဲ့ နိုင်ငံရေးတိုက်ပွဲတွေ ကို နောက်ဆုံး မခံနိုင်တဲ့ အချိန်မှာ ဗြိတိသျှ အစိုးရဟာ ဟူးဘတ်ရန့်(စ်) ဘုရင်ခံ အသစ် ပြောင်းခန့်ခဲ့ခြင်းနဲ့ အတူ ဘုရင်ခံအသစ်က တိုင်းပြည် အာဏာကို ဗိုလ်ချုပ်အောင်ဆန်း (ဖ-ဆ-ပ-လ) လက်ထဲ လွှဲပေးရတယ်။  ဒါကြောင့် ဘုရင်ခံ အမှုဆောင်ကော်မတီ မှာ ဗိုလ်ချုပ်က ဒုတိယ သဘာပတိ ဖြစ်လာတယ် (၁၉၄၆-စက်တင်ဘာ၊ ၂၆)။  စစ်ပြီးခေတ်မှာ ဗမာ ခေါင်းဆောင်တွေ နိုင်ငံရေးအာဏာ နဲ့ ရာထူး စရခြင်းလို့ ဆိုနိုင်တယ်။
ဒီအနေအထား နဲ့ အောင်ဆန်း-အက်တလီ စာချုပ် (၁၉၄၇-ဇန္နဝါရီ-၂၇)၊ ပင်လုံစာချုပ် (၁၉၄၇-ဖေဖေါ်ဝါရီ-၁၂) အစရှိတဲ့ လုံးဝ လွတ်လပ်ရေး လမ်းကြောင်းတွေ ပုံပေါ်လာခဲ့တယ်။  နောက်ဆုံး ဗိုလ်ချုပ် လုပ်ကြံခံရတယ်။ ဗိုလ်ချုပ်ကျတော့ အင်္ဂလိပ် ဘုရင်ခံက ဖ-ဆ-ပ-လ ဒုဥက္ကဋ္ဌ သခင်နု ကို ယာယီအစိုးရမှာ ဆက်လက် ဦးဆောင်စေတယ် (၁၉၄၇-ဇူလိုင်-၁၉)။  သခင်နုက ယာယီ အစိုးရ မှာ ဗိုလ်လက်ျာ ကို ဒုဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်တွေ ထမ်းစေတယ်။
အထက်မှာ သမိုင်းကို အကျဉ်း ပြန်လှန်ခဲ့ခြင်းက ဗိုလ်ချုပ်ကျချိန်၊ သခင်နု ယာယီ အစိုးရ ဖွဲ့ချိန်မှာ ဗိုလ်လက်ျာ ဟာ ဆိုခဲ့တဲ့ ဒုဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီးဆိုတဲ့ နိုင်ငံရေးတာဝန်တွေကို (မူလ ဗိုလ်ချုပ် လျာထားချက် စစ်ခေါင်းဆောင် အဖြစ်ကနေ) ယူလာရပုံ ကို မြင်စေချင်လို့ ဖြစ်တယ်။
(စကားချပ် - ဒီနေရာမှာ စစ်ဝန်ကြီး ရာထူး ဟာ ဒီမိုကရေစီ စနစ်မှာ နိုင်ငံရေးသမား ရဲ့ အလုပ် ဆိုတာကို သတိပြုပါ။  ဒီမိုကရေစီ အစိုးရ ရဲ့ စစ်တပ် ဟာ သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး အစရှိတဲ့ အရပ်သား နိုင်ငံရေးသမားတွေ နဲ့ အစိုးရ ကက်ဘိနက် ရဲ့ လက်အောက်ခံ အဖွဲ့အစည်းသာ ဖြစ်တယ်။  ၂၀၀၈ စစ်ဖွဲ့စည်းပုံကို အခြေခံပြီး မစဉ်းစားမိစေဖို့ လိုတယ်။)
အဲဒီအချိန်တုန်းက သခင်နု နဲ့ ဗိုလ်လက်ျာ ကိုယ်တိုင် ဗိုလ်ချုပ် အလွန်နိုင်ငံရေး မှာ ဗိုလ်လက်ျာ ဟာ သခင်နု ရဲ့ နောက်က ရပ်တည် နိုင်ငံရေး တာဝန်ယူ လုပ်ဖို့ လိုတယ်လို့ ယူဆ ဆုံးဖြတ်ခဲ့ကြဟန် တူတယ်။  ဒီလိုနဲ့ ဗိုလ်လက်ျာ ရဲ့ စစ်ခေါင်းဆောင် သီးသန့် ရပ်တည်နိုင်ဖို့ လမ်းကြောင်း က ရပ်ခဲ့တယ်။
တကယ်လည်း နောက်ခံ သမိုင်းကြောင်းအရ ကြည့်ရင် ဗိုလ်လက်ျာဟာ ဒေါင်ဒေါင်မြည် တကယ့် နိုင်ငံရေးသမား နောက်ခံ က လာခဲ့တယ်။  ၁၉၃၆ ကျောင်းသားသပိတ် ကတည်းက စလို့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတလျှာက် ရှေ့တန်းက ပါဝင်ခဲ့ပြီး ပီပီပြင်ပြင် နိုင်ငံရေးသမား ဖြစ်လာခဲ့သူ ဖြစ်တယ်။  ဆိုတော့ ဗိုလ်ချုပ်ကျအပြီးမှာ ဗိုလ်လက်ျာ နိုင်ငံရေးတာဝန်ကြီးတွေ သခင်နု နောက်က တွဲယူလာခဲ့ရခြင်း ဖြစ်စဉ် နဲ့ ဆုံးဖြတ်ချက်အတွက် (နောင်မှာ စစ်တပ်ခေါင်းဆောင်မှု နေရာ အတွက် ဗိုလ်နေဝင်း ကောင်းဖို့ချည်းဖြစ်ခဲ့၊ တိုင်းပြည် စစ်အာဏာရှင် စနစ် ချောက်ထဲ ကျခဲ့ပေမယ့်) သမိုင်း အမှားလို့တော့ ကောက်ချက် မဆွဲအပ်ဘူး လို့ (စာရေးသူ အမြင်အရ) ယူဆတယ်။
(စကားချပ် - စာရေးသူ အမြင် အရ သခင်နု၊ သခင်လှဖေ (ဗိုလ်လက်ျာ) တို့ရဲ့ သမိုင်း အမှားက ဘာလဲဆိုတာကိုလည်း အလျဉ်းသင့်တဲ့အခါ အကျယ် ဆွေးနွေးပါဦးမယ်။)
ဗိုလ်နေဝင်း စစ်တပ်ခေါင်းဆောင်မှု နေရာ ရလာခဲ့ခြင်းက သမိုင်း နောက်ခံ အကြောင်းတွေ အများကြီး ဆိုတာမှန်ပေမယ့် ဗိုလ်နေဝင်း ကိုယ်တိုင် နေရာ လုပ်ယူခဲ့ခြင်းဆိုတာက အဓိက ပိုကျတယ်။  (ဒီ ဆောင်းပါး ဒုတိယ အပိုင်းမှာ ဒီသဘော ကို ပေါ်လွင်အောင် ဆွေးနွေးပါ့မယ်)
ဒီလို နောက်ခံ အနေအထား မှာ လွတ်လပ်ရေးရခဲ့ကာ ဖွဲ့စည်းပြီး ခေတ်သစ်ဗမာ့တပ်မတော် ခေါင်းဆောင်မှု ရာထူး နေရာ ဆုံးဖြတ်ဖို့ ဖြစ်လာခဲ့တယ်။
ဗြိတိသျှဘားမား တပ်ဘက်က လာတဲ့ ဗိုလ်ချုပ် စမစ်ဒွန်း က ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff) ဖြစ်လာတယ်။  ဗိုလ်မှူးချုပ် စောကြာဒိုး က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (Chief of Army Staff) / စစ်ဆင်ရေးမှူး (Chief of Operations) ဖြစ်လာတယ်။  ဒုဗိုလ်မှူးကြီး စောရှိရှို က ကာကွယ်ရေးဦးစီးချုပ် (လေ) (Chief of Air Staff)၊ ရေကြောင်းတပ်မှူး ခင်မောင်ဘို (မေယု စစ်သင်္ဘော အင်္ဂလိပ်ဆီက ဗိုလ်ချုပ်အောင်ဆန်း လွှဲပြောင်းယူတော့ ဗိုလ်ချုပ် အမိန့်ပြန်တမ်း အရ မေယု စစ်သင်္ဘော ရဲ့ ပထဦးဆုံး ဗမာ စစ်ရေယာဉ်မှူး ဖြစ်ခဲ့သူ) က ကာကွယ်ရေးဦးစီးချုပ် (ရေ) (Chief of Naval Staff)၊ ဒုဗိုလ်မှူးကြီး စောဒိုနီ က စစ်ထောက်ချုပ် (Quartermaster General) အစ ရှိသဖြင့် စစ်ရုံး ရာထူး အဆင့် အသီးသီး ရခဲ့တယ်။  တပ်ရင်းအနေနဲ့ မျိုးချစ်ဘက်ကလာသူ အများစု ပါတဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု (တခု က တိုင်းရင်းသား လူမျိုးစု စုံပါ)၊ ကရင် တပ် (၃) ခု၊ ချင်းတပ် (၃) ခု၊ ကချင်တပ် (၂) ခု၊ ဂေါရခါးတပ် (၁) ခု တို့ ရှိတယ်။  (ဗမာ့တပ်မတော် နောက်ခံသမိုင်း၊ လွတ်လပ်ပြီးခေတ် ဗမာ့တပ်မတော် ရာထူး၊ ပုဂ္ဂိုလ်အမည် နဲ့ ဖွဲ့စည်းပုံ အချက်အလက် အသေးစိတ် ကို အညွှန်းပါ စတိုင်းဘတ်၊ အင်ဒရူးဆတ် နဲ့ မောင်အောင်မျိုး စာအုပ်တွေမှာ လေ့လာနိုင်ပါတယ်။)
ဗိုလ်ချုပ် စမစ်ဒွန်း  ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရခြင်းကို လေ့လာသူ အများ သုံးသပ်လေ့ရှိတာ တခုက ဗြိတိသျှ ရဲ့ ကိုလိုနီနယ်တွေမှာ ကျင့်သုံးတဲ့ သွေးခွဲအုပ်ချုပ်ခြင်း Divide and Rule အရ အင်္ဂလိပ် နဲ့ နီးစပ်တဲ့ ကရင် စစ်ဗိုလ်တွေကို ရာထူးကြီးပေးခြင်း ဆိုတဲ့ ကောက်ချက် ဖြစ်တယ်။ (အညွှန်းပါ မေရီ ကာလာဟန် စာအုပ် ရှု)
အဆိုပါ ကောက်ချက် အမြင် သုံးသပ်မှုကို စာရေးသူ အနေနဲ့ အပြည့်အဝ သဘော မတူပါ။  ဒီလို ခွဲခြားလိုခြင်း သဘောမျိုးတွေ ရှိတယ် ဆိုတာ မှန်ပေမယ့် စင်္ကာပူမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့တဲ့ သဘော ဗိုလ်ချုပ်စမစ်ဒွန်း ဟာ စနစ်တကျ သင်ကြားလေ့ကျင့်ထားတဲ့ စစ်ပညာ၊ စစ်အတွေ့အကြုံ ရှိ ဝါရင့် စစ်သား စစ်စစ် (နိုင်ငံရေး နောက်ခံ မပါ) ဖြစ်ခြင်း က သူ စစ်သေနာပတိ ဖြစ်ခြင်း ရဲ့ အဓိက အကြောင်း ဖြစ်တယ်။
စမစ်ဒွန်း၊ စောကြာဒိုး အပါအဝင် အခြား ကရင်၊ ကချင်၊ ချင်း၊ အင်ဂလိုဘားမီးစ် လူနည်းစု စစ်ဗိုလ်ကြီး တွေ ရာထူးရခြင်းက Professional Soldiers တွေ ဖြစ်လို့သာ ဖြစ်တယ်။  ဒါကြောင့် ဆောင်းပါး အစ မှာ ဒေါ်အောင်ဆန်းစုကြည့် အပြော ကို လုံးလုံး မှားတယ် လို့ မဆိုခဲ့ဘဲ နောက်ခံ သမိုင်း အရ အပြည့်အဝ မမှန်ဘူးလို့သာ ဆိုခဲ့ခြင်း ဖြစ်တယ်။  တခုက ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့သလို ဗိုလ်ချုပ်ရွေးခဲ့၊ လျာထားခဲ့ခြင်း ဖြစ်တယ် ဆိုတဲ့ သဘောမျိုးတော့ အပ်ချမတ်ချ ဆိုလိုမရပါ။  အထောက်အထားလည်း လေ့လာဖူးသလောက် မရှိပါ။  ဗိုလ်ချုပ် နဲ့ အခြား လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေ ဆွေးနွေးဖူးတာ ရှိကောင်း ရှိမယ်။  ဒါပေမယ့် အဓိက ကတော့ ဗိုလ်ချုပ်ကျ အပြီး ပြောင်းလဲသွားရတဲ့ နိုင်ငံရေး ဖြစ်စဉ် အရ ပိုဆိုင်တယ်။
(စကားချပ် - ဒီလို လူနည်စု အုပ်စုဝင်ထဲ မှာ အတွေ့ကြုံရှိ၊ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ စစ်သား အများစု ရှိနေခဲ့ခြင်းကလည်း ကိုလိုနီခေတ် ဗြိတိသျှ-အိန္ဒိယ (နောင် ဗြိတိသျှ-ဘားမား (၁၉၃၇ က စ)) စစ်တပ်မှာ ကရင်၊ ကချင်၊ ချင်း တိုင်းရင်းသား လူနည်းစု ဝင်တွေက မြန်မာ (ဗမာ) နဲ့ စာရင် ရာခိုင်နှုန်း ပို ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်တယ်။  ဂျပန်စစ်ပညာရခဲ့တဲ့ ဗမာ့ မျိုးချစ်တပ်မတော် အင်အားစု မှာလည်း လူငယ် အများစု သာဖြစ်သလို စစ်ပညာ သင်ရခြင်း က ဖုတ်ပူမီးတိုက် သဘောဆောင်တယ်။  သူတို့ဟာ ယေဘုယျ သဘောအရ Professional Soldiers ဆိုတာထက် နိုင်ငံရေး၊ အမျိုးသားရေး၊ မျိုးချစ်စစ် စတဲ့ ယုံကြည်ချက်ကြောင့် လက်နက်စွဲကိုင်ရတဲ့ တော်လှန်ရေးသမား အနေအထားမျိုး ဖြစ်တယ်။)
၁၉၄၇ ဖွဲ့စည်းပုံ ဟာ လွတ်လပ်ပြီး ဗမာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုစုံ အာဏာခွဲဝေရေး၊ အခွင့်အရေး နဲ့ ပြဿနာ ကို အလုံးစုံ မဖြေရှင်းနိုင်ခဲ့ဘူး။  ဗိုလ်ချုပ် ရဲ့ မျှော်မှန်းချက်၊ ဗိုလ်ချုပ် ရဲ့ မြန်မာ မဟုတ်တဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေ အပေါ် ပေးခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။  အကျိုးဆက်က လွတ်လပ်ပြီး ဗမာနိုင်ငံဟာ ပြည်ထောင်စု စနစ် စစ်စစ် ဖြစ်မလာခဲ့ဘူး။  ဒါပေမယ့် အာဏာရ ဖ-ဆ-ပ-လ မှာ စစ်တပ် နဲ့ နီးစပ်တဲ့ ဗိုလ်နေဝင်း အနွယ် ဆိုရှယ်လစ် အုပ်စု က လွဲလို့ သခင်နု နဲ့ ဗိုလ်လက်ျာ လို ခေါင်းဆောင်ပိုင်းက ဗိုလ်ချုပ်ရဲ့ အမြာ်အမြင် “Unity in Diversity” ကို ဆက်လက် ဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသား လူနည်းစုဝင်တွေကို ဗမာပြည်မ နဲ့ တွဲနေချင်အောင် အခွင့်အရေးပေး၊ နေရာပေးမှ ရမယ် ဆိုတာကို သဘောပေါက်တယ်။  (နောက်ပိုင်း တကယ် အပြည့်အဝ မလုပ်နိုင်ခြင်းက တဏ္ဍာ)
ဒီလို သဘောကြောင့် နိုင်ငံရေး မှာ (တကယ့် အာဏာ မရှိတဲ့) သမ္မတ ရာထူး ကို တိုင်းရင်းသားတွေကို ပေးခြင်း မျိုး လုပ်ပြခဲ့သလို အာဏာချိန်ခွင်လျှာ ညှိတဲ့ အနေနဲ့ စစ်တပ်ရာထူး မှာလည်း ဆိုခဲ့သလို လူနည်းစု တိုင်းရင်းသားတွေကို ဦးဆောင်ခိုင်းခြင်း ဖြစ်တယ်လို့လည်း တနည်း သုံးသပ်နိုင်တယ်။
နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) မရှိချိန်၊ ဗိုလ်လက်ျာ (၁၉၁၁-၁၉၇၈) လည်း ဆိုခဲ့တဲ့ စစ်တပ်ရာထူး မယူနိုင်စရာ နိုင်ငံရေး လိုအပ်ချက်၊ အကြောင်းအချက်တွေ ဖြစ်လာချိန် တပ်မှာ ရဲဘော်သုံးကျိပ်ဝင် မျိုးချစ်ဘက်က လူကြီးပိုင်း ကျန်ခဲ့တာက ဗိုလ်နေဝင်း (၁၉၁၀-၂၀၀၂) နဲ့ ဗိုလ်ဇေယျ (၁၉၁၃-၁၉၆၈) နှစ်ဦးတည်းသာ ဖြစ်တယ်။  ဗိုလ်ကျော်ဇော (၁၉၁၈-၂၀၁၂) က စစ်ခေါင်းဆောင် အရည်အချင်း ပြည့်ပေမယ့် ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ တို့နဲ့ယှဉ်ရင် လူငယ်သာ ဖြစ်တယ်။  ကျန်ခဲ့တဲ့ လူကြီး နှစ်ယောက်မှာ ဗိုလ်ဇေယျ က ကွန်မြူနစ်ဘက် ယိမ်း သူ၊ ဗိုလ်နေဝင်း က ဆိုရှယ်လစ် အုပ်စု အပေါ် မှီတည်ပြီး မိမိ အာဏာ တည်ဆောက်နေသူ ဖြစ်တယ်။  (တကယ်က ဗိုလ်နေဝင်း မှာ နိုင်ငံရေးယုံကြည်ချက် မရှိပါ။  အာဏာ ယုံကြည်ချက်သာ ရှိတယ်။  လက်ဝဲ နိုင်ငံရေး အင်အားစု နဲ့ ပေါင်းပြီးလည်း အာဏာယူဖို့ ကြံစည်ခဲ့ပါတယ်။  (ဒီ သဘောကို ဒီဆောင်းပါး ဒုတိယပိုင်းမှာ ထည့် ဆွေးနွေးပါမယ်။)
လွတ်လပ်ရေး မရမီ နဲ့ ရပြီးစ အချိန် စစ်တပ် ပြင်ပ နိုင်ငံရေး နဲ့ ဖ-ဆ-ပ-လ မှာ အဓိက အာဏာလုရတဲ့ အုပ်စု နှစ်ခု ကလည်း ဆိုရှယ်လစ် နဲ့ ကွန်မြူနစ် အုပ်စု နှစ်စု သာ ဖြစ်တယ်။  ဒီလို နိုင်ငံရေး နောက်ခံ အနေအထားကြောင့် သခင်နု နဲ့ ဗိုလ်လက်ျာ ဟာ စစ်တပ်ဦးဆောင်မှု ရာထူး ကို နိုင်ငံရေး အရောင် လုံးဝ မရှိသူ ဗိုလ်ချုပ်စမစ်ဒွန်း ကို ပေးခဲ့ခြင်းလို့လည်း နောက်တနည်း ဖြည့်စွက် သုံးသပ်နိုင်တယ်။
ဆိုတော့ ဗမာ့ လွတ်လပ်ရေး ခေတ်ဦး ဗိုလ်ချုပ်စမစ်ဒွန်း ရဲ့ စစ်ဦးစီးချုပ် ရာထူး သမိုင်းဖြစ်စဉ် နဲ့ လူနည်းစု အုပ်စုဝင် စစ်ဗိုလ်များ စစ်တပ်ရာထူးကြီးများ (ခဏတာ လို့ပဲ ဆိုဆို) ရခဲ့ခြင်း မှာ အင်္ဂလိပ် ဆန္ဒ၊ စနစ်တကျ လေ့ကျင်သင်ကြားထားတဲ့ Professional Soldiers ဖြစ်မှု နဲ့ တိုင်းရင်းသား အရေး၊ နိုင်ငံရေး နောက်ခံ စတဲ့ အကြောင်း တွေကြောင့်လို့ ခြုံဆိုနိုင်တယ်။
နံပါတ် (၂) အချက် ဗိုလ်ချုပ်စမစ်ဒွန်း စစ်တပ် ရာထူး က အနားယူခဲ့ရခြင်း (Forced to Retire) ဖြစ်စဉ် ကို ယေဘုယျ သမိုင်း အမြင်၊ မဆလ၊ နဝတ၊ နအဖ သမိုင်း ပုံဖော်မှု “ကရင် နဲ့ ပြည်တွင်းစစ် ဖြစ်ခြင်းကြောင့်” ဆိုတဲ့ သဘောဟာ မမှန်ကြောင်း (စာရေးသူ အမြင်) ကို ဆောင်းပါး ဒုတိယ ပိုင်းမှာ ဆက်လက် ဆွေးနွေး တင်ပြပါမယ်။
ငြိမ်းချမ်းအေး
၁၂၊ နိုဝင်ဘာ၊ ၂၀၁၃
မှတ်ချက်။  ။  ဆောင်းပါး ပါ သုံးသပ်ချက် က စာရေးသူ အမြင်သာ ဖြစ်ပါတယ်။  အညွှန်းက သမိုင်း အချက်အလက် အတွက် ဖြစ်တယ်။
စာအုပ်အညွန်း။   ။
“Memoirs of the Four-Foot Colonel” by Smith Dun, Ithica, NY: Cornell Southeast Asia Program, (1980).
“Burma’s Armed Forces: Power Without Glory” by Andrew Selth, Norwalk, CT : EastBridge, (2002).
“Making Enemies: War and State Building in Burma” by Mary P. Callahan, Ithaca, N.Y: Cornell University Press (2003).
 “Historical Dictionary of Burma (Myanmar)” by Donald M. Seekins, vol. 59 of Asian/Oceanian historical dictionaries 59 (Illustrated ed.), Sacredcrow Press, (2006).
“Burma/Myanmar: What everyone needs to know” by David I. Steinberg, Oxford University Press, (2009).
“Building the Tatmadaw: Myanmar Armed Forces Since 1948” by Maung Aung Myoe, Institute of Southeast Asian Studies (2009).

မှတ်ချက် ။ ။ ဓာတ်ပုံမူရင်းပိုင်ရှင်အား ခရက်တစ်ပေးပါသည်။ အနည်းငယ် ပြုပြင်ထားပါသည်။ 

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>