ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်
|| ငွေစန်းရောင် ||
ဟိုးရှေးရှေးတုန်းက နယ်ချဲ့လက်အောက် က လွတ်လပ်ရေးယူပြီး နိုင်ငံသစ် ထူထောင် မလို့ လုပ်တဲ့အခါ တိုင်းရင်းသားတွေကို စည်းရုံးတော့ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ ဆိုတဲ့ စကားလေးကို ပြောခဲ့ကြသတဲ့ကွယ်။
အဲဒီ အချိန်တုန်းက တိုင်းရင်းသားတွေဆိုတာ ဗမာ စကား ကိုတောင် လေးလုံး ကွဲအောင် ပြောတတ် တဲ့သူ ခပ်ရှားရှား ရယ်။ ပြည်ထောင်စုဆိုတဲ့ စကားတောင် ဘာပြောမှန်း မသိတဲ့သူတွေကို ဘယ်လို စည်းရုံးခဲ့သလဲဆိုတော့ ‘ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားတို့ တိုင်းရင်းသားတွေ ဟာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ကြတာမို့ ညီအကို မောင်နှမတွေ ဖြစ်တယ်။ အခွင့်အရေးမှန်သမျှ သာတူညီမျှ ရကြမယ်။ ဗမာက တစ်ကျပ်ရရင် ရှမ်းကလည်း တစ်ကျပ် ရရမှာပေါ့’ လို့ အာမဘဏ္ဍေ ခံခဲ့ကြသတဲ့။
အားကို တို့ ပြောတဲ့စကားဆိုတော့ ဖိုးမူတို့ လည်း ယုံ၊ ဘောက်ဂျာ တို့လည်း ယုံ၊ အေခမ်းတို့လည်း ယုံခဲ့ကြတာ အားလုံးအသိပါပဲ။ အခု တော့ နှစ်ပေါင်း ၆၅ နှစ်လောက် ကြာခဲ့ပြီဆို တော့ အဲဒီမျိုးဆက်တွေလည်း မရှိတော့ဘူး။ သူတို့ရဲ့ မြေးကလေးတွေတောင် အရွယ်ရောက် ကုန်ပြီ။ အချိန်တွေက သင်ပေး ခဲ့လို့ စာတွေ လည်း တတ်ကုန်ကြပြီပေါ့။ တိုင်းရင်းသားတွေ ထဲမှာ အောက်စဖို့ဒ်တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ်က ဘွဲ့ရ ပညာ တတ်ကြီးတွေတောင် ဟောတစ်ယောက် ဟောတစ်ယောက် ထွက်လာ ခဲ့ကြပြီ။ ဒါကြောင့် ဒီခေတ်ကြီးမှာ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ ဆိုတဲ့ စကားဟာ ဘယ်သူ့ကို သွားပြောပြော ယုံမယ့်သူ တစ် ယောက်မှ မရှိတော့ဘူး။ အပြောနဲ့မဟုတ် အ လုပ်နဲ့ သက်သေပြခဲ့တာနည်း တဲ့နှစ်တွေလား။
ဒါပေသိ မပြောမပြီး မတီးမမြည်ဆိုသလို ပြည်ထောင်စုကြီးတစ်ခုလုံး ဝါးအစည်းပြေ သလို ပြေမသွားဖို့အတွက်တော့ ညီညွတ်ရေး စကားလေးတွေ ပြောဖို့လိုနေတာ အမှန်ပဲ။ ယုံကြည်လောက်တဲ့စကားကို တည်တည်တံ့ တံ့ မြဲမြဲမြံမြံ ဆိုသင့်တာပေါ့လေ။ ပါးစပ်ကြီးနဲ့ ပြောတာ ကတော့ မစားရ၀ခမန်း လူတိုင်း ပြော တတ်ပါတယ်။ ကိုယ်ပြောတဲ့စကား သူများ ယုံဖို့ဆိုတာကတော့ ကိုယ့်စကားကိုယ် တာ ဝန်ယူနိုင်တဲ့ သူ တစ်ယောက် က တည်အောင် ထိန်းရတော့မယ်။
ဒါမှ နောက်တစ်ခါပြောရင် တို့ကယုံမှာ။ အရင်စာတွေမှာ ပြောခဲ့တဲ့ ဖက် ဒရယ် ဆိုတဲ့ ကိစ္စကိုပြန်ကောက်ရရင် သည် တစ်ခါတော့ အစဆွဲထုတ်စရာ သပွတ်အူကြီး တစ်ထွေး ရလာပြန်ပါတယ်။ အဲဒါကတော့ ‘Power Sharing’ ပြီးရင် ဆက်ဆွေးနွေးရ မယ့် ‘Resource Sharing’ အကြောင်းပါ။
အရင်းအမြစ်တွေကိုကော ပြည်နယ်ပြည်မ ဘယ်လို ခွဲဝေယူကြမှာလဲ။ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ တော့ ထပ်မပြော နဲ့တော့နော်။ တော်လောက်ပြီ။ ရှက်သင့်ပြီ။
တကယ်ပဲ တိုင်းရင်းသားတွေအပေါ် ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် သဘောထားတယ်ဆိုရင် ကိုယ့်ရှိဝှက်ထား သူ့ရှိနှိုက်စား အနိုင်ကျင့်နေလို့ မသင့်တော့ဘူး။ သူများနိုင်ငံက ကျွန်ပြုပြီးလာအုပ်ချုပ်သွားတဲ့ အင်္ဂလိပ် တွေတောင်မှ သယံဇာတပစ္စည်းတွေကို စိတ် တိုင်းကျ လုယူပြီး ရင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းတံတား ကားရထား စီစဉ်ပေးခဲ့တယ်။ အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေး အလေး ထားခဲ့တယ်။ ပညာရေး၊ ကျန်းမာရေး အထိုက် အလျောက် တာဝန်ယူပေးခဲ့တယ်။ အခု ကိုယ်ချင်း ကိုယ်ချင်းတွေပါဆိုမှ သူတို့လောက်မှ မသာလို့ ရပါ့မလား။ ကိုယ့်တိုင်းပြည် က ထွက် တဲ့ သဘာဝသယံဇာတ အမွေအနှစ်တွေဆို တာက တိုင်းရင်းသားတွေ ရဲ့ မြေပေါ်မြေအောက် ကနေ သူတို့မျက်စိအောက်တင် ထွက်လာတာ တွေလေ။ ဒီဟာတွေကို ဝမ်းသာအားရ ‘ပေး ပေး။ ကိုကြီး တို့ကိုပေး။ မင်းတို့ လုပ်တတ်မှာ မဟုတ်ဘူး။ ဒီမှာကြည့်။ ငှက်ပျောသီး ဆိုတာ ဟောသလို အခွံနွှာပြီး ဟောသလို ပါးစပ်ထဲ ထည့်စားရတယ်’ လို့ပြောရင် တစ်ခါနှစ်ခါ တော့ အားနာပါးနာ ငြိမ်နေလိမ့်မပေါ့။
တက်သမျှလူကြီး ဆွေစဉ်မျိုးဆက် တမလွန်ထိ အောင် သယ်သွားမတတ် မရဒဿကချိုင်ပြီး ဒေသခံ တိုင်းရင်းသားတွေကျ ပါးစပ်ဟောင်း လောင်း ထားမယ် ဆိုရင် စဉ်းစားကြည့်ပါဦး။
ဒါကြောင့်မို့လို့ ဝေတယ်မျှတယ် Share လုပ်တယ်ဆိုတဲ့ကိစ္စတွေဟာ ‘သိသာသိစေ မမြင်စေနဲ့’ လုပ်လို့ မရပါဘူး။ အားလုံး မျက်မြင် ပေါ်ပေါ် ထင်ထင်လုပ်မှ၊ စားပွဲအောက်၊ အိမ်နောက်ဖေး၊ အပေးအယူကင်းရှင်းမှ ယုံ ကြည်စိတ်ချ တိကျမှန်ကန် အာချားဓားပြဘဏ် ဖြစ်တော့မပေါ့။ ဒီမှာလည်း အရင်တစ်ခါလိုပဲ ပွင့်လင်းမြင်သာမှု လို့ခေါ်တဲ့ ထျန်ပလန်စီ လိုလာပြန်တယ်။ ကိုယ်နဲ့ဆိုင်တဲ့ ဥပမာတစ်ခုပဲ မြင်သာအောင် ပေးပါ့မယ်။
ဆိုကြပါစို့ဗျာ။ မြန်မာနိုင်ငံ ဆရာဝန်များ အသင်းတိုက်ကြီးကို အဆင့်မြင့် အဆောက်အအုံကြီးဖြစ်အောင် ပြု ပြင်တည်ဆောက်သွားမယ်ဆိုတဲ့ ကိစ္စဟာ ဆရာဝန်တွေအကြားမှာ ကျွက်ဆူကျွက်ဆူ ဖြစ်နေတယ် မဟုတ်ဘူး လား။ ကောင်းအောင် လုပ်နေတယ်ဆိုတာက ဘယ်သူမှ သံသယ ရှိစရာ မလိုပါဘူး။ သူများတွေလို လက်ညှိုး ထိုး ရောင်းစားသွားမယ့်သူ တစ်ယောက် မှ မပါ။ ‘ဘယ်သူတွေ လုပ်မှာတုံး။ ဘယ်လိုပုံစံ နဲ့ လုပ်ကြမလို့တုံး။ ဘယ်လို အကျိုးအမြတ် ခွဲဝေမှုနဲ့ လုပ်ကြမလို့တုံး’ ဆိုတာတွေကို ရှင်းလင်းအောင် မပြောဘဲနဲ့ ‘ဒါတွေ မင်းတို့ သိစရာမလိုပါဘူး။ ကွန်ဖီဒန်ရှယ်တွေ။ ပြီးရင် ကွန်ဒိုအကြီးကြီး တစ်လုံးရမှာ။ စကားမများ နဲ့။ လာ သဘောတူကြောင်း လက်မှတ်ထိုး’ လို့ဆိုလာရင် အငယ်တွေကသာ ကြောက်ကြောက် နဲ့ ခေါင်းညိတ်ချင် ညိတ်မယ်။ တန်းတူချင်းတွေကတော့ ဘက်တူရင် လူမရွေးပေါင် ကြက်တူရွေးတောင်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထွက်လာတဲ့ သဘာဝသယံဇာတ အကျိုး အမြတ်တွေနဲ့ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှုဆိုရင်တော့ ဘယ်လိုပြော ရပါ့မလဲ။ စာရင်းမဝင် အင်းမဝင် တွေ များလွန်းအားကြီးလို့ ဟားဗတ် တက္ကသိုလ်က လာရောက်လေ့လာသူ သုတေသီကြီးတွေတောင် အံ့ဩ လွန်းလို့ သေတော့မယ်ဖြစ်ကုန်သတဲ့။ ကိုယ့်အိမ်ထဲက ပိုက်ဆံဆိုတာ သူများတွေပေးသိလို့ ဘယ်ဖြစ်ပါ့မလဲနော့။ ဒါဖြင့် မင်းကောသိသလားဆိုရင် သိဘူး။ ဘူသိသလဲ မမေးနဲ့။ ဘူမှသိဘူး။ သတို့ဟာသတို့ပဲသိမှာ။ တို့အစိုးရက ဟောင်းလောင်းမြင်သာ အစိုးရဟုတ်ဘူး။ လုံလုံခြုံခြုံ အစိုးရ။
ကောင်းပါပြီလေ။ ကိုယ်နဲ့မဆိုင်တာတွေ မသိနဲ့ဆို မသိပါဘူး။ တောသား တောမှာ လယ်ရှိ၊ နွားရှိ ထမင်း မငတ်ပါဘူး။ သူတို့ဟာ သူတို့ ကျောက်စိမ်းနန်းတော်ထဲပဲနေနေ။ ကြေး နီဖန်နန်းကြီး ပဲ ဆောက်ဆောက်။ သို့သော် လည်း အဲလိုနေရင်းနဲ့မှ သူများတွေ အလှည့် ပြီးရင် ကိုယ်တွေအလှည့်လည်း ရောက်ခဲ့ရ တာ သဘာဝပေါ့။ သဘာဝ ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ ပထဝီမြေလွှာကြီးကိုက ပါပြီးသားဗျ။ ဘိုးစဉ်ဘောင်ဆက် လုပ်နေတဲ့ လယ်မို့ လို့ ကိုယ်ပိုင်တယ်မထင်နဲ့။ ‘သိမ်းတယ်’ ဆို တစ်ခွန်းတည်းနဲ့ ပြတ်သွားရော။ ဘာမှ အ ထွန့်တက်လို့မရဘူး။ ဖယ်ဆို ဖယ်လိုက်။ ဟို က ဝယ်မှာ။ ရမယ်လေ တစ်ပဲခြောက်ပြား။ တိုင်းပြည်တိုးတက်ရေး ဒေသဖွံ့ဖြိုးရေးအ တွက် အနစ်နာခံရတယ်ဆိုတာ မဆန်းပါဘူး။ အမ်းမြို့မှာ အိမ်ကြီးအိမ်ကောင်းတွေ မြို့တစ် ဝက်လောက် ဖျက်ပေးလိုက်ရတယ်။ လေယာဉ် ကွင်းကြီး ဆောက်မှာမို့လေ။
ဒါပေမဲ့ ကော်ဖီကော်နာဖွင့်တဲ့ ဘဘကြီးအိမ် ဘေးက မိသားစုတွေ တစ်ချိန် တုန်းက အသားလွတ်ကြီး ဖယ်ပေးလိုက်ရပြီး ဘာနစ်နာ ကြေးမှ မရလိုက် တာကတော့ ဖြေလည်းဖြေ မပြေ ဖြစ်ရမှာပဲ။ ဒီစကားစမိလို့ ခုထက်ထိ မျက်ရည်ကျမယ့်သူတွေ ကိုယ့်မိတ်ဆွေတွေ ထဲ သိပ်ရှိတာပေါ့ ဗျာ။ မြန်မာပြည် တနံတလျား မှာ ကိုယ့်လယ်ကို တပ်မြေအဖြစ် အသိမ်းခံရ ပြီး သီးစားခပေးလို့ ပြန်ငှားစိုက်ရတဲ့ လယ် သမားတွေ ဘယ်လောက်တောင် များသလဲ လို့ပြောရင် ယုံမှာတောင် မဟုတ်ဘူး။ ရန်ကုန် မှာ ဆိုရင်ကော။ ပြည်သူပိုင် တစ်ခုမှမကျန် တော့ဘူး။ အကုန် သူဌေးတွေ လက် ရောက် ကုန်ပြီ။ တိရစ္ဆာန်ရုံတောင် မျက်ခုံးခပ်လှုပ်လှုပ်။
ဒါတွေ အကုန်လိုက်သိချင်နေရအောင် ကိုယ့် အရာလား။ ဘယ်သူ့လက် ထဲမှာ ဘာရှိတယ်။ ဘယ်လမ်းကြောင်းက ဝင်ရမယ်။ ဒါပဲ သိဖို့ အရေးကြီး တာ။ ပြေလည်ရင် လေယာဉ်ပျံမှ အလကားစီးလို့ရတာ မဟုတ်ဘူး။ လေယာဉ် ကွင်းကြီးဆောက်ပြီးရင် မင်းသမီးရှိသမျှတန်းစီ ဖက်လို့ ရတယ်။ ဒါတွေ အကုန်လုံး လူသိရှင် ကြားချပြလို့ သင့်မသင့် ဆိုတာတော့ ကိုယ့်ဘာ သာကိုယ်ပဲ စဉ်းစားပါလေ။ ဒီလိုပုံစံမျိုးနဲ့ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ လာအော်နေလည်း အော်တဲ့သူ အိမ်ခေါ်ပြီး ‘မင်းလိုချင်တာ တစ်ကျပ် မဟုတ်လား။ ရော့တစ်ကျပ်။ တိတ် တိတ်နေ။ သူများတွေ လျှောက်မပြောနဲ့’ ဆို ကျိတ်ချော့လိုက်ရင် ပွဲသိမ်းရော။
ရှေးရှေးတုန်းက ရှင်ဘုရင်တွေကတော့ သူ့တိုင်းပြည်ထွက် သမျှ ရွှေတွင်းငွေတွင်း ပ ယင်းဒုတ္ထာ၊ ဘာမဆိုသူချည်းပဲပိုင်တာ ကိုယ့် အသက်တောင် သူလိုချင်ပေးရမတဲ့။ သက်ဦး ဆံပိုင်လို့ ခေါ်တယ်လေ။ သူကမွေးတဲ့ သား တော်၊ သမီးတော်များဆိုရင် ရပ်ကျေးမြို့စား အခွန်တော် အကောက်တော်များ စားရသတဲ့။ ခေတ်ကာလ လူကြီးသားသမီးများ ဟာလည်း ပုလဲအရောင် မမှိန်တော့ ရှိတုန်းပါပဲ။ ရန်ကုန် က တစ်ဖဝါး မခွာ ဘဲနဲ့ ပဲခူးရိုးမ၊ ရှမ်းရိုးမ၊ ရခိုင် ရိုးမ ရှိသမျှသော သစ်ကွက်တွေ အပိုင်စား ရ တော် မူတတ်လေတယ်။ သူတို့လိုချင် ရှူနေ တဲ့လေကိုတောင် လက်ညှိုးထိုးရောင်းလို့ ရ မတတ်ရှိသပ။ ဖုန်းတစ်ချက်ဆက်ပြီး အဆင် ပြေအောင် လုပ်ပေးလိုက်ပါ တစ်ခွန်းကို သိန်းပေါင်း များစွာ ပေး ဝယ်ချင်ဝယ်ရသတဲ့။ ယုံ တမ်းစကားတွေပါကွယ်။ ဒါတွေနင့်ဘယ်သူပြောလို့ သိသတုံး ဆိုတော့ သူတို့ဟာသူတို့ပဲ လာလာပြောကြတာလေ။ ဘယ်သူကမှ ရိုက် မစစ်ပါဘူး။ ဒီကိစ္စက ဖုံးထားစရာမှ မလိုတာ။ ပွင့်ပွင့်လင်းလင်းပဲ။ ပွင့်လင်းမြင်သာမှုဆိုတာ သူ့ချည်းပဲဆိုရင် အင်မတန် အရုပ်ဆိုး တာ။ မြင်မကောင်း ရှုမကောင်းနဲ့။
ခင်ဗျားတို့က မုန့်ဝေတော့သာ လိုချင်တာပါ။ တုတ်ဝေတော့ ကျ ရှောင်ဖယ် ရှောင်ဖယ် နဲ့။ သဘာဝပတ်ဝန်းကျင်ဆိုတာ သယံဇာတ တွေ ထုတ်ဖော်သုံးစွဲပြီးသွားရင် ကုန်ခန်းရုံ သက်သက် ကျန်ခဲ့တာ မဟုတ်ဘူးဗျ။ ပျက်စီး ညစ်ညမ်း ကျန်ခဲ့တာတွေလည်း ရှိတယ်။ အဲ သည်ချေးကျတော့ ဘယ်သူကမှ မကျုံးချင် ဘဲ မသိချင်ယောင် ဆောင်နေကြတယ်။ ကုန် ခန်း တတ်တဲ့ သဘောကိုလည်း မသိချင်ယောင် ဆောင်ပြီး ရသရွေ့ အမြတ်သဘောထားတယ်။ ညစ်ညမ်းတတ်တဲ့ သဘောကိုလည်း ထမင်း ရည်ပူလာ လျှာလွှဲလုပ်ပြီး ကိုယ်နဲ့မဆိုင်သလို နေတယ်။
လောကကြီး သည်လို လူယုတ်မာ ကြီးတွေက ‘လာလာလေ။
လာကြ မယ်လေ။ ရေမြေတောအနှံ့က တို့ဆွေသဟာတွေ’ လို့ ခေါ်တော့ ဘယ်သူတွေက လာမှာတုံး။ သူ တို့လိုပဲ အရိုးရရ အရင်းရရ အမဲဖျက်မယ့်သူတွေသာ လာလိမ့်မယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်လည်း ဗမာတွေ လွတ်လပ်ရေး ရတုန်းကလိုပေါ့။ ကိုယ့်ဗမာချင်း ကြီးပွားတာမြင် ရယုံပဲ ရှိမယ်။ ကိုယ်တွေက ငတ်မြဲပဲနေမှာ။ ကိုယ့်ချင်းကိုယ့်ချင်း ဆက်ခေါင်း ပုံဖြတ် ကြလိမ့်ဦးမယ်။ ဒီဟာတွေ ဆက်မဖြစ်ချင် စနစ်ကိုပြင်မှကို ရမယ်။ မပြင်လို့ မဖြစ်ဘူး။
လောကဓံဆိုတာ ရှစ်ပါးရှိတယ်ဗျ။ ဒါပေမဲ့ လူတွေက လေးပါးပဲ သိတယ်။ တကယ်တော့ အောက်အစွန်းမှာ ဒဏ်ခံရသလိုပဲ အထက် စွန်းမှာလည်း မလွတ်ဘူး။ ပူလွန်းမှလောင် တယ် မထင်နဲ့ အေးလွန်းရင်လည်း ရှို့လို့ရ တယ်။ စိန်ရွှေငွေ အိမ်ခြေကားနဲ့ စေလိုရာစေဖြစ်နေတဲ့ ဘိုးတော်၊ ဘတော် များဟာ အင်မတန်ပူပန်ခြင်း ပြင်းပြတဲ့ဘ၀မှာ မရှိဆင်းရဲသားတွေနဲ့ အတူတူပါပဲ။ ဘယ်သူနဲ့မှ နောက် ကျောမလုံဘူး။ အစဉ်သဖြင့်လည်း သူများ ကို လူပေါ်လူဇော်လုပ်ဖို့ ကြိုးစားနေရတယ်။ ဘာ မဆို လိုတိုင်းရပေမယ့် ဘယ်ဟာမှ အနှစ်မပါ ဘူး။ အကာသက်သက်နဲ့ လူလုပ်ရလိမ့်မယ်။
သားသမီး မျိုးဆက်များ မတောင့်မတထား ခဲ့နိုင်ဖို့ ကိုယ့်အသက်ကိုယ့်ဘ၀နဲ့ ရင်းချင်ရင်း ရမယ်။ ဒါပေမဲ့ အသိဉာဏ်နဲ့ အလိမ္မာက ကိုယ့်မှာတောင် မရှိတဲ့အတွက် သားသမီး အမွေပေးခဲ့စရာ ရှာမရဘူး။ လူကြီးသားသမီး များ စိတ်ကောင်း သဘောကောင်း အကျင့် ကောင်းရှိဖို့ဆိုတာ သဘာဝတရားနဲ့ ဆန့်ကျင် တယ်။ (ဖျားသခင် အလိုတော်အတိုင်းပဲနေမှာ။ ဟိဟိ) ကိုယ်သေရင် သူတို့ ဒုက္ခမရောက် အောင်ဆိုပြီး ငရဲမကြောက် ဝဋ်မကြောက် အကုသိုလ်တွေ ယူထားလည်း ကိုယ်မသေခင် ကုလားထိုင်ပျောက်တာနဲ့ သူတို့လည်း ချောက် ကျပြီသာမှတ်။
ဖတ်ဖူးတဲ့ ပုံပြင်ကလေးတစ်ပုဒ်ထဲမှာ ငရဲ ပြည်နဲ့ နတ်ပြည်ဆိုတာ တည်ခင်း ထား တဲ့ ထမင်းဝိုင်းချင်းတော့ အတူတူပါပဲတဲ့။ တစ်လံလောက်ရှည်တဲ့ ဇွန်းကြီးတွေ ပေးထားတာလည်း တူသတဲ့။ ငရဲပြည်က လူတွေကတော့ အဲဒီ ဇွန်းအရှည်ကြီးနဲ့ ကိုယ့်ပါးစပ်ထဲ မရောက် ရောက်အောင် အတင်းခွံ့ရင်း ဖိတ်ကာစင်ကာ စားမာန်ခုတ်လို့ အကုန်ငတ် နေကြရှာတယ်။ နတ်ပြည် မှာတော့ အချင်းချင်း အပြန်အလှန် ခွံ့ကျွေးကြလို့ အကုန်လုံး ၀၀လင်လင် ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်ရှိကြသတဲ့။ အများအကျိုးဆောင်တဲ့အခါ ကိုယ့်အကျိုးလည်း အ လိုလို အောင်တဲ့အပြင် အပြန်အလှန်ထား ရှိတဲ့ မေတ္တာရဲ့ အကျိုးတရားလေးလည်း အဆစ်ခံ စားရနိုင်တယ်လေ။
Power ကိုပဲ ရှယ်ရှယ်၊ Resource ကိုပဲ ရှယ်ရှယ်၊ အတ္တကိုလျှော့မှ မျှတပေလိမ့်မယ်။ တူညီမျှတမှ ချစ်ကြည်စိတ် ဝမ်း ငြိမ်းငြိမ်းချမ်းချမ်းလည်း ရှိမယ်။ ဘိုးတော် ဘတော်တို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်ကြီး လည်း သာယာ ၀ပြော စည်စည်ပင်ပင် ရှိပေ လိမ့်မယ်။ ဘတို့လည်း စိတ်အေးလက်အေး စည်းစိမ်ခံစားဖို့ သာသာယာယာ အချိန်ကလေးတွေ ရလိမ့်မယ်။ ကောင်းမွန် စွာ အိပ်စက်လို့ အေးချမ်းစွာ နိုးထနိုင်တဲ့အပြင် နောင်တမ လွန်မှာ ဆပ်စရာ အကြွေးတွေလည်း မရှိတော့ ဘူးပေါ့။ အသက်တွေလည်း ကြီးပါပြီ။ စိတ် တွေလျှော့ကြရအောင် နော်။ နော်။
ငွေစန်းရောင်
The Ladies News Journal ပါ သရော်စာဆောင်းပါး

@@@@@@@@@@
No comments:
Post a Comment