လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အဖေဆိုသည်မှာ


ဟိုး.......
ကျွန်တော်ငယ်ငယ် ကလေးဘဝ စကားပြောတတ်စ အရွယ်တုန်းကပေါ့
အဖေနဲ့ အမေကမေးတယ် ဖေဖေနဲ့မေမေ ဘယ်သူ့  ကိုပိုချစ်သလဲတဲ့
ကျွန်တော် ဖြေတယ် ''မေမေ့ကို ပိုချစ်တယ်''
အမေက ပြုံးပြီးအဖေ့ ကို ကြည့်တယ် အဖေကတော့ ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .
အဲ့ဒီ လူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်း သေးသေးလေးနဲ့ စဉ်းစားလို့ မရခဲ့ဘူး. . . .

ဒီလိုနဲ့ . .
ကျွန်တော်အဝေးရောက်ခဲ့တယ် အပြုံးတုတွေကြား
ကျွန်တော်ယဉ်ပါးလာတော့. . . အဖေ့အပြုံးကို ပြန်မြင်လာတယ်. .
အဖေရယ်. . . အမေ့ကို ပိုချစ်တယ်ပြောတော့ အဖေတကယ်ပျော်လို့ ပြုံးခဲ့တာလား. . .
ကျွန်တော့်ရင်ထဲစို့နင့်နေတယ်
ဟုတ်တယ်. . . အဖေဆိုတာ. . .ခံစားချက်ကို မျိုသိပ်
ကျွန်တော်တို့ အိပ်မက်တွေ အရောင်လက်ဖို့ တိတ်တိတ်ကလေး ပေးဆပ်ခဲ့တဲ့သူ. . .

ကျွန်တော်ငယ်ငယ်က မိသားစုထမင်းဝိုင်းလေး ခုပြန်တွေးတိုင်း မျက်ရည်ဝဲတယ်
တစ်ခါတစ်ရံမှ ချက်ဖြစ်တဲ့ ကြက်သားဟင်းနဲ့ နေ့ကလေးပေါ့
အမေက အသည်း၊ အမြစ်ကလေးကို အဖေ့ပန်းကန်ထဲဦးချတယ်
အဖေရယ်လေ. . . အသည်း၊  အမြစ်လေးကို လေးပိုင်းပိုင်း
ကျွန်တော်တို့ မောင်နှစ်မ လေးယောက်ကို မျှပေးပြီး ကြက်ခြေထောက်နဲ့ လည်ပင်းရိုးကို
သူ့ ပန်းကန်ထဲထည့်စားတယ်
ကျွန်တော် အဖေ့ကိုမေးတယ် အဖေကဘာလို့ အရိုးတွေစားတာလဲလို့
အဖေကပြုံးပြုံးကြီး ဖြေတယ် အဖေက အရိုးတွေကြိုက်လို့ပေါ့ သားရယ်တဲ့
အဲ့ဒီ လူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်းသေးသေးလေးနဲ့ တွေးမရခဲ့ဘူး. . .

အခု မုသားတွေကြား ကျွန်တော် အသားကျလာတော့
အဖေ့စကားသံတွေ ပြန်ကြားတယ် အဖေရယ်. . .
အဖေကြိုက်တဲ့ အရိုးတွေက တကယ်များ ချိုမြိန်ခဲ့တာလား
ကျွန်တော့်ရင်ထဲ စို့နင့်လာတယ် ဟုတ်တယ်. . . အဖေဆိုတာ. . .
ဆူးခင်းလမ်းပေါ် ရဲရဲလျှောက် ကျွန်တော်တို့ ဘဝတွေ အရောင်တောက်ဖို့
မိုးကောင်ကင်ကို ဖောက်ခဲ့တဲ့သူ. . .

ငယ်ငယ်က အမေ့လက်ဖုဝါးလေးကို ဆော့ကစားတော့
အဖေက လက်ဖုဝါးလေး ထိုးပေးခဲ့ဖူးတယ် ကျွန်တော်ပြောခဲ့ဖူးတယ်
မကိုင်ချင်ဘူး အဖေ့လက်တွေကကြမ်းတယ်လို့ အဖေက ကျွန်တော့ ပါးလေးကို မွှေးမွှေးပေးပြီး
ပေါက်တူးတစ်လက်နဲ့ လယ်တောထွက်သွားတယ် အဲ့ဒီ လူထူးဆန်းကြီးအကြောင်း
ကျွန်တော့် ခေါင်းသေးသေးလေးနဲ့ တွေးလို့မရခဲ့ဘူး. . .

ဒီနေ့ လောကလမ်းထဲ စမ်းတဝါးဝါးနဲ့ ငွေတွင်းကနက်တယ်
အဖေ့လက်ဖုဝါးတွေ ဘာကြောင့်ကြမ်းလဲ ကျွန်တော်သိပြီ
ကျွန်တော့်ရင်ထဲ စို့နင့်လာတယ် ဟုတ်တယ် အဖေဆိုတာ
ကြယ်တစ်စင်းလို မမှိတ်မသုန်အလင်းနဲ့ ကျွန်တော်တို့နင်းဖို့ ဘဝကို မြေလိုခင်းပေးခဲ့တဲ့သူ. . .

မနေ့ ကတော့ အမေ့အိမ်လေး ကျွန်တော် အပြေးရောက်ခဲ့မိတယ်
ငါ့သားအနေ အစားဆင်းရဲ လာတယ် အသားဟင်းလေးချက်ပါတဲ့. . .
အဖေ့စကားသံတွေကမပီပြင်ဘူး အဖေ့သွားတွေ အရင်လို အစီအရီမရှိကြတော့ဘူးလေ
တိုက်တိုက်ဆိုင်ဆိုင် အမေကြက်သားဟင်းချက်တယ်
ထမင်းဝိုင်းလေးက အရင်လို လူမစုံတော့ဘူး အမေကတော့ ဝတ္တရားမပျက်
အဖေ့အတွက် ဦးချမြဲ အသည်း၊ အမြစ်ကလေးပါပဲ. . .
အဖေရယ်လေ တုန်တုန်ရင်ရင် သူ့လက်ကလေးနဲ့
ကျွန်တော့်ပန်းကန်ထဲ ထည့်ဖို့ ပြင်နေလေရဲ့
ကျွန်တော်အဖေ့လက် ရှုံ့ရှုံ့လေးကို ဖွဖွကိုင်ပြီး အဖေစားပါ အဖေရယ်လို့  ပြောမိတယ်
ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ်
ကျွန်တော်အဖေ့ကို လက်အုပ်ကလေးချီလိုက်ပြီး အမေ့ဘက်လှည့်လို့ ပြောလိုက်တယ်
''အမေ အဲဒီကြက်ခြေထောက်နဲ့လည်ချောင်းရိုး ကျွန်တော့ပန်းကန်ထဲထည့်ပေးပါ ''
အဖေက ကျွန်တော့်ကိုပြုံးပြုံးကြီးကြည့်နေလေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်စတွေနဲ့. . .
ကျွန်တော်အဖေ့လည်ပင်းလေးကို မွှေးမွှေးပေးရင်း တစ်ချက်ရှိုက်လိုက်မိတယ်
ဟုတ်တယ်. . . အဲ့ဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော် ဒီနေ့ကောင်းကောင်းသိခဲ့ပါပြီ. . . .။ ။
ရှိခိုးဦးချကန်တော့ပါရစေ အဖေ

မူရင်းရေးသားသူအား လေးစားစွာ credit
မောင်လူလှ
from - FB

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>