လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့

ငွေဟာ လူတွေရဲ့သည်းခြေကြိုက်တစ်မျိုးဖြစ်ပါတယ်။ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်သည့်အတွက် လူတိုင်းဟာ ငွေကို မက်မောကြပါတယ်။ ငွေကြောင့် လူတွေချမ်းသာသုခရကြသလိုငွေကြောင့်လည်း
သောကပင်လယ်ဝေနေကြရတဲ့ လူတွေလည်း အများကြီးရှိပါတယ်။
ငွေကို လူတွေ ဘာကြောင့် မက်မောနေကြတာလဲလို့ ဆိုရင် အဓိကအခြေခံအကြောင်းရင်းကတော့ စားဝတ်နေရေး၊ ကျန်းမာရေးတွေကြောင့်ပဲဖြစ်ပါတယ်။ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ငွေဟာ အဓိကအခြေခံပေါင်းကူးတံတားကြီး
ဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် ငွေကိုသာရမယ်ဆိုရင်အရာရာကို စွန့်လွှတ်ရဲတဲ့ လူတွေတောင်ရှိပါတယ်။ တချို့က ငွေသာရမယ်ဆိုရင် မိမိတို့ရဲ့ အရှက်နဲ့သိက္ခာကိုစတေးပြီးရှာကြံကြပါတယ်။
တချို့ကတော့ သူတစ်ပါးတွေရဲ့ အသက်ကိုပါသတ်ပြီး တိုက်ခိုက်လုယက်ယူကြပါတယ်။ တချို့ကျပြန်တော့လည်း မျက်မှောက်ဘဝမှာ ဖြစ်ပျက်နေတဲ့ ဘဝပြဿ     နာကို ဖြေရှင်းနိုင်ဖို့အတွက် သံသရာမှာ ကျင်လည်ရမည့်အရေးကိုပါထည့်မစဉ်းစားနိုင်တော့ဘဲ ဘဝကိုရေစုန်မျှောလိုက်ကြတဲ့လူတွေလည်း ရှိခဲ့ကြပါတယ်။
မိမိတို့ ဘိုးဘွားစဉ်ဆက်တွေထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ လူမျိုး၊ဘာသာ၊ ယဉ်ကျေးမှုစတာတွေလည်းသတိမထားနိုင်ဘဲ လက်ရှိတွေ့ကြုံနေရတဲ့ ဘဝအခက်အခဲကို ပြေလည်သွားရင် ပြီးတာပဲဆိုပြီး အမျိုး ဘာသာအပေါ်သစ္စာမဲ့သွားကြတဲ့ လူတွေလည်း အများကြီးပါပဲ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေတဲ့ကိုကြည်လွင်+မခင်အုံးမြင့်တို့ မိသားစုအကြောင်းကို ပြောပြချင်ပါတယ်။ ကိုကြည်လွင်+ မခင်အုံးမြင့်တို့မှာ သားသမီးခြောက်ယောက်ရှိပါတယ်။ အကြီးနှစ်ယောက်ကတော့ အိမ်ထောင်ကျသွားကြပြီမို့ မိဘတွေနဲ့ အတူမနေကြတော့ပါဘူး။ ကျန်တဲ့ လေးယောက်ကတော့မိဘတွေနဲ့ အတူနေပြီး သုံးယောက်ကတော့ ကျောင်းတက်နေတုန်းဖြစ်ပါတယ်။
ကိုကြည်လွင်ဟာ အလွန်ရိုးသားဖြူစင်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ဆေးလိပ်အရက်စတာတွေလည်း မသောက်မစားပါဘူး။ သားသမီးတွေအပေါ်မှာ ဖခင်ကောင်း
တစ်ယောက်ပီသစွာ လုပ်ကိုင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတယ်။
အသက်ငါးဆယ်လောက် အရောက်မှာတော့ ကိုကြည်လွင်ရဲ့ ဘဝကျဆုံးချိန်လို့ပဲ ပြောရမှာပါပဲ။ တစ်နေ့မှာ ကိုကြည်လွင်ဘဝအတွက် အမှောင်လမ်းကို လျှောက်လှမ်းဖို့ လေဖြတ်ခြင်းရောဂါဆိုတဲ့ အရိပ်မဲကြီးကျရောက်ခဲ့ပါတယ်။ ခန္ဓာကိုယ် ညာဘက်တစ်ခြမ်းလုံး ဘယ်လိုမှ လှုပ်ရှားလို့မရတော့ဘဲအိပ်ယာထဲမှာ ဗုန်းဗုန်းလဲခဲ့ရပါတယ်။တစ်အိမ်လုံးမှာ ကိုကြည်လွင်ရဲ့လုပ်စာနဲ့ ဘဝရပ်တည်နေရတဲ့ မိသားစုစားဝတ်နေရေးဟာ
တော်တော်လေးကျပ်တည်းသွားခဲ့ရပါတယ်။ ကိုကြည်လွင်ရဲ့ ရောဂါကိုလည်း ရှိသမျှပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး ကုသပေးမယ့်လည်း ထူးခြားခြင်း မရှိခဲ့ပါဘူး။
ဇနီးဖြစ်သူ မခင်အုံးမြင့်အနေနဲ့လည်း အိမ်ထောင်ကျကတည်းက ဘာလုပ်ငန်းမှ လုပ်ကိုင်ခဲ့ဖူးတာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို အရေးကြုံလာ
တဲ့အခါမှာတော့ မိသားစုစားဝတ်နေရေးအတွက် ရပ်ကွက်ထဲမှာ အိမ်တကာအဝတ်လျှော်လိုက်၊ မိုးတွင်းကာလမှာချောင်းမြောင်းထဲက ကန်စွန်းရွက် ခူးရောင်းလိုက်၊ သူတစ်ပါး အိမ်ခြံဝင်းအတွင်း
ပေါင်းမြက်ရှင်းလိုက် စတဲ့ကျပန်းအလုပ်များကို လုပ်ကိုင်ရပါတော့တယ်။
မခင်အုံးမြင့်ရဲ့ ကြိုးစားမှု လုံ့လဝီရိယတွေကြောင့် မိသားစု စားဝတ်နေရေးမှာ အချောင်လည်ကြီး မဟုတ်ပေမယ့် ငါးပိရေနဲ့ ကန်စွန်းရွက်တို့စရာကတော့ နပ်မှန်ခဲ့ပါတယ်။
ဒါပေမယ့် 'ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာ'ဆိုသလို သူတို့မိသားစုရဲ့ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့နောက်ထပ် ကြုံတွေ့လာရပြန်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွေမှာ ကျရောက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ သူတို့မှီခိုအားထားနေထိုင်ရာ အိမ်ဂေဟာကိုဖျက်ဆီးဝါးမျိုပစ်လိုက်ပါတယ်။
မခင်အုံးမြင့်ဟာ လေဖြတ်ရောဂါနဲ့ အိပ်ရာထဲမှာ ဗုန်းဗုန်းလဲနေတဲ့ကိုကြည်လွင်ကို ပြုစုနေရတာကတစ်မျိုး၊ မိသားစုစားဝတ်နေရေး ကျပ်တည်းရတာကတစ်ဖုံ၊ နေအိမ်ပြိုလဲသွားရတာက တစ်နည်းဆိုတော့ သောကအပူလုံးကြိမ်မီးအုံးသလိုမျိုး ဖြစ်ခဲ့ရပါတယ်။
ရန်ကုန်မြို့ အနေအထားအရ နေဖြစ်ရုံ အိမ်တစ်လုံး ဆောက်နိုင်ဖို့ဆိုတာတောင် တော်ရုံတန်ရုံငွေကြေးနဲ့ မပြီးမြောက်နိုင်ပါဘူး။ ကိုကြည်လွင်သာကျန်းမာရေးကောင်းနေမယ်
ဆိုရင်လည်းပြိုလဲပျက်စီးသွားတဲ့ အိမ်ရဲ့အပိုင်းအစလေးတွေနဲ့
ပြန်ဆောက်လိုက်မယ်ဆိုရင်တောင် ဖြစ်သလိုနေနိုင်လောက်တဲအိမ်ကတော့ ဆောက်လို့ရနိုင်ပါတယ်။အခုတော့ သူတို့မိသားစုအနေနဲ့ သိကြားမင်းစေခိုင်းတဲ့ ဝိသကြုံနတ်သားဖန်ဆင်းပေးမယ့် အိမ်ဂေဟာကိုပဲ မျှော်လင့်နေရပါတယ်။
ကိုကြည်လွင်အနေနဲ့လည်း စိတ်သွားတိုင်းကိုယ်မပါ လိုရာမရောက် ခရီးမပေါက်ဖြစ်နေတဲ့အပြင် အသက်ရှင်လျက် ဘဝသေသလို
ဖြစ်နေပါတယ်။နာဂစ်ဆိုင်ကလုန်းမုန်းတိုင်းကြီးပြီးဆုံးသွားတဲ့အခါ ပျက်စီးဆုံးရှုံးသွားကြတဲ့ မိသားစုတွေကို လူမျိုးအသီးသီးဘာသာစုံအသီးသီး အဖွဲ့အစည်းအသီးသီးတို့မှ စွမ်းအားရှိသလောက် ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုခဲ့ကြပါတယ်။
ကိုကြည်လွင်+ မခင်အုံးမြင့်တို့နေတဲ့ ရပ်ကွက်ထဲမှာလည်း ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်တွေလည်း လာရောက်လှူဒါန်းလျက်ရှိပါတယ်။ အဲသည်ပုဂ္ဂိုလ်တွေဟာ မရှိဆင်းရဲနွမ်းပါးတဲ့ လူတွေကို လူသားချင်းစာနာထောက်ထားပြီး ရိုးရိုးသားသားနဲ့ ထောက်ပံ့လှူဒါန်းကြမယ်ဆိုရင် ဝမ်းမြောက်နုမော်သာဓုခေါ်စရာ ဖြစ်ပါတယ်။
ဒါပေမယ့် ပွဲလှန့်တုန်း ဖျာခင်းဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ ဒါဟာ တကယ့်စေတနာ အစစ်အမှန်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ အလှူဒါနပြုကြပြီဆိုရင် ကိုယ်လှူဒါန်းလိုက်တဲ့ပုဂ္ဂိုလ်ထံက ဘာမှမျှော်လင့်ချက်မထားပါဘူး။ ဗုဒ္ဓကလည်း ခံတွင်းက ထွေးထုတ်လိုက်တဲ့ တံတွေးပေါက်လို ကပ်ငြိတွယ်တာခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲရမယ်ဆိုပြီး ဟောကြားတော်မူခဲ့ပါတယ်။
အချို့ဘာသာဝင်တွေက အဲဒီလိုမဟုတ်ပါဘူး။ ကိုယ့်ဆီကပေးရင် သူ့ဆီကလည်း ပြန်လိုချင်မှုတွေရှိကြပါတယ်။ အဲဒါကတော့ အခြားတော့ မဟုတ်ပါဘူး။ သူတို့နဲ့ အမြင်တူအကျင့်တူဖြစ်တဲ့ ဘာသာတရားကို ကိုးကွယ်ယုံကြည်ဖို့ရာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ အခြားဘာသာဝင်တွေကို အစားအသောက်အကူအညီ အထောက်အပံ့တွေပေးပြီးဗုဒ္ဓဘာသာကို အတင်းအကျပ် ကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မရှိကြပါဘူး။
ကိုယ်ကျွေးမွေးထောက်ပံ့ လှူဒါန်းနိုင်လို့ ပေးကမ်းစွန့်ကြဲရင်တောင် အယုတ်၊အလတ်၊ အမြတ်မရွေး လူမျိုးမရွေး၊ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေးဘဲ လွတ်လွတ်စွန့်ကြဲပေးကမ်းလိုက်တာမျိုးပဲ ရှိပါတယ်။ ကိုယ်လှူဒါန်းလိုက်လို့ အလှူခံပုဂ္ဂိုလ်တွေ ချမ်းသာသွားတာကို မြင်လိုက်ရရင်ပဲ အလှူပေးပုဂ္ဂိုလ်တွေအနေနဲ့ ဒိဋ္ဌလက်ငင်း ကြည်နူးမှုဖြစ်
ရတဲ့ကုသိုလ်မျိုးကိုပဲ မျှော်လင့်ခဲ့ကြပါတယ်။
အခုလည်းပဲ ကိုကြည်လွင်တို့ မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ လာရောက်ပေးကြပါတယ်။ အစတုန်းကတော့ ဘာတစ်ခု
မှတောင်းဆိုမှုမရှိဘဲ ပေးကမ်းကြပါတယ်။ ကိုကြည်လွင်တို့မိသားစုကလည်း သူတို့မိသားစု ဒုက္ခသုက္ခရောက်နေတဲ့အချိန်မှာ လာရောက်ပေးကမ်းကြတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေကို
ကျေးဇူးတင်မဆုံးရှိကြပါတယ်။
နောက်တဖြည်းဖြည်း အပေးအကမ်းတွေများလာတဲ့အခါ တောင်းဆိုမှုတွေ ရှိလာကြပါတယ်။ သူတို့ရဲ့တောင်းဆိုမှုတွေကတော့ 'ခင်ဗျားတို့ကိုအခု
လိုကျွေးမွေးနေတာ ကျွန်တော်တို့က ကျွေးမွေးနေတာ မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ ဘုရားက ကျွေးမွေးနေတာပါ။ ကျွန်တော်တို့ဘုရားက သူ့ကိုအားထားယုံကြည်မယ့် လူသားတွေကိုဘယ်တော့မှ ပစ်မထားဘူး။ သူရဲ့တန်ခိုးတော်နဲ့ စောင့်ရှောက်နေတယ်။ ခင်ဗျားတို့ မိသားစုအနေနဲ့ ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မယ်ဆိုရင်ခင်ဗျားတို့ အခုလောလောဆယ် တွေ့ကြုံနေရတဲ့ ဘဝအခက်အခဲ ပြဿ     နာတွေကို ကျွန်တော်တို့ ဘုရားရဲ့ ဆန္ဒတော်အတိုင်း အဆင်ပြေချောမွေ့တဲ့အထိ ကူညီပါ့မယ်။ ပြိုလဲနေတဲ့အိမ်ကိုလည်း ပြန်ဆောက်ပေးမယ်။
ကျောင်းထုတ်ထားရတဲ့ ကလေးတွေကိုလည်းကျောင်းပြန်တက်နိုင်အောင် ဆက်ထားပေးမယ်။ ခင်ဗျားမှာ ဖြစ်နေတဲ့ ရောဂါကိုလည်း ကျွန်တော်တို့ ဘုရားရဲ့မေတ္တာနဲ့ ပေါင်းစပ်ပြီး သက်သာပျောက်ကင်းတဲ့အထိ အထူးကုဆရာဝန်တွေနဲ့ ကုသပေးပါ့မယ်။ အခုလို ပြောရတာကလည်း ခင်ဗျားတို့ရဲ့ ဒုက္ခတွေကို ကယ်တင်ချင်လို့ပါ။ ဒီလိုကယ်တင်တဲ့နေရာမှာလည်း ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မှ ဖြစ်နိုင်မှာမို့ပါ။အဲဒါ ခင်ဗျားတို့ မိသားစုအနေနဲ့ စဉ်းစားပြီးရင် ကျွန်တော်တို့ဆီကို အကြောင်းကြားပါ'
ကိုကြည်လွင်တို့မိသားစုဟာ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲ့ စကားကို ကြားလိုက်ရတော့ စိတ်ထဲမှာတုန်လှုပ်ခြောက်ခြားသွားပါတယ်။
မိမိတို့ ငယ်ငယ်လေးထဲက အရိုးစွဲအောင်ကိုးကွယ်ယုံကြည်ခဲ့တဲ့ ဘာသာတရားကို စွန့်လွှတ်ပြီး စားဝတ်နေရေး၊ ကျန်းမာရေးကြောင့် အခြားဘာသာတရားကိုကိုးကွယ်ယုံကြည်ရမယ်ဆိုတာ အိပ်မက်တောင်မှ မက်ခဲ့ဖူးတာ မဟုတ်ပါဘူး။ အခုတော့ ဘယ်လိုမှ ထင်မထားတဲ့အရာတွေက မိမိတို့စိတ်ကို မွန်းကြပ်စေခဲ့ပါတယ်။
ကိုကြည်လွင်အနေနဲ့ စဉ်းစားစရာအချက်နှစ်ချက် ပေါ်လာပါတယ်။ အဲဒါကတော့ ယခုဘဝကောင်းစားရေးနဲ့နောင်သံသရာကျင်
လည်ရေးတို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီကိစ္စဟာ မိသားစုအရေးဖြစ်တဲ့အတွက် မိမိတစ်ဦးတည်းနဲ့တင်လည်း ဆုံးဖြတ်လို့မရပါဘူး။ အိမ်ထောင်ဦးစီးဖြစ်တဲ့ မိမိက ဆုံးဖြတ်ချက်လွဲမှားသွားပြီဆိုရင် ဇနီးနဲ့ သားသမီးတွေပါ မိစ္ဆာဒိဋ္ဌိအယူဖြစ်သွားနိုင်ပါတယ်။
တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း မိမိကျန်းမာရေးကောင်းစဉ်အခါက နှစ်ထပ်အိမ်ကြီးပေါ်မှာ ဘာအပူအပင်မှမရှိဘဲ နေလာခဲ့တဲ့ သားသမီးတွေဟာ အခုတော့ တစ်ဖက်ယပ် တဲကုတ်လေးထဲမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
``ဖိုးပညော(သပိတ်ကျင်း)´´
အောင်ဇေယျတုဂျာနယ်အမှတ်(၁၁၁)
``မဘသ(ဗဟို)Online Media´´

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>