Written by မောင်လင်းခိုင်
အဘယ်ကြောင့် ဆိုသော် စာပေသမားတို့၏
ဘိုးအေကြီး ဖြစ်နေသော ကြောင့်ပင် ဖြစ်လေသည်။ အကျော်တကာ့ ထိပ်ခေါင်တင်
ဆရာကြီး တစ်ဦး အကြောင်းကို လူပါမွှားတစ်ဦးက စာရေးမည်ဟု စိတ်ကူး မိသည်မှာ
အလွန်တရာမှ မသင့်လျော် သောကြောင့် ဖြစ်လေသည်။ ဆရာကြီး သခင်
ကိုယ်တော်မှိုင်း၏ စကားနှင့် ဆိုရပါမူ “မင်းတို့ ဥာဏ်တစ်ထွာ တစ်မိုက်နှင့်
ငြင်းဖို့ကြံလျှင် မိုက်ရာ ကျပေလိမ့်” ဟု ဆိုရပါလိမ့်မည်။ ကျွန်တော်လည်း
ဥာဏ်တစ်ထွာ တစ်မိုက်နှင့် စာရေးဖို့ ပြင်ဆင်ရာ မိုက်ရာ ကျသည်မှာ
အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ဆရာကြီး၏ စာတွေကို ဟိုတစ်စ သည်တစ်စ
ဖတ်မိပြီး ဆရာကြီး အပေါ် ကြည်ညို လှစွာဖြင့် ဆရာကြီး၏ အကြောင်း၊ ဆရာကြီး၏
စာများအပေါ် စာပေ သုတေသီတို့၊ စာဖတ်စ စာပေ မိတ်ဆွေတို့ သိစေချင်၍
ဆေးတစ်စက်မျှ တို့ကြည့်ခြင်းသာ ဖြစ်ပါသည်။
ဆရာကြီး ဦးပုညသည် ဘုရင်တို့ အုပ်စိုးသော
ခေတ်မှသည် ယနေ့ခေတ်တိုင် နာမည်ကျော် ပုဂ်္ဂိုလ်ကြီး အဖြစ် တည်ရှိနေဆဲ
ဖြစ်သည်။ ဆရာကြီး ဦးပုညသည် စာပေနယ်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည်။ စာမျိုးစုံ ရေးနိုင်သော ဆရာကြီး တစ်ဦးလည်း ဖြစ်ပါသည်။ သူ၏ များလှစွာသော စာတို့ကို စုံစေ့အောင်ကား မဖတ်နိုင်ပေ။ စာစုံ ဖတ်နိုင်သူတို့ ကိုကား မပြောလိုပါ။ ကျွန်တော့်မှာ စာစုံအောင် မဖတ်နိုင်သူမို့ များလှစွာသော စာတွေထဲမှ တစ်ပုဒ်စ၊ နှစ်ပုဒ်စလောက်သာ ဖတ်မိပြီး ထိုဖတ်မိသမျှတို့ကို နှစ်ခြိုက် သဘောကျသဖြင့် ဆရာကြီး၏ အကြောင်း ရေးတတ်သမျှကလေး စာရေးရလျှင် ကောင်းမည်လားဟု စဉ်းစားမိပြီး ဤမတောက်တခေါက် စာကလေးကို ရေးဖို့ ကြိုးစားခဲ့ခြင်းသာ ဖြစ်ပါသည်။
သူ၏ များလှစွာသော စာတွေထဲမှ ကျွန်တော့် အကြိုက်ဆုံးမှာ ဆဒ္ဒန်ဆင်မင်း ၀တ္ထု ဖြစ်ပါသည်။ စူဠသုဘဒ္ဒါ လိုချင် တောင့်တပုံ၊ မုဆိုးကြီး သောနုတ်္ထိုရကို ခိုင်းပုံ၊ မြား မှန်၍ ဆင်မင်း ပြောဆိုပုံ၊ သောနုတ်္ထိုရ၏ ပြန်လည် ပြောပုံတို့မှာ ကျွန်တော့်အား ဘ၀င်ခိုက်အောင် စွဲငြိစေခဲ့ပါသည်။ မိဖုရား ပူဆာ၍ ဆင်မင်းကို သတ်ရန် မုဆိုးတို့ကို ခေါ်ပြီး လူကဲခတ်ရာ၌ မုဆိုးကို ပုံခိုင်းပုံ၊ နှိုင်းယှဉ်ပုံများမှာ အလွန်တရာ စွဲငြိစေခဲ့ပါသည်။
ဤယောက်ျားသည် အများနှင့် မတူ အမူကြမ်းခက် ကွဲအက်ညစ်တေ လိပ်ကျောက်ရေနှင့် ဆင်ခြေဖ၀ါး ထန်းပလပ် ပြားကဲ့သို့ ကြီးမားသော ဖ၀ါးရှိ သည်။ မြင်းခေါင်း ကောက်ကွေး မွေးမှင်သဲသဲ ဆန်ထုပ် ဆွဲသကဲ့သို့ တွဲလျားကျသော သလုံးသားလည်း ရှိသည်။ ရိုးဆက်လိမ်ကွေ့ မစေ့မစပ် ကျင်ဖုတပ် သကဲ့သို့ မသပ်မပါယ် ရွံစဖွယ်စသီး အလွန်ကြီးသော ဒူးဆစ်လည်း ရှိသည်။ ဇရပ်ဟောင်း ကျောင်းဆိုး အမိုးပျက် ပြိုရနယ်အိုကဲ့သို့ ဖရိုဖရဲကြီးကြဲ ယို့ယိုင်း နံကိုင်းလည်း ရှိသည်။
ထန်းစစ်ကြောဝက်မှင် မဲခင်ကြွက်သိုက် တံမြက်ချေးမှိုက်ကဲ့သို့ ဖုတ်သိုက် ထူပျစ် ကောက်ကျစ် လိမ်ရှုပ်သော မုတ်ဆိတ် ပါးမုန်းလည်း ရှိသည်။ ဖတ်လိုက်လျှင် မုဆိုး၏ ပုံသဏ္ဌာန်ကို မျက်စိထဲ ထင်းခနဲ မြင်လာအောင် ရေးဖွဲ့နိုင်သော စာကဝေ ဆရာကြီး တစ်ဦး ဖြစ်ပါသည်။ သောနုတ်္ထိုရအား ဆင်မင်းကို သတ်ခိုင်း လိုက်ပုံမှာလည်း ထင်းခနဲ လင်းခနဲ ရှိလှသည်။
“ဆိပ်တောက်ပြည့်ဝ၊ မြားစိန်ခွနှင့် မိဘဒ္ဒ လင်ဆဒ္ဒန်ဆင်ကို အရှင်လတ်လတ် ခွင်းပစ်သတ်၍ စွယ်တော်မြတ် နှစ်ဆူကို ဖြတ်ယူ ငါ့အား ဆက်ပါလော့။ စွယ်တော်ရှင်ကို လိုချင်သည့် ကိစ္စမှာ ပပလွှားလွှား မိဖုရား ဓမ္မတာ မာယာ ထွေပြားအားတိုင်းစုန့်နဲ့ လင်ကိုနွဲ့၍ အကြောင်း မဲ့လိုချင်သည် မဟုတ်”
အာဂ ပုဂိ္ဂုလ်ကြီး ဖြစ်ပါသည်။ မိဖုရား၏ ရင်ထဲဝင်၍ ပူးကပ်ကာ ရေးဖွဲ့ ထားသကဲ့သို့ ရှိလှသည်။ ဆင်မင်း ရေသုံးသပ်ပြီး သူပုန်းအောင်းရာ တွင်းဝ၌ နားနေချိန်မှာ မုဆိုး၏ ကြုံးဝါးပုံမှာ အလွန်ရသ မြောက်လှပေသည်။
“မုဆိုး အနရိယာ တောတံငါလည်း အခါအခွင့် ဤယခု သင့်လှပြီ။ ခံတွင်းအပါး မုတ်ဆိတ်ကြားမှာ ပျားလာ၍ စွဲချေမှကိုး။ မခဲမငြို မြည်းရုံသာ လိုတော့သည်”တဲ့။
ဥပမာ ပေးပုံမှာလည်း သူများနှင့် မတူ တွေးတတ် ရေးတတ်လှပေသည်။ မုဆိုးကို သတ်မည်ဟု နှာမောင်းနှင့် ဆွဲတင်ကာ သတ်မည်ပြုရာ သင်္ကန်းကို မြင်သဖြင့် စိတ်ကို လျှော့လိုက်ပြီး ဥပမာ ပေးပုံမှာလည်း အလွန် ထိမိလှသည်။
“ဘုရားလိုဏ်ခေါင်း အောင်း၍ မာန်သွေးဟောင်သည့် ခွေးကို အရေးပြုငှာ ခွင့်မသာသကဲ့သို့” တဲ့။
မုဆိုးကြီးအား မသတ်တော့ဘဲ အဘယ်ကြောင့် ငါ့ကို သတ်ရသနည်းဟု မေးသည်၌ မုဆိုးကြီး ပြန်ဖြေပုံ အခန်းကား ကျွန်တော် အစွဲနှစ်သက်ဆုံး ဖြစ်ပါသည်။
“ကိုယ်ကျိုးဆန္ဒ ကိုယ့်ကိစ္စကြောင့် သတ်ရသည် မဟုတ်ပါ။ ကာသိမင်း၏ သက်နှင်းတောင်ညာ သုဘဒ္ဒါဟု အဆာကျယ်လှ ရှင်ဘုရင်မကြီးက မြမရှား၊ စိန်မရှား အလွန်ပင် များသည်ကို နားလေးလေဟန် ဆင်စွယ်မှ ပန်လိုသည်။ သာမန်ဂုဏ်ငယ် ဆင်နက်စွယ်များကိုလည်း နားဝယ်လက်မခံ ညှီစော်နံသည် ဟု ရွံသတဲ့ဘုရား။ ထိပ်ထားဘုန်းမော် ဆင်မင်းကျော်၏ စွယ်တော်နှစ်ချောင်း ခြောက်ရောင်မောင်း ကိုသာ နားတောင်း ပွတ်၍ ဆင်ဝတ်တော် မူလိုသည်။ ဆဒ္ဒန် ဘုန်းကြွယ် ကိုယ်တော်မြတ် အစွယ်ကို နားဝယ်လှလှ မဆင်ရလျှင် စိတ်ချ ပေရော့ သူသေပါတော့မည်ဟု ရွှေနန်းကြော့ရှင် သူ့ချစ်လင်၏ ရင်ခွင်ကြားမှာ ခေါင်းထား၍ အသော့ ငိုပါရော့သည် ဘုရား။ ပင်ပန်းလှိုက်ဖို သူ့မယား ငို တည့်လျှင် ဟိုလူကြီးက ပျာယီးပျာယာ ပဇာ အရေး မတွေးမမြော် ကျွန်တော့်ကို ခေါ်ပြီးလျှင် ဟဲ့နော် လုဒ္ဒက ဆင်စွယ်ကို မရလျှင် ဇီဝနတိ္ထ နင်သေမည် သိစံ့ ဟု မင်းသမီး မာန်စွဲနှင့် အံခဲ၍ မိန့်ရာတွင် ခုသေမလောက် ကျွန်တော်မျိုး ကြောက်လှ၍ ဓားအောက်ကသာ အနိုင်ခွာ-ခွာပြီးမှ တောမှာပင် သေသေ ဖြစ်လိုရာ ဖြစ်စေဟု။ မသွေမဖောက် ဆက်သပါမည် လျှောက်သည်တွင် နှစ်ယောက်စလုံး တပြုံးပြုံးနှင့် အသုံးကံကျွေး ငါးရွာစား ပေးပြီးလျှင် ကျေးရှင်မ သူကိုယ် တိုင် လမ်းပြ၍ ဘုန်းဘုရား စွယ်တော်မြတ်ကို အဖြတ် ကျော်တော် ရောက်ပါသည် အစွယ်ကို လိုသူက မိဖုရား၊ အသွား စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရာ့း ကျွန်တော် ကြံဖော်ကြံဖက် သုံးယောက်သား အနက်တွင်မှ ကံကွက် ကျား၍ ငမိုက်သား မုဆိုးလေ နင့်ချည်းပင် သေပေတော့”
ကျွန်တော်သည် ဆရာကြီး၏ အတွေးအရေးကို အလွန် နှစ်သက်မိသည်။ ကျွန်တော် နှစ်သက်မိသလို စာဖတ်သူတွေလည်း အမြည်းသဘော ဖတ်စေချင်၍ ဖော်ပြခြင်း ဖြစ်ပါသည်။ စာမြည်းဖတ်ပြီး နှစ်သက်ပါက ဆရာကြီး၏ စာများကို ရှာဖွေ၍ ဖတ်စေချင်ပါသည်။ ဆရာကြီးသည် စာစုံ ရေးနိုင်သည်။ ပြဇာတ်၊ စာပြောင်၊ စာလှောင်၊ တေးထပ်ကဗျာ၊ မေတ္တာစာ များလှစွာသော သူ့စာတွေကို စုံစေ့အောင် ဖတ်ချင်ပါ၏။ လက်လှမ်း၍ မမီပါ။
ဆရာကြီးသည် အလွန် အရေးကောင်းသည်။ ဆရာကြီးကဲ့သို့ပင် စာရေး ကောင်းသူတို့ ရှိခဲ့ဖူးပါသည်။ အချုပ်တန်း ဆရာဖေပင် ဖြစ်ပါသည်။ တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် ရေးခဲ့ ကြပြီး စာပေ စစ်ပွဲကြီး ဆင်နွှဲခဲ့ကြပေသည်။ စာပေ စစ်ပွဲသည် ယခုမှပင် မဟုတ် ဟိုစဉ်ကတည်းက ရှိခဲ့ကြသည်။ ကျော်ကြားသူချင်း အတူတူ ဆရာကြီးမှာ ဘုရင်က မြှောက်၍ ပိုကျော်ကြားသယောင် ရှိသည်။ ဆရာဖေ စာတစ်ပုဒ်သည် ရေပန်းစားပြီး လူကြိုက် များလှသဖြင့် လူတိုင်း ပါးစပ်ဖျား၌ သီဆိုကြသော အခါ ဘုရင် ကိုယ်တိုင်က “သည်စာ မောင်ပုည ရေးသည်ထင်ပါ့” ဟု ဆိုခဲ့သည်။
ဆရာဖေ သိသောအခါ “စာကောင်းရင် မအေပေးတွေက စလေရေး ထင်ကြတယ်” ဟု ညည်းဆိုခဲ့သည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ရေးခဲ့သည့် စာများကား များစွာ ရှိသည်။ စာရှည်မည် စိုး၍ မဖော်ပြလိုတော့ပြီ။ ကျွန်တော်တို့ စာသင်ပျိုနုတို့က ဆင်မင်းဝတ္ထု နုနုရွရွ လှလှပပကလေး တွေကို ကြိုက်နှစ်သက်ကြသော်လည်း ပညာရှင်ကြီးတွေကမူ ၀ိဇယ ပြဇာတ်ကိုသာ ကြိုက်ကြသည်ဟု သိရသည်။ ကျွန်တော်သည် စာပေ အကဲမဖြတ် တတ်သဖြင့် ဘယ်သင်းဘယ်ဟာ ကောင်းသည် မဆုံးဖြတ်တတ်ပေ။ ကျွန်တော်သည် ဆင်မင်း ၀တ္ထုထဲမှ မုဆိုးက အစွယ်ကို ဖြတ်ပြီး ဆင်မင်းက မုဆိုးကို မှာသည့်အခန်း တသသ ဖြစ်မိသည်။ ခဏခဏလည်း ပြန်ဖတ်မိသည်။ မုဆိုးကို မှာသည့် အခန်းမှာ ဤသို့ဖြစ်သည်။
“မောင်မင်းသခင် ပလ္လင်ညာရံ စံပေသည့်နတ် မယ်သုဘဒ်ကို ဆတ်ဆတ်သဘော ငါမှာတိုင်း ပြောပါလေ။ တောဟေမာချောင် အိုင်သာခေါင်တွင် ငွေတောင်ကြီး အသွင် ခင်မလင်ကို အရှင်လတ်လတ် သင်စေ၍ သတ်ခဲ့ပြီ။ စွယ်တော်မြတ် နှစ်ချောင်း ခြောက်ရောင်မောင်းကိုလည်း ၎င်းဆင်ကြီး မသေခင် ဖြတ်လှီး၍ သွေးစီးသံထွက် နာကျင်စွာ နှိပ်စက်၍ အသက် ဆုံးစေခဲ့ပါပြီ။ ဤ စွယ်စုံကို ရွှေဘုံသူ့ မှန်ကူ သုံးရက်တော် မူသေးလျှင် ရန်သူ၏ အစွယ်ကို ရွှေ လက်ဝယ် သပါမည်။ အားရစိတ်ရွှင် ကျေနပ်အောင် စီရင်၍ ပြုချင်တိုင်း ပြုတော်မူပါတော့ ဘုရားဟု မောင်မင်းသခင် မုန်းပင်စိုက်ပျိုး ပြေချိန်တန်၍မှ မပြေနိုင် ငြိုးတတ်သည့် မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကို ငါမှာတိုင်း ပြောပါလေ။
ထိုမှတစ်ပါးလည်း မိဖုရား သုဘဒ္ဒါသည် အိုင်သာဆဒ္ဒန် ဤရေကန်တွင် ညာရံ မဟာသုဘဒ္ဒါနှင့် ၀ဲယာရံရွေ စံသည်ကာလ ဒေါသအပြစ် မဖြစ်မမြောက်၊ မမုန်းလောက်သည်ကို အပြစ်ကြီး ယူပြီးလျှင် ငြူစူမျက်ဝင် ငါချစ်လင်ကို သင်မိဖုရား သတ်ဖြတ်နိုင်အားပေ၏။ စိမ်းကားမျက်ငြိုး သစ်ယောင်းခက် ချိုးသကဲ့သို့ ချစ်ကြိုးဖြတ်ပြေ သင်သတ် ရက်လေသော့ကြောင့် သင့်သက်ဝေငယ်လင် ငါဆဒ္ဒန်ဆင်သည် မြေတွင်တုံးလုံး မြားချက်နှင့် ဆုံးပါပြီ။ ရွေသုံးရံခြယ် ကြာရိပ်လယ်မှာ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပပနှင့် ခင်မ ၀မ်း မြောက်ပါလေတော့”
ဤရေးသားချက်သည် ကျွန်တော့်အား စွဲငြိစေခဲ့သည်။ ကျွန်တော်တို့ အိမ် ထောင်ရေး ချစ်ရေး မညီဖြစ်စဉ်က ဤစာများကို ကူးရေး၍ အသုံး ပြုခဲ့ပေသည်။ ဆရာကြီး စာများသည် ခုခေတ် ခုချိန်တိုင်အောင် ထင်ရှား ကျော်ကြားဆဲ ဖြစ်သည်။ ဥပမာ ပေးလည်း အလွန် ကောင်းလှသည်။ “ဘုရား လိုဏ်ခေါင်း အောင်းသည့် မာန်သွေးဟောင်သည့် ခွေးတဲ့”။ ဤဥပမာမျိုး ဤအတွေးမျိုး မည်သူမျှ နှိုင်းယှဉ် တွေးမိမည် မဟုတ်ပါ။
ဆရာကြီး၏ စိတ်ကူးမျိုး၊ အတွေးမျိုးကား တွေးမိ စိတ်ကူးမိဖို့ ဆိုသည်မှာ မလွယ်လှပါ။ ဆရာကြီးကဲ့သို့ စွယ်စုံ ပညာရှင်ကြီးများသာ တွေးမိ၊ ရေးမိပေ လိမ့်မည်။ တစ်ဦး၏ စိတ်ကူး၊ တစ်ဦး၏ အတွေးမျိုးကား နောက်တစ်ဦးက စိတ်ကူးဖို့၊ တွေးမိဖို့ ဆိုသည်မှာ မလွယ်လှပါ။ ဆရာကြီး၏ သိကြားလိမ် ဆိုသော တေးထပ် ကလေးကား ယခုခေတ်လူတွေ အတွက် ရည်ရွယ်၍ ရေးထားခဲ့လေ သလားဟု ထင်ရပေသည်။
“ဘုရားက သိကြားကို မှာတယ်
ဋ္ဌကထာရှိသား၊
သာသနာ ငါထားခဲ့
မမှားအောင် စေ့ဆော်။
မကောင်းသူ ကောင်းသူတို့ကို လ
ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။
ဝိမလနန်းသစ်ပေါ်မှာ
သန်းရှစ်ဖော်ရွေများနှင့်
ဘုရားကို နှစ်ရစ်လိမ်ညစ်တဲ့
မာဃိန်။
ပစ်ရှာမည့် ၀ရဇိန်ငယ်
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး” တဲ့။
ယခုခေတ် လှည့်ဖြား လိမ်လည်သူ တွေအတွက် ဆရာကြီးသည် မြော်မြင်တွေးမိ၍ ကြိုတင် ရေးခဲ့လေသလား မသိပေ။ နွားတစ်ကောင်လုံး အသုံးချနည်း တွင်လည်း နွားအမြီးကို ဖုတ်၍ ကြောင်ပန်းနှင့် ဟင်းခါးချက် သောက်ပါက နို့ပျက်မိန်းမ နို့ထွက်မည့် ပုံကို ဤသို့ ရေးဖွဲ့ ထားခဲ့ပါသည်။
မီးတွင်းမိန်းမ နို့မရ၍ သားက တစာစာ မာတာကြုံလှီ နို့ရည်မလိုက်၊ ရှိသည်ခိုက်တွင် ပြောလိုက်မည် အပြီး နွားအမြီးကို မီးဖုတ်ချက်ချင်း တောက်တောက်စဉ်း၍ ဟင်းခါးလည်းချက်၊ ကြောင်ပန်းရွက်နှင့် နို့ပျက်မိန်းမ သောက်လိုက်ရလျှင် နို့လုံးရွှင်သည်၊ သူ့လင်စို့လို့ မကုန်တည်း။ ဆရာကြီး၏ စာများကား တသွင်သွင် ထွက်နေသည့် စမ်းမှ ရေများသဖွယ် မည်မျှခပ်ခပ် ခပ်မကုန် ဘိသကဲ့သို့ သောက်မကုန်၊ သုံးမကုန် ရှိလှသည်။ ကြုံးဝါး သံများတွင်လည်း သူမတူအောင် ရေးဖွဲ့နိုင်အားသည်။ ကာက ၀လိယမှ ဘီလူးကြိမ်း၊ ၀ိဇယမှ ဘီလူး ကြိမ်းများကား တစ်ခါ ဖတ်လိုက်လျှင် တစ်သက်စာ မှတ်ရအောင် ရေးတတ်၊ တွေးတတ်လှပေသည်။
ကာက၀လိယမှာကား စင်တင် ထားသည့် တရားခံထံ ထမင်းပို့ သွားရာတွင် ထန်းပင်စောင့် ဘီလူး ဒီဃာလနှင့် တွေ့၍ ဘီလူးကြိမ်း ပုံမှာ ဖတ်လိုက်သည်နှင့် ဘီလူးကြီးကို မျက်ဝါးထင် ထင်မြင်၍ ရှေ့မှောက်တွင် ကြိမ်းဝါးနေ ဘိသကဲ့သို့ ထင်မြင်လာမိပေသည်။
“ဟဲ့ လူသား၊ အခါသမယ ခေတ်ကာလကို မဆမတွက် ညဖြစ်လျက်နှင့် အသက်ကို လှူချင်၍ ရန်သူရှိရာ လာသလား။ ယနေ့နံနက် အရုဏ်တက်တွင် ညာဘက်နှုတ်သီး လှုပ်၍ ပြီးသနှင့် လာဘ်ကြီးရမည် ငါထင်သည်။ ငါ၏ ဗေဒင် ကျိန်းသို့ဝင် နင်ပင် မှန်တော့သည် တကား။ ၀မ်းသမုဒ္ဒရာ အူအင်္ဂါက ကြာ သည်ဟုမျှော်လှပြီ ပါးစပ်တော် သုသာန် သို့ ခုအမြန်ကြွပေတော့”
ဤသို့ ခိုင်းနှိုင်းရေးသားချက်ကား ကျွန်တော်တို့ စာပေသမားတွေ အတွက် ဆရာကြီး၏ ရေးသားချက်ကို ပြောမဆုံး နှစ်သက်မဆုံး ဖြစ်ခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း နောက်ပြောင် ကျီစယ်ခဲ့ကြသည်။
ဝိဇယပြဇာတ်မှ ဘီလူးမ ပတ်တိုက်ကိုလည်း မြည်းစမ်း ကြည့်ကြပါဦး။ ၀ိဇယ မင်းသားတို့ လင်္ကာဒီပ ကျွန်းသို့ ရောက်ပြီး ဘီလူးမ ကုဝဏ္ဏ ကြိမ်းပုံမှာ ဆရာကြီး၏ လက်စွမ်းကို တွေ့ရပေသည်။ လင်္ကာဒီပ ကျွန်းဌာနမှာ လွမ်းစရာ့ ကညာယဉ်မျိုးစု ပါတဲ့ ကုဝဏ္ဏာ။ ထောင့်ငါးရာ ကိလေသာ ရွှေတိုက်ကို သော့ရိုက်လို့ ထားဖွင့်မည့်သူ ပေါ်လာခဲလို့ အူထဲကယား ဘွားခနဲ ယနေ့ ကာလ သားများနှင့် ကားခနဲ တွေ့ရင်လကြည့် ရော့ဟေ့ မယ်ဒက္ခကိလေသာ တမန်နှင့် လက်ရစ် သံစမ်းလိုက်လို့ သွေးဖြန်းဖြန်း ထစေ့မယ်။ စိတ်ချ၍ထား ထောင့်ငါးရာ ခြံရံတဲ့ ပုထုဇဉ် လူသား ရဟန္တာ၊ ဈာန်ပျံမို့ ခံနိုင်မလား။ …..
ဟေ့ မိဒက္ခ၊ စိုင်းခုန်မတတ် တိုင်းတုန်အောင် ရှပ်နိုင်တဲ့ မယ်ဖြတ်စ၊ အထက်ကနဲ သည်မြိုင်ထဲမှာ လှေကွဲ လှေပျက် သင်္ဘောမွန်း၍ သည်ကျွန်းသို့ တက်ကြသည့် အသက်ကံဆုံး သေစာရင်းချ။ ငြင်းမရတဲ့ လူစတုံးများကို ပတ်ကုန်းကျွန်းမြေ နှံ့အောင်မွှေ ရှာဖွေ လိုက်လံ နာနာရုပ်ကောင် ဖန်ဆင်းဆောင်လို့ တွေ့အောင်ကြံ ငါ့ထံသယ်ပိုး ခဲ့ရမည်။ ငါ နန်းသူလည်း ဘိက္ခူနီမ မယ်သီလကဲ့သို့ ပီသဟန်ပန် နာနာရုပ် နှင် ပြုလုပ်ဖန် ရေကန်နားက နေနှင့် မည်။ ငါ့ထံမကြာ လူရောက်လာက ဆင်းဝါရူပ လှမလှမြော်ဆ အခွင့်ကြင် ဖော်ဖို့ရန် တန်မတန် ဟန်ပန်ချင့်လို့ အသင့် ငါစီမံမယ် “မလှလျှင်သွား၊ လှလျှင်ခါး” သွားအရသာ ခါးတဏှာ သြဇာသီးနှင့် လဲရိုးလား။
ဤကဲ့သို့ ဘီလူးကြိမ်းမျိုးကား သိမ့်သိမ့်တုန် ဘ၀င်ခိုက်အောင် ကြက်သီးဖြန်းဖြန်း ထစေခဲ့သည်။ ဆရာကြီးသည် ဝေဿန္တရာဇာတ် တော်ကြီးကိုလည်း ရေးခဲ့ပေသည်။ သို့သော် ကျွန်တော်တို့ မဖတ်ခဲ့ရပေ။ မင်းဘူးဦးသြဘာသ၏ ဝေဿန္တရာ ဇာတ်တော်ကြီးကိုသာ ဖတ်ရှုခဲ့ရသည်။ ဝေဿန္တရာ ဇာတ်တော်ကြီး ကိုသာအများ သူငါ ဖတ်ရှုကြရမည် ဆိုလျှင် တစ်မျိုး တစ်ဘာသာ ထူးခြား လာမည်ဟု ယုံ ကြည်မိပါသည်။ ဖတ်ရှုရသူ သုတေသီများက ကောက်နုတ်၍ ဖော်ပြသည့် ဝေဿန္တရာ ဇာတ်တော်မှ စေတမုဆိုး၏ ခွေးတပ်ဆင်ခန်း ဆိုလျှင် အလွန်တရာ ပြောင်မြောက်သော အရေးအသားများဖြင့် ဖွဲ့ဆို ထားပါသည်။ ထိုသုတေသီ၏ ကောက်နုတ်ချက်ကို ဖော်ပြပါသည်။
“လင်သေလင်ကွာ နေရာမကျ မုဆိုးမ ခွေးမအို၊ မုဆိုးဖို ခွေးသက်ကျား စွယ်သွားမချွန် အရွယ်လွန်နှင့် ကိုယ်ဝန်ဆောင် တချို့ နို့စို့နှင့် တကွ ခွေးမကြီးငယ် မီးယပ်သည်များကို တစ်နယ်တစ်ရွာ တပ်ချီရာသို့ မပါမလိုက်ကြစေနှင့်။ အနေကျကျ အိမ်ဝအိမ်နောက် ခြံပေါက် ခြံတွင်း ထမင်းအိုးစင် ဟင်းအိုးစင်နှင့် ယုန်ကင်ကြက်ပေါင် ချိုးကောင်ထားရာ ဘဏ္ဍာတော်များကို မတိမ်းပါးရအောင် ချပ်ပြားလုံးရေ အသေအချာ လက်မှတ် စာနှင့် ခွေးနီလာ ခွေးကြောင်တို့က လုံအောင်ထိန်းချုပ် တစ်အုပ်တစ်စည်း သိမ်းဆည်းစိတ်တူ ဖြူဖြူဖြောင့်ဖြောင့် ရန်မနှောင့်ရအောင် အိမ်စောင့် ခန့်ထားခဲ့ ရမည်”
ဆရာကြီး ဦးပုညသည် အချုပ်တန်း ဆရာဖေနှင့် ကဗျာတိုက်ပွဲ တိုက်ခဲ့ ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ငယ်ကျိုးငယ်နာ ဖော်၍ တိုက်ခဲ့ကြသည်။ ဆရာဖေက ဦးပုညလက်ခွင် လက်သိမ်သည်ကို ကဗျာရေး ဖွဲ့၍ တိုက်ခဲ့သည်။ ဆရာကြီး ဦးပုညသည် ညာဘက်လက် လက်ခွင်လက်သိမ်၍ ဘယ် ဘက်လက်နှင့် စာရေးရသည်။ ဤသည်ကို ဆရာဖေက စာဖွဲ့၍ တိုက်ခဲ့သည်။
“ကဗျာစီ မောင်ပုည ထောင်ဂုဏ် ပြထုတ်လျှင် တောင်ခြုံက ပုတ်သင်လို ကုတ်ခွင်သိမ်လက်သေး၊ မင်းမြှောက်လို့ သင်းလောက်ကျော်သည်။ ထွင်း ဖောက်အောင် ဥာဏ်မျိုးနှင့်လေး”
ဆရာဖေက ငယ်ကျိုးငယ်နာ ဖော်၍ ရေးသဖြင့် သူကလည်း ဆရာဖေကို သူ၏ လက်သိမ်ရပုံကို ရေးပြခဲ့သည်။
“တရုဏီရွယ်ကာလ ငယ်ခါက ကျောင်းနေ၊ ဘယ်ညာချစောင်း အနေမှာ လောင်းကဝေ ငါ့အား၊ အိပ်ပျော်ခိုက်ဘ အလာမှာ မကာသ တွန်းချလေငြား၊ သို့အတွက် လက်ယာသိမ်သည် ငါက၀ိန် သူ့အား၊ ဘာအလိန် လူ့ငနွားရယ်က အရှု မှားလေတယ်၊ ငဖေရယ်စလေတုပေ မယ့်၊ မေရုနှင့် မြင်းမိုရ်ကွာမယ်၊ သူရာ နှင့် သိကြားနှယ်၊ ဘုရားဝယ် မာရ်နတ်သို့၊ စာတတ်နှင့် အသူပမာ၊ အဲ သလောက်ကွာ၊ ကေ၀ဋ်နှင့် မဟော သဓာလို အတော် ကွာခြားတာမို့လေး”
ဦးပုညသည် သူအမှန်တကယ် လက်သိမ် ရခြင်းကို ဖြေရှင်း ရေးပြခဲ့သည်။ သူကျောင်းသား အရွယ် ရောက်ကာမှ တစ်ည အိပ်နေရာတွင် ဖခင်က အိပ်ရာမှ လန့်ကာ သူ့အား ယောင်မှား၍ တွန်းချ လိုက်သဖြင့် လိမ့်ကျ ထိခိုက်ခဲ့သည်။ ဆေးကုပါသော်လည်း ကုမရတော့ဘဲ ညာလက်သိမ် သွားခဲ့ခြင်းသာ ဖြစ်ပါသည်။ ဆရာကြီး ရေးသားချက်မှာ ဖြစ်နိုင်ပါသည်။ သူငယ်စဉ် မိဘ နှစ်ပါးက သာယာဝတီ မင်းထံ ခေါ်သွားစဉ်က စည်တွေပုတ် ကစားနေသဖြင့် ဘုရင်က မောင်ပုတ်စည်ဟု အမည် ပေးခဲ့ကြောင်း လက်သိမ်နေလျှင် ပုတ်ကစားနိုင်မည် မဟုတ်ပေ။ အချုပ်တန်း ဆရာဖေကို ဆရာကြီး ဦးပုညက ကဗျာဖြင့် ပြန်တိုက် ခဲ့ပြန်သည်။
“ဂျပ်ကောင်နှယ် ဖင်ကြားက သန်းစကားသူဝါ ရမ်းကား၍ တုလာလျှင် ဥပမာ ဆိုစို့။
ချေးပုံနှင့် မြင်းမိုရ်တောင် ခင်းဆို ယောင်ပြုကြသည်သို့။
သေးကွက်ကို ပင်လယ် နင်တကယ် ထင်လို့။
သဘင်ဝယ် ယှဉ်မတိုးလာနှင့် သခင်တို့ ဦးချီ။
အုန်းမှုတ်လို အနေစားငယ်နှင့် ရွှေဖလား မနှိုင်းတန် သင့်ပြီ။
ဥတုနှင့်ပုစွန်ဆီ ဒွန်ပီပီ ယှဉ်တွဲလို့ စပ်ဖဲ အတွင်းခံ ရိုင်းမိုက်တဲ့ဥာဏ်။
မိုးကြိုးနှင့် အီးသံလို ခရီးမှန်ကွာ လှမ်းလှလေး”
သူတို့ နှစ်ဦး၏ ကဗျာ တိုက်ပွဲကား အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်မှာ ရှည်လှသည်။ တိုက်ပွဲကဗျာတို့ များစွာ ရှိသည်။ သိသင့် သိထိုက်သည်ဟု ယူဆသည်။ ဆရာကြီး ကဗျာ နှစ်ပုဒ်ကိုသာ ဖော်ပြပါသည်။ ရှာဖွေ ဖတ်ရှုကြရန်သာ တိုက်တွန်းရပေသည်။ ဆရာကြီး၏ စာပေ များစွာတွင် ပညာရှင်များက ၀ိဇယ ပြဇာတ်ကို ကြိုက်ကြသည်ဟု သိရသည်။ ကျွန်တော်တို့ကမူ အနုအရွ အလှတွေနှင့် စီကုံးထားသော သောနုတ္ထိုရ ဆင်မင်း ၀တ္ထုကိုသာ ကြိုက်ကြသည်။ ၀ိဇယ ပြဇာတ်ကို ရေးခဲ့စဉ်က မြင်ကွန်း မင်းသားတို့ ဆိုးသွမ်းကြသဖြင့် ဆုံးမရန် ခက်ခဲသောကြောင့် ဦးပုညအား ၀ိဇယ ပြဇာတ်ကို အရေး ခိုင်းခဲ့သည်ဟု သိရ သည်။
ဆရာကြီးသည် မောင်သာထွန်းဆို သူအား ပါးစပ်မှ ပြောပေးပြီး ၂ ရက်နှင့် အပြီး ရေးခဲ့သည်ဟု ပညာရှိတို့က ဆိုကြသည်။ ၀ိဇယ ပြဇာတ်တွင် ကျွန်တော် အကြိုက်ဆုံးကတော့ ၀ိဇယ မင်းသားတို့ လင်္ကာဒီပကျွန်း အရောက် မင်းသားဖွဲ့ဆိုပုံ ရေးသား ထားသည်မှာ ဖတ်သူကို သူ့နောက်ဆွဲ ခေါ်သွား၍ ကျွန်းအလယ်သို့ တက်ရောက် နေသလားဟု ထင်မြင်လာ ရအောင် ဖွဲ့နွဲ့ နိုင်အားပေသည်။
“လက်စွဲတော်နေမျိုးရို့ သမုဒ္ဒရာ ကမ်းယံက လာခဲ့ ကန္တာကွန်းထောက် မော်စွန်းကွယ်ကျွန်းလယ်သို့ ရောက်က ပြီထင့်၊ နှင်းသောက်တဲ့ မြိုင်ညှာသွယ် ဆင့်တန်း၊ နာမည်ဖြင့် ဆန်းပေလိမ့် ဘယ်ပန်းခိုင်လို့ သိနိုင်တတ်ပြီ။
မငုံတချို့ ငုံတချို့နှင့် မှုန်လို့ စီရာ သီလင့်ဟန် ရှိကြတယ်။ ယူသယ်ဝတ်ရက် လေချိုသိမ်းဖွဲ့ စိမ်းလဲ့လဲ့နှင့် နွဲပန်း ခက်မှာ၊ ငှက်ဖြင့်ငှက်ပဲ သာရကာလား တမာလား၊ ဘွဲ့ခြားလို့ ခွဲနိုင်ဘု ရင်ထဲက ပိုထုံဝတ်လွှာ မွှေးဆွတ်ခွာ နွှေးညာ ကြွေးကြော်လို့ ဖော်တစ်ကိုယ် ခေါ်သလို ထင်လိုက်ပါဘိတယ်။ ပယ်တစ်ကွင်း စာလယ်ခင်းသာမှာ စာမရီလို ဧဏီလို ကိုယ်ခပ်ဖိုင့်ဖိုင့် ခရာ ပိုပို ဘာလိုလို ချိုဝိုင့်ဝိုင့်နှင့် ဂနိုင့်ကျက် သရေ မြက်ခင်းလဲ့လဲ့ နှင်းတွဲ့တွဲ့မှာ သင်းဖွဲ့လို့ နေကြတယ်။
ရံရွေတညီ နေရီရီမှာ ပွေပလီ များတာမို့ သနားစဖွယ် ရှိလှတယ်။ တောင်စွယ်ကမ်းစောက် ခါးပန်း လောက်က စမ်းပေါက်တဲ့ရေ ငူမကိုဋ် စွန်းငိုက်ရွှန်းရွှန်းမှာ ၀ိုက်ဝန်းခွေလို့ တောင်ခြေအောက်ယံ နတ်သောက်တဲ့ ကန်မှာ ခေါက်ပြန်သွယ် လှယ်ကြာဝတ်ကို သယ်ကြတယ် ယင်မယ်ညို ၀ဲပိတုန်း ရွှေလိုက် အချိုကြိုက်တယ်။ ကြာသိုက်ထဲက သူကလဲ တစ်မှောင့် မူရာဆင်ကွဲ ယဉ်တနဲ ဘ၀င်သဲမှာ နှောင့်လာလို့ ဘုန်းမောင့်ဖြစ်ထွေ ကြာညောင်ဝင်းဝှန် ထုံသင်းသွန်တဲ့ သလွန်ဗွေမှာ ရံရွေဝဲယာ စံမြဲခါများကို နန်းညာသူ့သွေး ပြန်လှန် လို့တွေးသောခါ ဆွေးမြေထုနှယ် သွယ်မျက်ရည်ဝဲဆည်မစဲ ကြေကွဲလိုက် ပါဘိတော့တယ်။
ဗျာကြွယ်ညှိုးအောင် လျှိုရိုးမြောင်က ဖိုးခေါင်ရင့်ကြည် ပန်းဝတ်ရည်နှစ် သောက်မူးယစ်၍ ချစ်စရာ့သူ့ ကိုယ်နှင့် ခုလိုများ မြည်သောခါ ပြည်တော်ကို လွမ်းလိုက်ပါဘိတော့တယ် ငါ့ကျွန် များ”
ဆရာကြီး ဦးပုညသည် တစ်ခေတ်မှာ တစ်ယောက်ဟု ဆိုနိုင်ပါသည်။ မရောက်ဖူးသော အရပ်ဒေသတို့ကို ရောက်ဖူး သကဲ့သို့ မှန်းဆ၍ ရေးနိုင်သည်မှာ စာပေ သမားတို့ ပြောကြ ရေးကြသလို တကယ့် စာကဝေ ဆရာကြီး တစ်ဦးပင် ဖြစ်ပါသည်။ စာပေဗဟုသုတ အကြားအမြင် အတွေးအခေါ်တို့နှင့် ပြည့်စုံ၍ ပညာရပ် ပြည့်ဝလှသောကြောင့် ဤမျှ ရေးသားနိုင်သည်ဟု ထင်ပါသည်။
ဤစာပိုဒ်တွေ ဖတ်မိတိုင်း စာနောက်ပါ သွား၍ တောတောင်ဂနိုင်ထဲ ရောက်သွား ဘိသကဲ့သို့ တကယ့် ကျေးငှက်တို့၏ အသံကို ကြားယောင်မိသလို ထင်မြင်စေခဲ့ပါသည်။ ဆရာကြီးသည် ပညာရည် ပြည့်ဝပြီး ဗဟုသုတ အလွန် ကြွယ်ဝသဖြင့် မင်း၏ မြှောက်စားခြင်းကို ခံရပေသည်။
သို့သော် သူငယ်စဉ်က ကြက်သွန်ခင်း ဆရာတော်နှင့် မုံရွေး ဆရာတော်တို့က ကြိုတင်၍ နိမိတ်ဖတ် ဟောကြား ထားခဲ့သည်မှာ ဤကလေးသည် ကြီးလျှင် ပညာရှိ ဖြစ်လိမ့်မည်။ သို့သော် ဗေဒင်ကိန်းခန်း အရ ဥပစ္ဆေဒကကံမ ကင်းတတ်ဟု ဟောထားခဲ့သည်။ ဟောထားသလိုပင် ဆရာကြီး မင်းပြစ် မင်းဒဏ် ခံခဲ့ရပေသည်။
ဆရာကြီးကို ၁၁၇၃ ခုနှစ်တွင် မွေးဖွားသည်ဟု ဆိုသည်။ သူ၏ မိဘများကို ဖော်ပြရာတွင် သုတေသီတို့ အမျိုးမျိုး ကွဲပြားခဲ့ကြသည်။ ၁။ ဦးမြတ် စံ+ဒေါ်လှရင် ၂။ ဦးဖိုးကြီး+မမင်းလှ ၃။ ဦးမြတ်ထွား+ဒေါ်မိန်းကလေး ၄။ ဦးမြတ်ထွား+ဒေါ်ဆုံ ဟု ဖော်ပြကြသည်။ မွေးသက္ကရာဇ်ပင် ၁၁၇၃-၁၁၇၄ ဟု ဖော်ပြကြသည်။ ဆရာကြီး သည် ဉဏ်ပညာပြည့်စုံပြီး ပညာရှိ တစ်ဦး ဖြစ်သော်လည်း ငယ်စဉ်က ဆရာတော်များ ဟောကြား ထားသကဲ့သို့ ဥပစ္ဆေဒကကံ မလွတ်မကင်း ဖြစ်ရလေတော့သည်။
မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းတွင် အခါ ပေးမိသဖြင့် မင်းပြစ်မင်းဒဏ် သင့်ရလေသည်။ မင်းတုန်းမင်းက ခေါ်ယူ စစ်မေးပြီး မြို့ဝန် ဦးသာအိုးထံတွင် အပ်နှံထားလေသည်။ ဆရာကြီးသည် ဗေဒင်အရာ ကျွမ်းကျင်လှသဖြင့် ဦးသာအိုး၏ အငယ်အနှောင်းများက ဗေဒင် လာရောက် မေးမြန်းကြသည်။ သူ၏ အငယ်အနှောင်းများ ၀င်ထွက်သွားလာ နေသည်ကို မြို့ဝန်ဦးသာအိုးက မရှုစိမ့် ဖြစ်လာကာ ပါးကွက် အာဏာသားတို့အား ဦးပုညကို သတ်ခိုင်း လိုက်လေတော့သည်။ ဦးပုညကို သတ်ရာ၌လည်း သုတေသီတို့ ဖော်ပြချက်များအကွဲကွဲဖြစ် နေပြန်တော့သည်။ တချို့က ထောင်ထဲတွင် လည်မျိုကို သံတုတ်နှင့် ရိုက်သတ် ကြောင်း၊ တချို့က အာဏာသားများ သည် ညဥ့်အချိန် အီကင်း ဆိပ်ကမ်းသို့ ယူသွားပြီး သဲအိုးထုပ် ဆွဲ၍ မြစ်ထဲသို့ ပစ်ချလေ၏။ တချို့ကမူ မင်းညီမင်းသားများ မဟုတ်၍ ကတီ်္တပါအိတ်နှင့် စွပ်ကာ သတ်ခြင်းကား မဟုတ်။ ၀က်တုပ် တုပ်၍ အိုးဆွဲချ သတ်သည်ဟု ဆိုပြန်သည်။ ဆရာကြီး၏ မွေးဖွားသည့် မိဘအမည် များကလည်း အကွဲကွဲ အပြားပြား ဖြစ်၍ သေရတော့လည်း သေနည်း အမျိုးမျိုး ကွဲပြား နေပြန်တော့သည်။
သေခြင်း အမျိုးမျိုး ကွဲပြားခြားနား သော်လည်း၊ ကျွန်တော် ဖတ်ရသည့် အမျိုးသား ပညာဝန် ဦးဖိုးကျား ပြုစုသည့် ရေသည်ပြဇာတ် ဦးပုည အကြောင်းတွင်မူ အထောက်အထားနှင့် ပြဆိုပုံမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ ဆရာကြီး ဦးဖိုးကျားက ရာဇ၀င်နှင့် မြန်မာစာပြ ဆရာ ဦးသက်တင်၏ ရေးသားချက် များကို ကိုးကား၍ ဦးပုညသည် ရေတွင် မသေကြောင်း ရေးသား ထားပါ သည်။ အလွန် စိတ်ဝင်စားစရာ ကောင်း လှသဖြင့် ဆရာကြီး ဦးဖိုးကျား၏ ရေးသားချက်ကို ဖော်ပြလိုက်ရပါသည်။ ဟုတ် မဟုတ်၊ မှန် မမှန် သုတေသီတို့ ရှာဖွေဖော်ထုတ် ညှိနှိုင်းကြရန်သာ ဖြစ်ပါ သည်။
မြို့ဝန်ဦးသာအိုးက ၁၂၂၈ ခု သီတင်းကျွတ်လ္ဆုပ် ၁၃ ရက် ညသန်း ကောင်ကျော်တွင် အီကင်း ရေဆိပ်သို့ ချ၍ သတ်စေခဲ့၏။ ထိုသို့ စီရင်လိမ့်မည်ကို တင်ကူးသိနှင့်၍ ဆရာကြီး၏ အသက်ကို ကယ်တင်မည်ဟု ကြံစည် ဆောင်ရွက်ကြသူတို့ကား ဦးသာအိုး၏ မယားငယ် ခင်သုံ၊ အစ်မခင်မှုံ၊ ခင်မှုံ၏ ခင်ပွန်း ကိုသူရ၊ ပုသိမ်မြို့ပွဲစားကြီး ဦးညိုတို့ ဖြစ်ကြလေသည်။ ထို ၄ ဦး တို့တွင် ဦးညိုက ငွေကြေး အကုန်အကျ ခံ၍ သူသတ်သမားတို့နှင့် တိုင်ပင်ကာ ရေချမည့် နေရာတွင် ပိုက်ကွန် ခံထားကာ ဆရာကြီး၏ အသက်ကို ကယ်လိုက်ကြလေသည်။
ကယ်ပြီးနောက် ဆရာကြီးပါ ၅ ယောက် တိုင်ပင် ညီညွတ်ကြသည့် အတိုင်း ဆရာကြီးကို ရှမ်းပြည်နယ် ဖြတ်၍ သံလွင်မြစ်ကြောင်း စုန်ကာ အင်္ဂလိပ် ပိုင်မော်လမြိုင်သို့ကို သူရ ကြဉ်းဆောင် လာခဲ့လေသည်။ မော်လမြိုင်သို့ ရောက်မှ ဦးညို၏ အစ်မ ဒေါ်နှင်းရီနှင့် ခင်ပွန်း ဦးဂွယ်တို့၏ နေအိမ်တွင် ခိုပုန်းနေလေ သည်၊ မော်လမြိုင်မြို့တွင် ၁၂၃၆ ခုနှစ် ထိနေပြီး အထက်က သတင်း ကြားသိ မလုံပုံ ပေါ်ပြီး ကရင်နီနယ်သို့ ပြောင်းရွှေ့ နေရာတွင် ၁၂၃၇ ခုနှစ်၌ ဆရာကြီး ဖျားနာ၍ အနိစ္စ ရောက်လေသည်။
ဆရာကြီး အသက်ဘေးမှလွတ်၍ မော်လမြိုင်သို့ ရောက်မှ ၁၂၂၈ ခု ပြာသို လဆန်း ၉ ရက် တနင်္ဂနွေနေ့ ဦးညိုအား ရေးစပ်ပေးသည် ဆိုသော တေးထပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
စူရတီ တလိုင်းမ၊ မှိုင်းကျလို့ မွေးလာ ရိုင်းမဟာ့ပဂေးချာ ခွေးသာသာ သာအိုး။
ဈေးတော်ရုံ မင်္ဂလာ လူမြင်ရာ ဓမြဦးလို့ သူကောင်းသား တန်ပြန် သရမ်း ဥာဏ်နသိုး။
ကြငှာန်းစံယူ ပျိုးလို့ လူဆိုးက မြို့ဝန်။
စလေကို အသေချွတ်မယ်လို့ ငကေ၀ဋ်ကျေးဆက် ကံကျွန်။
လောင်းမဟော့ ဥာဏ်တံခွန်လို အကြံချွန် မောင်ညို့ကြောင့် မသေမြို့ ရွာစည်ပျော် ချမ်းသာရနော်။
ခင်သုံမိ လွတ်ရေးဖော်သည် ကျေးမဟော်တနှုံးပလေး။
သည်တေးထပ်ကို ဆရာကြီး အသက်ဘေးမှ လွတ်မြောက်ပြီးမှ ရေးခဲ့သည်ဟု ဆိုသည်။ အမှန်တကယ် ရေးခဲ့၊ မရေးခဲ့ ဆိုသည်ကိုကား သုတေသီတို့ ရှာဖွေ ဖော်ထုတ်ကြရန်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ ဖတ်ရ၊ သိရသမျှတွင်မူ ဦးပုညကို ဦးသာအိုး သတ်ပစ်ပြီး ၅ လလောက် အကြာတွင် မင်းတုန်းမင်း ကြီးက ဦးပုညအား သတိရ၍ မေးတော် မူလေ၏။ ဦးပုညကိုကြည်ညိုသူတို့က ဆရာကြီးသည် ဦးသာအိုး သတ်၍ သေလေပြီဟု လျှောက်တင်ကြရာ နှမြောတသစွာဖြင့် “လူကိုခွေးသတ်လေပြီတ ကား”ဟု ပြောတော်မူလေ၏။
“ငါနှင့် ငါ့ညီတော် အိမ်ရှေ့မင်းတို့ သည် မောင်ပုညအား ဘေးမဲ့ ပေးတော်မူပြီး ဖြစ်သည်။ မောင်သာအိုးသည် အလွန် မိုက်သောလူ ဖြစ်ပေသည်”ဟု နှမြော တသစွာဖြင့် ဆိုခဲ့ကြောင်းသာ ဖတ်ခဲ့ရဖူး သည်။ ယခုကဲ့သို့ ဆရာကြီး ဦးပုည အသက်ဘေးမှ လွတ်မြောက်ပြီး တေးထပ်ပင် ရေးစပ်ခဲ့သေးသည်ဟု တွေ့ရှိရရာ အလွန်ထူးဆန်း လှပေသည်။သုတေသီတို့ ရှာဖွေသိရှိ ထားလျှင်လည်း အများပြည်သူများ သိရှိနိုင်ရန် ဖော်ထုတ် ရေးသားကြစေ လိုပါသည်။
ဆရာကြီး စာများကား မြောက်မြားလှစွာ ရှိကြသည်။ ထိုမြောက်မြား လှစွာသော စာတို့ကို ကျွန်တော်မဖတ်ရှု နိုင်ပါ။ ဖတ်မိသမျှ စာတစ်ညို တစ်ထွှာ ကလေးဖြင့် ဆရာကြီးကို ကြည်ညိုလွန်း သဖြင့် ဆေးတစ်စက်မျှ တို့ကြည့်ခြင်း မျှသာဖြစ်ပါသည်။ ကျွန်တော့်ဆေး တစ်စက်ကား အရာ ထင်ကောင်းမှ ထင်ပါလိမ့်မည်။ ဆရာကြီး၏ အကြောင်း အမှန်ကန် အတိကျကို ဖော်ထုတ် ရေးသားသင့် ကြပါသည်။ စာပေ နယ်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် ပုဂိ္ဂုလ်ကြီး တစ်ဦးအဖို့ မွေးသက္ကရာဇ်ကလည်း အကွဲကွဲ အပြားပြား၊ အမိအဖ နာမည်များကလည်း အကွဲကွဲ အပြားပြား၊ သေရပြန်တော့လည်း သေပုံ သေနည်းက အမျိုးမျိုး ကွဲပြား နေပြန်သဖြင့် အတတ်နိုင်ဆုံး အနီးစပ်ဆုံး ဆရာကြီး၏ ပုံရိပ်ကို ဖော်ပြပေးကြပါဟု ပန်ကြား လိုပါသည်။
ဆရာကြီး၏ ဘ၀သည် အကောင်းဆုံးမှ အဆိုးဆုံး ဘ၀သို့ သက်ဆင်း ခဲ့ရသည်။ မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းတွင် အခါ ပေးမိသဖြင့် ဘ၀ကြမ္မာ ငင်ခဲ့ရသည်။ နီးရာဓား ကြောက်ရသည့် အခြေနေမို့ မီးစင်ကြည့် ကခဲ့ရပုံ ရပါသည်။ တိုင်းရေးပြည်ရေး မင်းရေး ရှုပ်ထွေးနေသော အချိန်အခါတွင် သူသည်လည်း ထိုအရှုပ်ထဲတွင် ပါဝင် သွားခဲ့ရလေသည်။ သူသည် ဗေဒင် ကိန်းခန်း တတ်မြောက်သူမို့ သူ့ကိုယ်သူ ကြိုတင်၍ ဟောကိန်း ထုတ်ခဲ့လေသည်။ သူ့ဘ၀ကား ကြေကွဲစရာ ကောင်းလှပေ တော့သည်။
ဟုတ်ပလေနှုတ်ခြွေရမှာဖြင့်
ပုဗ္ဗေစထင်ရဲ့လေ။
ကောသလငယ်လို့
ဘ၀အသရေ လျှမ်းပါတဲ့
ရွှေနန်းစံရာနရိန်တို့တောင်
ခါချိန်တန် ပျက်စမြဲဟာမို့
စွဲမိသံဝေ။
အကုသိုလ်ဃာ တကတ်ကယ်က
ယခုလိုလာ၍ ဖြတ်သော်ကြောင့်
ဇရပ်သို့ ပြေးရလေ
ခွေးသေသို့ သေရငြား။
သိလျက်နှင့်ပင်
ဝိပါက်ကြမ္မာငင်တော့၊
ရွှေဉဏ်ရှင် မဝေခွဲနိုင်ဘု
ပွဲတွေ့အမှား။
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)
No comments:
Post a Comment