၁၈ ရာစုနှစ် ပညာအလင်းရောင်ခေတ် (Age of
Enlightenment) ကို အဆုံးသတ်၍ ခေတ်သစ် အတွေး အခေါ်များအတွက် အခြေခံ အုတ်မြစ်
ချပေးခဲ့သူကို ညွှန်ပြပါ ဆိုလျှင် ဆွစ်ဇာလန်ပြည်ဖွား ပြင်သစ် အတွေးအခေါ်
ပညာရှင် ဂျင်းဂျက်ရူးဆိုး (Jean Jacques Rousseau 1712-78) ကို
ဖော်ပြရပါမည်။
နိုင်ငံရေးပညာနှင့် အ တွေးအခေါ်ပညာတို့ကို
လေ့လာ ဆည်းပူးခဲ့သော၊ လေ့လာလျက်ရှိသော မည်သူမဆို ရူးဆိုး၏ (Social Contract
– 1762) ပါ အယူအဆများကို တို့ထိဖူးကြပါလိမ့်မည်။ ရူးဆိုး၏ ခေတ်ကာလတွင်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် အတန်းအစား ခွဲခြားမှု၊
မညီမျှမှုများ ရှိခဲ့ပါသည်။ ယင်းကာလအတွင်း လူသားတစ်ဦး၏ လွတ်လပ်စွာ
ဖွံ့ဖြိုးတိုးတက်မှုကို အတန်အသင့် အားပေးအားမြှောက် ပြုနေသော်လည်း အမှန်တကယ်
လွတ်လပ်ခွင့် ရရှိကြသူများမှာ အုပ်ချုပ်သူများနှင့် အထက်တန်းလွှာများသာ
ဖြစ်သည်။
ပညာရေးနယ်ပယ်တွင်လည်း
လူသားအားလုံးအတွက် ဟန်ချက်ညီသော ဖွံ့ဖြိုးမှုကို မရရှိပေ။ ထို့ကြောင့်
ရူးဆိုးက ̒ လူသားသည် လွတ်လပ်စွာ မွေးဖွားလာသော်လည်း နေရာအနှံ့၌
အချုပ်အနှောင် ခံနေရလေသည်။ ̓ (Man is born free; and everywhere he is in
chains ) ဟု လူ့အဖွဲ့အစည်း၏ တင်းကျပ် ဆိုးယုတ်မှုများကို ထောက်ပြ
ဝေဖန်ခဲ့လေသည်။
Jean Jacques Rousseau 1712-78
လူသားသည် မွေးဖွားလာ ကတည်းကပင်
နိုင်ငံရေး၊
လူမှုရေးနှင့် သက်ဆိုင်သော ရသင့်ရထိုက်သည့် အခွင့်အရေးများ ရှိသည်ဟုလည်း
ရူးဆိုးက မမှိတ်မသုန် ယုံကြည်လေသည်။ ပြင်သစ် အာဏာရှင် နပိုလီယံကပင်လျှင်
ရူးဆိုး၏ အတွေးအခေါ်သစ်များသာ ပေါ်ပေါက်မလာပါက ပြင်သစ်တော်လှန်ရေး
ဖြစ်ပေါ်လာစရာ အကြောင်းမရှိဟု ဆိုလေသည်။ နှောင်းခေတ် ပညာရှင်တို့ကလည်း
ရူးဆိုး၏ ယင်း (Social Contract ) ကို ပြင်သစ် တော်လှန်ရေး သမ္မာကျမ်းစာ
ဟူ၍လည်းကောင်း၊ အမေရိကန် လွတ်လပ်ရေး ကြေညာ စာတမ်း၏ အခြေခံဟူ၍ လည်းကောင်း
သတ်မှတ်ထားကြပါမည်။ (Social Contract ) နည်းတူ အခြားထင်ရှားသော
ကျမ်းတစ်စောင်မှာ (Emile) ခေါ် ပညာရေးဆိုင်ရာ အတ္ထုပ္ပတ္တိပင် ဖြစ်လေသည်။
ပညာရေးနှင့် ပတ်သက်သော အတွေးအခေါ် အယူအဆနှင့် သဘာဝဆန်သော အကျင့်အကြံ
အားလုံးကို ယင်း (Emile) ကျမ်း၌ ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရလေသည်။
ဤကာလအတွင်း အလယ်ခေတ် သာသနာရေးဆိုင်ရာ
လွှမ်းမိုးချက်များကြောင့် လူသည် ဆိုးသွမ်းသော သဘာဝနှင့် မွေးဖွားလာသည်ဟု
ယူဆကြသည်။ ထို့ကြောင့် ကလေးသူငယ်များကို ပညာပေးရာ၌ ဆိုးသွမ်းသော သဘာဝ၊
ဗီဇများကို ပြုပြင် ပြောင်းလဲ၍ ကောင်းသော အရည်အချင်းများကို ညွန်ကြား
သင်ကြားပေးရမည်ဟု ယုံကြည်ကြသည်။ တစ်ဆက်တည်းမှာပင် ကလေးငယ်များအား
ကောင်းမြတ်သော နိုင်ငံသားများ ဖြစ်စေရန်နှင့် လူတို့၏ ကျင့်ဝတ်စည်းမျဉ်း
စည်းကမ်းနှင့် ဆက်ဆံရေး နယ်ပယ်တွင် အဆင်ပြေစေရန် လေ့ကျင့် ပညာ ပေးကြသည်။
ယင်းအခြေအနေတွင်း ကလေးကို လူကြီး အငယ်စားဟု သဘောထားကာ လူကြီးတစ်ယောက်
ကဲ့သို့ ပြုမူကျင့်ကြံ စေလိုသဖြင့် ကလေးသူငယ်များမှာ စိတ်၏
ပင်ပန်းနွမ်းနယ်မှု ဖြစ်ကြလေသည်။
ရူးဆိုးကမူ လူသည် ဆိုးသွမ်းသော သဘာဝနှင့်
မွေးဖွားလာသည် ဆိုသည်ကို လက်မခံခဲ့ပေ။ လူသား၏ ပင်ကို သဘာဝသည်
ဖြူစင်သန့်ရှင်းသည်၊ လွတ်လပ်သည်။ သို့ရာတွင် ကလေးငယ်ဘဝကစ၍ သဘာဝဓမ္မနှင့်
ကင်းကွာပြီး မလွတ်လပ်တော့ဘဲ ဆိုးသွမ်းသော လူနေမှု ဝန်းကျင်ကသာလျှင် ကလေး၏
သဘာဝကို ဖျက်ဆီး နေသည်ဟု ဆိုပါသည်။ ထို့ကြောင့် ကလေး၏ ပင်ကိုသဘာဝကို
ဂရုမပြုဘဲ လူ့လောကထဲမှ လူ (Social man) တစ်ယောက်ဖြစ်ရန် လေ့ကျင့်သင်ကြား
ပေးခြင်းမျိုးကိုသာ မပြုလုပ်သင့်ဟု ယူဆခဲ့သည်။ လူသား၏ ပင်ကိုဗီဇ၊
စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုများကို သဘာဝအလျောက် ဖွံ့ဖြိုးတိုးတက်စေသော
ပညာရေးမျိုးကိုသာ အလိုရှိ အပ်ပေသည်။
(Emile) ကျမ်း၌ ̒ အပင်ငယ်များကို ပြုစု
ပျိုးထောင်ခြင်းဖြင့် ဖွံ့ဖြိုး ရှင်သန်စေသကဲ့သို့ လူသားအားလည်း
ပညာရေးဖြင့် ဖွံ့ဖြိုးစေရမည် ̓ (Plants are improved by cultivation and
men by education) ဟု ဆိုထား ပါသည်။ လူသားသည် မွေးဖွားလာကတည်းက ကိုယ်ကာယ
သန်စွမ်းလာသည် မဟုတ်၊ ထိုနည်းတူစွာ ဘဝ၏ မပြည့်စုံမှု၊ ဉာဏ်ရည်ဉာဏ်သွေး
ကင်းမဲ့မှုတို့ဖြင့် မွေးဖွားလာရသည် ဖြစ်သည်။ ထို့ကြောင့်
ယင်းလိုအပ်ချက်များ ပြည့်စုံစေရန် တစ်နည်းအားဖြင့် ကိုယ်ကာယသန်စွမ်းမှု၊ ဘဝ
ရပ်တည်နိုင်မှု၊ စီရင် ဆုံးဖြတ်နိုင်သည့် ဉာဏ်ရည် ဉာဏ်သွေးကို
တိုးတက်ကောင်းမွန် လာစေရန် ပညာရေးအားဖြင့် မြှင့်တင်ပေးရပါမည်။
ရူးဆိုး၏ အလိုအရ ပညာရေးကို သဘာဝ၊
လူနှင့်အရာဝတ္ထုဟူသော လမ်းသုံးသွယ်မှ ရရှိပါသည်။ (Edcation come to us from
nature, from men, or from things) လူသား၏ စိတ်စွမ်းအင်များ (faculties)
နှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ (organs) စသည့် လူ့သဘာဝပညာရေး (The
Education of nature ) က ပေးအပ်ထားပါသည်။ ယင်းသဘာဝ ပညာရေးသည် လူတို့
လေ့ကျင့် သင်ကြားပေးအပ်သော ပညာရေးထက်လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ
အရာဝတ္ထုများမှ တွေ့ထိရရှိသော တွေ့အကြုံများထက် သော်လည်းကောင်း သာလွန်သည်ဟု
ဆိုပါသည်။ ထို့ ကြောင့်လည်း ရူးဆိုး၏ ပညာရေးကို သဘာဝ အဓိက ပညာရေးဟု ပညာရှင်
တို့က သတ်မှတ်ကြပါသည်။
သဘာဝပညာရေးနှင့် ပတ်သက်၍ ရူးဆိုး၏
ထင်ရှားသော အဆိုတစ်ခုမှာ “သဘာဝတရား၏ ဖန်ဆင်း လိုက်သော အရာအားလုံးသည်
ကောင်းမွန်ပြီး လူသားလက်တွင် ဆုတ်ယုတ် ပျက်ပြားလာတော့သည်” (Everything is
good as it comes from the hand of the author of nature; but everything
degenerates in the hands of man) ထို့ကြောင့် ကလေးသူငယ်များ၏
ပညာသင်ကြားမှုနှင့် ပတ်သက်၍ သဘာဝအလျောက် ပြုစု ပျိုးထောင်ရေးနှင့် သဘာဝ
တရားထံမှ သင်ယူရေးကို ပိုမို အလေးထားသည်ကို တွေ့ရပါမည်။ သဘာဝအလျောက် ပြုစု
ပျိုးထောင်ရေးဆိုသည်မှာ လူသား၏ စိတ်ပါဝင်စားမှု (human inclinations)
အလျောက် လေ့လာသင်ယူစေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ အာရုံခံစားမှု
အရည်အသွေးနှင့် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည့် ပြဌာန်းမှု
တစ်စုံတစ်ရာမျှ မထားရှိဘဲ သဘာဝအလျောက် တိုးပွားလာစေရန်ပင် ဖြစ်သည်။
ယင်းအတွက် ကလေးသူငယ်များအား
သင်ခန်းစာများကို အလွတ်ကျက်မှတ်ခိုင်းခြင်း၊ သမိုင်းခုနှစ်၊ သက္ကရာဇ်များ၊
မြို့ရွာများ၊ ဘုရင် မိဖုရားတို့၏ နာမည်များကို ခေါင်းထဲ စွဲစေရန်
မှတ်သားခိုင်းခြင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို
တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် ချုပ်ချယ်ထားခြင်း စသည့် ကလေး၏
မူလသဘာဝကို ကျော်လွန်ပြီး လူထဲက လူတစ်ယောက် ဖြစ်လာစေရန် လေ့ကျင့်မှုများကို
မလိုလားအပ်သည့် အရာများအဖြစ် ရူးဆိုးက ယူဆခဲ့လေသည်။ ထို့ကြောင့်လည်း
လူတို့၏ အပြုသဘော ပညာရေး လမ်းစဉ်ကို ကျောခိုင်းပြီး (Negative Education )
နက်ကတစ် ပညာရေး အယူအဆကို တင်ပြခဲ့လေသည်။
ရူးဆိုး၏ အလိုအရ နက်ဂတစ် ပညာရေးဟူသည်
ပညာပေးမှု မရှိခြင်းကို ဆိုလိုသည် မဟုတ်ပေ။ နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံပညာ
စသည့် အရာအားလုံးသည် လူသား၏ ပင်ကို သဘာဝကို ချိုးဖဲ့နေသည်။ အစစ်အမှန်
တရားသည်လည်း လူ့လောက၊ လူ့ပတ်ဝန်းကျင်တွင် မရှိ၊ သဘာဝတရား ထဲတွင်သာ
ရရှိနိုင်ပါသည်။ ထို့ကြောင့် လူတို့ သင်ကြားပေးသော အပြုပညာရေး (Positive
Education) သည် အတုအယောင်ဖြစ်ပြီး သဘာဝတရားထံသို့ သွားရောက်
လေ့လာခြင်းအားဖြင့်သာ စစ်မှန်သော အသိပညာကို ရရှိနိုင်မည် ဖြစ်သည်။
ဤနေရာတွင် ရူးဆိုး၏ သဘာဝဆိုင်ရာ အယူအဆကို
လေ့လာကြည့်မည် ဆိုပါလျှင် ယေဘူယျ နှစ်ပိုင်းတွေ့ရပါမည်။ တစ်ပိုင်းမှာ
လူသား၏ ပင်ကိုသဘာဝ အလေ့အထ (habit) ကို ဆိုလိုပြီး ပညာသင်ကြားပေးရ၍
ပင်ကိုသဘာဝကို မကျော်လွန်ဘဲ တစ်နည်းအားဖြင့် ယင်းပင်ကို သဘာဝအတိုင်း
ပြုစုပျိုးထောင်ပေးရေး ဖြစ်သည်။ ယင်းအပိုင်းတွင် စာသင်သား၏ စိတ်ပါဝင်စားမှု
အခြေအနေအရသာ ပညာပေးခြင်းကို ပြုလုပ်ရမည် ဖြစ်လေသည်။ ကိုယ်ကျင့်တရားဆိုင်ရာ
ကောင်းမှု၊ ဆိုးမှုများကိုပင် သဘာဝအလျောက် ပြုမူသော အပြုအမူများမှသာ
မိမိကိုယ်တိုင် စစ်ကြောစေရပါမည်။ ဆိုလိုသည်မှာ ကောင်းမှုကိုလည်းကောင်း၊
မကောင်းမှုကိုလည်းကောင်း မိမိကိုယ်တိုင် ပြုလုပ်ခံစားပြီးမှ ̒ အမှားအမှန်ကို
သိရှိ ပြင်ဆင်နိုင်မှု ဖြစ်ပေသည်၊ ဤအရာသည် ကောင်းမှု ဖြစ်သည်၊ ဤအရာသည်
မကောင်းမှု ဖြစ်သည် ̓ စသည့် တန်ဖိုး သတ်မှတ်ချက်များသည် လူ့သဘာဝအား
ကန့်သတ်ချုပ်ချယ်မှု သက် သက်ဖြစ်သည်ဟု ရူးဆိုးက ဆိုပါသည်။
သဘာဝ၏ ဒုတိယ အယူအဆမှာ တောတောင်ရေမြေ သဘာဝ
ဖြစ်သည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း လူလောကအတွင်းရှိ နိုင်ငံရေး ၊
လူမှုရေး၊ ဘာသာရေး စသည်တို့နှင့်ဆိုင်သော လူမှုစည်းမျဉ်း (Social Order)
များသည် လူ့ဘဝအခြေအနေ အားလုံးအတွက် ကန့်သတ် ချုပ်ချယ်မှုထားပြီး ဖြစ်လေသည်။
နိုင်ငံတော်နှင့် ဆိုင်သော ရည်မှန်းချက်များသည် လည်းကောင်း၊
ဘာသာတရားနှင့်ဆိုင်သော ကောင်းမှု၊ ဆိုးမှု ကျင့်ဝတ် စံနှုန်းများသည်
လည်းကောင်း စီရင် ပြဌာန်းပြီးသား ဖြစ်နေလေသည်။ ယင်းစီရင်
ပြဌာန်းချက်များမှာလည်း လူတို့အလိုကျ ရေးဆွဲထားသည့် အတွက် အစစ်အမှန်တရား
မဖြစ်၊ အတုအယောင်များသာ ဖြစ်လေသည်။
သဘာဝတရားကမူ လူတိုင်းအား ညီမျှစွာ
ဖန်ဆင်းပေးထားပြီး လူ့ဘဝ၏ တူညီသော သက်မွေး ဝမ်းကျောင်းခွင့်ကိုလည်း
ပေးအပ်ထားပါသည်။ ဆိုလိုသည်မှာ သဘာဝတရား၏ ဥပဒေအတွင်း၌ လူသားသည် လွတ်လပ်စွာ
မွေးဖွားလာရသည်။ အတန်းအစား ခွဲခြားမှုမရှိ၊ ကန့်သတ်ချုပ်ချယ်သော
စည်းမျဉ်းစည်းကမ်း မရှိ၊ လွတ်လပ်စွာ ပြုမူလှုပ်ရှား နိုင်သည်။
ယင်းကြောင့်ပင်လျှင် ရူးဆိုးက လူသည် လွတ်လပ်စွာ မွေးဖွားလာသည်ဟု
ဆိုခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် အမျိုးမျိုးသော လူမှု
စည်းမျဉ်းများကြောင့် လူသား၏ မွေးရာပါ လွတ်လပ်ခွင့်အပြင် အာရုံခံစားမှု၊
အသိဉာဏ်၊ အပြုအမူစသည့် အရာအားလုံးမှာ လျော့ပါးတင်းကျပ် လာခဲ့ရပါသည်။
ထို့ကြောင့် သဘာဝတရားထံမှ သင်ယူခြင်းသည်သာ အကောင်းဆုံး ပညာရေး ဖြစ်သည်ဟု
ရူးဆိုးက သတ်မှတ်ခဲ့ခြင်း ဖြစ်လေသည်။
ဝေဖန် အကဲဖြတ်သူ (Paul Monroe) ၏
အလိုအရလည်း ရူးဆိုး၏ ပညာရေးအမြင်သည် လူ့အဖွဲ့အစည်း၏ ပုံသဏ္ဌာန်တစ်ရပ်ရပ်
အပေါ်တွင်လည်းကောင်း၊ အနှစ်သာရမဲ့သော ရှေးရိုးစဉ်လာ စာသင်ကျောင်းများတွင်
လည်းကောင်း အခြေမပြုဘဲ စစ်မှန်သော လူ့သဘာဝ၏ အသိပညာ ရရာရကြောင်းတွင်သာ
အလေးထားပါသည်။ ရူးဆိုး၏ အလိုအရ (Emile) ပညာရေး၏ ပန်းတိုင်မှာ သူတစ်ပါးအား
ချစ်ခင်ကြင်နာရေး၊ စိတ်ဖွံ့ဖြိုးရေးနှင့် စာရိတ္တ ခိုင်ခံ့ရေး စသည့်
အရည်အသွေးတို့ ကြွယ်ဝစေရန် ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း သူသည် သဘာဝလူသား
(natural man) နှင့် လူ့လောကလူသား (Social man or citizen) မှ တစ်ခုခုကို
ရွေးချယ်ရမည်ဟု ဆိုပါသည်။ ရူးဆိုး ဆိုလိုသော သဘာဝလူသားမှာ လူရိုင်းတစ်ယောက်
မဟုတ်ပေ။ သူ့ ပင်ကိုသဘာဝ၏ ထိန်းကျောင်း ညွှန်ကြားမှုများကို ခံစားရသော လူသား
တစ်ယောက်သာ ဖြစ်သည်။ ယင်းသဘာဝ လူသားသည် မည်သည့် လူသား ပတ်ဝန်းကျင်၏
လွှမ်းမိုးချုပ်ကိုင်မှုများမှာ ကင်းလွတ်လေသည်။ လူ့လောက လူသားမှာမူ
ယင်းလူ့အဖွဲ့အစည်းအတွင်း တည်ရှိပြီး ဖြစ်သော ဓလေ့ထုံးတမ်းများအတိုင်း
လိုက်နာ နေထိုင်ရသော သူသာ ဖြစ်လေသည်။ ဆိုလိုသည်မှာ သဘာဝလူသားသည်
သူ့ကိုယ်၌ပင်လျှင် ပြီးပြည့်စုံသော လူသားတစ် ယောက်အဖြစ် သတ်မှတ်နိုင်ပါသည်။
ဥပမာအားဖြင့် သဘာဝလူသားသည် (numerical unit) ဖြစ်ပြီး၊ လူ့လောက လူသားသည်
(fractional unit) ဖြစ်လေသည်။ ထို့ကြောင့် လူ့လောက လူသား၏ တန်ဖိုးသည်
သူအခြေပြုရာ လူ့အဖွဲ့အစည်းကိုသာ အချိုးကျ မှီခို အားထားနေရပါသည်။
လူသားသည် တစ်စုံတစ်ရာကို ရွေးချယ်ဆောင်ရွက်
လုပ်ကိုင်မည်ဆိုပါက မိမိ၏ လူသားဖြစ်ခြင်း အပေါ်တွင် သေချာရန်
အရေးကြီးပါသည်။ ယင်းအတွက် ကလေးသူငယ်များကို ပညာပေးရာ၌ လူကြီးများ
ဖြစ်စေချင်သည့် စံညွှန်းများအတိုင်း ပုံသွင်း လောင်းပေးခြင်းကို
ရှောင်ရှားရပါမည်။ ကလေးငယ်ဘဝတွင် သူတို့၏ သဘာဝစွမ်းအား ရှိသလောက်သာ
သင်ကြားစေပြီး လူရွယ်ဘဝ (Robinson Crusoe) ကဲ့သို့ မိမိကိုယ်မိမိ မှီခို
အားထားနိုင်သော (self – dependence) အခြေအနေ ရောက်မှသာ အပြုပညာရေးမျိုးကို
ပေးအပ်ရပါမည်။ ဤအခြေအနေတွင် စာသင် သားတို့သည် အာရုံများ (Sensation) မှ
စိတ်ကူးစိတ်သန်းများ (ideas) သို့ လည်းကောင်း၊ ခံစားမှု (feel) သက်သက်မှ
စဉ်းစား တွေးခေါ်ခြင်း (reasons) သို့ လည်းကောင်း ကူးပြောင်းလာပြီ
ဖြစ်သည့်အလျှောက် လောက၏ မှားမှန် တန်ဖိုးများကို ရွေးချယ် အကဲဖြတ်
နိုင်ပေသည်။ ထို့ကြောင့် ရူးဆိုးက ̒ ကလေးအား ကြင်နာ ထောက်ထားပါ။ သင်ပြပါ။
ပစ္စုပ္ပန်ကို မစော်ကားဘဲ အနာဂတ်အတွက် လမ်းဖွင့်ပေးပါ ̓ ဟူ၍ ဆိုထားခြင်းပင်
ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် ရူးဆိုး၏ သဘာဝ
ပညာရေးသည် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းများနှင့် အတော်အတန်
မဟပ်စပ်သော်လည်း ပညာရေးလွတ်လပ်ခွင့်၊ ကျောင်းသား အခြေပြုစနစ် စသည်တို့အတွက်
လမ်းဖွင့်ပေးခဲ့သည်ကို တွေ့ရပါမည်။ လူသဘာဝအား မပျက်စီးစေဘဲ
လူသားတန်ဖိုးထား ပညာရေး အယူအဆ တစ်ရပ် အနေဖြင့်လည်း တန်းဖိုးကြီး လှပါသည်။
သူ့ခေတ်၏ အချုပ်အနှောင်ကြားမှာ ပညာရေး (Education in chains) ကို
ဆန့်ကျင်ပြီး ပုဂ္ဂလလူသား၏ တန်ဖိုးမဖြတ်နိုင်သော လွတ်လပ်မှု အယူအဆကို
မီးမောင်းထိုး ပြခဲ့ပါသည်။ နှောင်းခေတ် ပညာရေး အတွေးအခေါ်
ပညာရှင်များဖြစ်သော ဘေ့(စ်) ဒိုး (Basedow)၊ ပတ်စတာ လိုဇီ (Pestalozzi)၊
ဖရိုဘဲ(လ်) (Froebel ) တို့၏ ပညာရေး အတွေးအခေါ်နှင့် လက်တွေ့
ကျင့်သုံးမှုများသည်ပင် ရူးဆိုး၏ (Emile) ပါ ပညာရေး အယူအဆများအပေါ်
အခြေခံထားသည်ကို တွေ့ရမည် ဖြစ်လေသည်။
သူရိန်ထက်လင်း
(ပညာရေးအတွေး၊ ဒဿနအမြင် စာအုပ်မှ..)
Ref:
- Willam Boyd; (tr, and ed;) The Emile of jean jacques Rousseau, Teacher College Press, New York ; 1962.
- William Boyd ; The History of Western Education, J.W. Arrowsmith Ltd, Bristol ; G.B, 1957.
- S.J Curtic and M.E. A Bouttwood; A Short History of Education ldead, University Tutorial Press Ltd, London ;1957.
- Alan Cohen and Norman Garner; Reading in the History of Educational Thoughts, University of London Press Ltd, 1967.
- Poul Monroe; The History of Education
No comments:
Post a Comment