ဒီကနေ့ခေတ်
ခြေလှမ်းတွေမမှားမိစေဖို့
ညီမလေး ဒီလမ်းကိုသိထားသင့်တယ်။
ညီမလေး ညီမလေးရေ
ဂီတသံကြားတိုင်းလည်း
စိတ်မပြန့်လွင့်နဲ့
အလှပတွေ့တိုင်းလည်း
မမက်မောနဲ့
ဝတ္ထုတွေဖတ်တိုင်းလည်း
စိတ်ကူးမယဉ်လိုက်နဲ့
ဘဝကိုလက်တွေ့ကျကျ မဖော်နိုင်ပဲ
ပျော်ရွှင်မှုဆိုတာ
နှစ်ယောက်တအိမ်မက်ကမ္ဘာမရှိဘူး ညီမလေးသိထားဖို့က
ဘဝဆိုတာ မေ့ဖို့မဟုတ်သလို
ရတာလေးနဲ့ ဝအောင်စား
ရှိတာလေးနဲ့လှအောင်ဆင်တတ်ဖို့
ဒါ ညီမလေးကိုယ်ထည်ဝတ်ဆင်ထားရမယ့်စက
ညီမလေး ညီမလေးရေ
မပွင့်လင်းတဲ့ရာသီခွင်ကြား
တပွင့်တည်းသော ပန်းအဖြစ်
မဝင့်ကြွားချင်ပါနဲ့
မလတ်ဆတ်လို့ မလန်းဆန်းခဲ့တာ
ဘဝဟာသိမ်ငယ်စရာမဟုတ်ဘူး
ဒီအသက် ဒီအရွယ်
ဒီအရွယ်နဲ့ ဒီခေတ်
ခြေရာခြင်းထပ်တာမဆန်းပေမယ့်
စိတ်ဓာတ်တွေကကျောက်ခေတ်လူသားဆန်
ညီမလေး ခရီးလမ်းက
ကန္တာရဆန်ဆန်ပေါ့
စိတ်လှုပ်တိုင်းကိုယ်ပါမသွားဖို့
ကိုယ်လှုပ်တိုင်းစိတ်ပါမသွားဖို့
ဆိုတာလည်း ညီမလေးရဲ့
ခြေအနှုတ်အသိမ်းပေါ်မှာမူတည်တယ်။
ညီမလေး ညီမလေးရေ
ပညာနဲ့ကြင်ရာကို ကာလဒေသ
ရိုးသားစွာမခွဲခြားတတ်ရင်
ဘဝပင်လယ်ပြင်မှာ
ညီမလေးသင်္ဘောမှောက်သွားလိမ့်မယ်
အသိတရားနဲ့လွှတ်တင်လိုက်တဲ့
ဒီစကားအသံ
ညီလေးရဲ့နှလုံးသန္တာန်မှာ
သတိတရားသံလေးတွေ
ရိုက်ခတ်မိပါစေ။ နွေဇင်လတ်
No comments:
Post a Comment