******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးသွေးက ဆုံးမသလို ခင်နှင်းကြည်သာကို ဆရာလကာင်္ရည်ကျော်က ဆုံးမပဲ့ပြင်ခဲ့တယ်။
အားလုံးဟာ ကံ စီမံရာခံကြရသလို အဲဒီကံကို ကိုယ်တိုင်ပဲ ဖန်တီးရပြန်ပါတယ်။
အကိုဆရာဖြစ်တဲ့ ဆရာတော်အရှင်ကုဏ္ဍလာလကာင်္ရက ယောနိသော မနသိကာရ ကို နှလုံးသွင်းပြီး ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ကိုသာ အကောင်ထည်ဖော်ပါ။ ဆန်စင်ရာ ကျည်ပွေ့လိုက်ရင် နှစ်ဖက်လုံးမပြီးမြောက်ဘဲ ဆုံးရှုံးရလိမ့်မယ်လို့ သွန်သင်ခဲ့ပြန်ပါတယ်။
ထိန်းကျောင်းပဲ့ပြင်မှုတွေနဲ့ ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုဖြတ်ခဲ့တာ အခုဆို မိုင်တိုင် ၃၀ ဆီ ရောက်ခဲ့ပါပြီ။
သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပြီး တရားစာတွေ ပိုမိုလေ့လာဖြစ်တော့ အစွဲလန်းဆိုတဲ့ ကြိုးတစ်ချောင်းကို တွေ့ခဲ့ပါတယ်။
မြတ်စွာဘုရားဟာ ပါရမီဆယ်ပါး အပြားသုံးဆယ် ကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိတိ ပါရမီဖြည့်ခဲ့ပါတယ်။ ထိုပါရမီတွေကို အသေးစိတ်လေ့လာတဲ့အခါ ပါရမီဖြည့်ခြင်းကိုသာ ဦးတည်ခဲ့တာဖြစ်ပြီး ကူညီရေး၊ လှူဒါန်းရေးစတဲ့ ပါရမီတွေအပေါ်မှာ မစွဲလန်းခဲ့တာ တွေ့ရပါတယ်။ တည်ငြိမ်ရင့်ကျက်ပေစွ။
အနာထပိဏ်သူဋ္ဌေးနဲ့ ဝိသာခါကျောင်းအစ်မကြီးတို့အကြောင်းတွေ ဆက်ပြီး လေ့လာမိပြန်တော့ အနာထပိဏ်သူဋ္ဌေးဟာ သူကွယ်လွန်ခါနီးမှာ အရှင်သာရိပုတ္တရာဟောကြားတဲ့ တရားတွေကို နာပြီး အိပ်ရာထက်မှာ ရှိုက်ကြီးတငင်ငိုကြွေးပါတယ်။
မြတ်စွာဘုရားနဲ့ တွေ့ကြုံပါလျက် သံဃာတော်အရိယာမြတ်တွေကို လှူဒါန်းပြီး အလုပ်ကျွေးပြုရပါလျက် ဒီလိုရုပ်နာမ်တရားတွေကို အခုမှ နာကြားရလေခြင်းရယ်လို့ ငိုကြွေးခဲ့ပါတယ်။
ဒါနအပေါ်မှာ နှစ်သက်ပျော်ပိုက်ပြီး ဒါနကိုသာလျှင် အချိန်ပြည့် လုပ်ဆောင်နေတာကြောင့် ဒါနတရားတွေနဲ့သာ တဘ၀လုံး ကျေနပ်ရောင့်ရဲနေခဲ့ပြီး ရုပ်နာမ်တရားတွေကို နာဖို့အလှမ်းဝေးခဲ့ရပါတယ်။
ကိုယ်လည်း ပေးကမ်းကူညီရတဲ့ ဒါနမှုတွေမှာ စွဲလန်းပျော်ပိုက်နေသလား၊ စွဲလန်းစိတ်နဲ့များ ပရဟိတလုပ်ငန်းတွေမှာ နစ်မျောနေမိသလား၊ ကောင်းတာလုပ်တာပဲ ဆိုပြီး ဒီအလုပ်တွေပေါ်မှာ ဘယ်လောက်များတဲ့ ကြိုးတွေနဲ့ ချည်နှောင်မိနေပြီလဲ။
သာသနာတော်နဲ့ ကြုံတွေ့ခိုက်မှာ အကောင်းဆုံးသော ကံတွေကို တည်ဆောက်ဖော်ဆောင်ခွင့် ရချိန်လေးမှာ
မိသားစုဘ၀ကိုပဲ စွဲလန်းသလား၊ လူအဖြစ်ကိုပဲ စွဲလန်းနေသလား၊ အမျိုးသမီးဘဝကိုပဲ စွဲလန်းသလား၊ ပရဟိတအလုပ်တွေကိုပဲ စွဲလန်းသလား။
မှန်ထဲမှာ ကိုယ့်ရုပ်ကို ကြည့်ပြီး အလှပြင်ကြသလို ကိုယ့်ကိုယ်ကို ဆန်းစစ်လို့ ပြင်ကြမှ ဖြစ်မယ်။
အစွဲလန်းဟာ ပိုမှောင်တဲ့ ချောင်တွေဆီ လမ်းပြသလို အလင်းဆုံးနေရာတွေဆီကလည်း ဝေးကွာစေတယ်။
မြတ်စွာဘုရားက ကိုယ့်ကျင့်ကြံအားထုတ်နေတဲ့ တရားကိုတောင် မစွဲလန်းဖို့ ဒါဟာ နိဗ္ဗာန်ကို သွားဖို့ အထောက်ကူသာဖြစ်ပြီး ငြိတွယ်နေဖို့မဟုတ်ဘူး လို့တောင် မိန့်ကြားသွန်သင်ခဲ့တာကြောင့် အလုပ်တိုင်းကို စွဲလန်းစိတ်ကင်းကင်းနဲ့ လုပ်နိုင်ဖို့ ကြိုးစားရပါမယ်။
လောကီအာရုံကာမဂုဏ်တွေထဲမှာတော့ လူတွေကို စွဲလန်းစိတ်၊ ပစ္စည်း၊ ဂုဏ်နဲ့ ကျော်စောမှုကို စွဲလန်းစိတ်၊ ချစ်ခြင်း မုန်းခြင်းကို စွဲလန်းစိတ်၊ ပျော်စရာတွေကို စွဲလန်းစိတ်၊ ၀ါသနာပါရာကိုစွဲလန်းစိတ်၊ ကောင်းမှုတွေကို စွဲလန်းစိတ်။
စွဲလန်းစိတ်တွေ များပြားလှပြီး စွဲလန်းစရာတွေကြီးပဲမို့ အိနြေ္ဒခြောက်ပါးကို လုံအောင် စောင့်စည်းပြီး မြင်သမျှ၊ ကြားသမျှ၊ စားသမျှ၊ ထိသမျှ ကြံစည်သမျှ တိုင်းမှာ အစွဲလန်းမတိုးဖို့ ကြိုးစားရပါဦးမယ်။
တရားစာတွေ လေ့လာ၊ တရားအသိတွေဆင်ခြင်၊ ဥာဏ်အသိတွေ လင်းလက်လာရင်တော့ လက်တစ်ဖျစ် စိတ်ပေါင်းကုဋေတစ်သိန်းအတွင်းက စွဲလန်းမှုတွေကို မြင်လာနိုင်ပါတယ်။
ဆရာကောင်းတွေကို ချည်းကပ်ဖို့၊ စာပေကောင်းတွေကို လေ့လာဖို့၊ တရားအသိတွေ ကိန်းအောင်းဖို့ ကိုယ်တိုင်လည်း စွဲလန်းမှုတွေကို ဖယ်ခွာချင်ဖို့ လိုအပ်ပါတယ်။
ဆန့်ထားတဲ့ လက် မကွေးလိုက်ခင်၊ ကွေးထားတဲ့ လက် မဆန့်လိုက်ခင် အဲဒီစက္ကန့်ပိုင်းအတွင်းမှာပဲ ကမ္ဘာပေါ်မှာ လူပေါင်းများစွာ သေဆုံးနေကြပါတယ်။
ကိုယ်လည်း စက္ကန့်ပိုင်းလေးအတွင်းမှာ သေဆုံးရမယ့်သူပါ။ ဒါကြောင့် နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ အစွဲလန်းတွေ ဖယ်ခွာနိုင်သမျှ ဖယ်ခွာထားဖို့ ကြိုးစားမှ ဖြစ်ပါတော့မယ်။

လေးစားလျှက်
ဒေါ်ကရုဏာ
07-09-2016
No comments:
Post a Comment