(မေစစ်ပိုင် ရေးသားသည်)
စစ်ကျန်
ဘတ်စ်ကားဟောင်းကြီးကို ပြန်လည်ပြုပြင်ထားတဲ့ ကားတွင်းစာသင်ခန်းပေါ်မှာ “အေ၊
ဘီ၊ စီ၊ ဒီ” ကို အသံထွက်ဆိုရင်း ဖတ်စာအုပ်ထဲက အက္ခရာတွေကို ကြည့်လိုက်၊
ဗလာစာအုပ်ထဲမှာ ချရေးလိုက်၊ စာလုံး မှားသွားရင်၊ စိတ်ကြိုက်မတွေ့ရင်
ခဲဖျက်နဲ့ဖျက်လိုက် ပြန်ရေးလိုက် လုပ်နေတာတဲ့ ကျောင်းသား က တော့
မောင်ကျော်သက်လို့ ခေါ်တဲ့ လက်ဖက်ရည်ဆိုင်ဝန်ထမ်းတဦးဖြစ်ပါတယ်။
ကျောင်းစာသင်ခန်းတခန်းနဲ့တူအောင် သင်ပုန်း၊ စာသင်ခုံတွေက အစ ထည့်သွင်းပြုပြင်ထားတဲ့ ဒီကားဟောင်းကြီးပေါ်မှာ မောင်ကျော်သက်တို့လို လူငယ် ၁၂ ယောက် စာသင်နေကြတာတွေ့ရပါတယ်။
ဆရာမတဦးက ကြီးကြပ်နေပြီး ကျောင်းသားတွေအားလုံးက သူငယ်တန်း အင်္ဂလိပ်ဖတ်စာထဲကအက္ခရာ တွေကို အသံထွက်ရွတ်ဆိုကြပြီး ဗလာစာအုပ်ထဲ ကူးရေးနေကြတာပါ။
ဒါ့အပြင် စာသင်ဖို့ ခွင့်ပြုချက်ရထားပြီးဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ဝန်းထဲမှာလည်း ဆရာမတဦးက ပရိုဂျက်တာပေါ်မှာ ပြထားတဲ့ အင်္ဂလိပ်သင်ခန်းစာတချို့ကို ရုပ်ပုံတွေနဲ့ တကွ သင်ကြားပေးနေတာကို စိတ်ဝင်တစား နားထောင်နေကြတဲ့ ကျောင်းသား အများအပြားကိုလည်း တွေ့ရပါတယ်။
သူတို့ကတော့ မောင်ကျော်သက်တို့လိုပဲ ကျောင်းပညာရေးမပြီးခဲ့ပေမဲ့ သူတို့သင်ခဲ့ဖူးတဲ့ ကျောင်းစာတွေထဲက တချို့ကို မှတ်မိတဲ့သူတွေဖြစ်တာကြောင့် အခြေခံအလယ်တန်းအဆင့် ကျောင်းစာတွေကို သင်ယူနေကြတာပါ။
အဲဒီကျောင်းသားတွေအားလုံးက လက်ဖက်ရည်ဆိုင်တဆိုင် ရဲ့ စားပွဲထိုး၊ စားဖိုမှူးအလုပ်တွေလုပ်နေတဲ့ သူတွေဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေနဲ့ ဧရာဝတီတိုင်းဒေသကြီး ကနေ ရန်ကုန်မြို့ပေါ်မှာ အလုပ်လုပ်ဖို့အတွက် ရောက်လာကြသူတွေဖြစ်တယ်လို့သိရပါတယ်။
“၃ တန်းအောင်ပြီးကတည်း ကျောင်းမတက်ဖြစ်တော့တာဆိုတော့ စာတွေမေ့ကုန်ပြီ၊
စာသင်ရတာပျော်တယ်၊ အလုပ်အားတဲ့အချိန်တွေဆို ရွာကို စာရေးတယ်၊
စာအုပ်ဖတ်တယ်၊ တီဗွီကြည့်တယ်”လို့ အေ၊ ဘီ၊ စီ၊ ဒီ ရေးနေတဲ့ မောင်ကျော်သက်က ပြောပြပါတယ်။
သူက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွာတရွာကနေ ရန်ကုန်မြို့ပေါ်ကို တက်လာပြီး လက်ဖက်ရည်ဆိုင်တဆိုင် မှာ စားဖိုမှူး အလုပ် လုပ်နေတဲ့ အသက် ၂၀ ကျော် အရွယ်ရှိ လူငယ်တယောက်ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာရေး မပြီးပြတ်ခဲ့ပေမဲ့ မောင်ကျော်သက် တယောက် စာပြန်သင်နေရတာ ပျော်ပုံရပါတယ်။
“မြန်မာနဲ့ သချာင်္သင်ရတာ သိပ်မခက်ဘူး၊ အင်္ဂလိပ်စာကတော့ နည်းနည်း ပိုခက်တော့ ကြိုးစားနေတယ်၊ ကျနော် စာအုပ်ကြီးတွေ သိပ်ဖတ်ချင်တယ်”လို့ သူက ပြောပါတယ်။
လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေကြပြီး ကျောင်းပညာရေးနဲ့ ဝေးနေတဲ့ ကလေး၊ လူငယ်တွေကို ပညာတတ်တွေဖြစ်ပြီး လူမှုဆက်ဆံရေးမှာပိုပြီး တိုးတက်စေချင်တဲ့ရည်ရွယ်ချက်တွေကြောင့် မြန်မာရွေ့လျားပညာရေးပရဟိတ အဖွဲ့ (Myanmar Mobile Education Project-My ME Project)က ဆိုင်ရှင်တွေထံက ခွင့်ပြုချက်တွေယူပြီး ရန်ကုန်မြို့ပေါ်က လက်ဖက်ရည်ဆိုင်တချို့မှာ ပညာဒါန စာသင်ကြားပေးနေတာပါ။
“ကျောင်းမသွားနိုင်တဲ့ကလေးတွေကို သူတို့မလာနိုင်ရင် ငါတို့က သူတို့ဆီ အရောက်သွားပြီး စာသင်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ပါ၊ ပညာရေးတပိုင်းတစ ဖြစ်ခဲ့ရတဲ့ ကလေးတွေရဲ့ ဘဝတွေကို ပညာတတ်တွေဖြစ်လာစေချင်သလို သူတို့တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ မှန်ကန်လာဖို့နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရှိလာစေချင်တာ”လို့ မြန်မာရွေ့လျားပညာရေး ပရဟိတအဖွဲ့ ဒါရိုက်တာ ကိုတင်မောင်မောင်အေးက ဧရာဝတီ ကို ပြောပါတယ်။
ကိုတင်မောင်မောင်အေးတို့အဖွဲ့ကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ဖွဲ့စည်းခဲ့တာပါ။
သူနဲ့ သူ့မိတ်ဆွေ ၅ ဦးတို့နဲ့ အစပြုခဲ့တဲ့ ဒီအဖွဲ့ရဲ့ အဓိက ရည်ရွယ်တာကတော့ ကျောင်းပညာရေးမပြီးပြတ်ခဲ့ရတဲ့ကလေး၊ လူငယ်တွေအတွက် ကျောင်းပြင်ပရွေ့ပြောင်းစာသင်ကျောင်းဆိုတာကို အကောင်အထည်ဖော်ပြီး ကလေးတွေရဲ့ ဘဝအပြောင်းအလဲဖြစ်လာဖို့အတွက်ပါပဲ။
“ကျနော်တို့သင်နေတဲ့ သင်ရိုးပုံစံ ကို ကလေးတွေ နားလည်နိုင်စွမ်းဘယ်လောက်ရှိလဲ အရင်ကြည့်နေတယ်၊ ကလေးတွေက ပညာကို သိပ်လိုချင်ကြတယ်၊ ကျနော်တို့ ဘတ်စ်ကားဆိုက်ပြီဆိုတာနဲ့ သူတို့လေးတွေ ထိုင်ခုံမှာထိုင်ပြီး စာရေးကိရိယာတွေလည်း အဆင်သင့်ဖြစ်နေကြပြီ”
လက်ဖက်ရည်ဆိုင်တခုက စားပွဲထိုးကလေး တဦးနဲ့ သိကျွမ်းခဲ့တဲ့နောက်ပိုင်း သူတို့ရဲ့ဘဝအခြေအနေ တွေကိုသိခဲ့ရတာကြောင့် လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေကြတဲ့ ပညာချို့တဲ့သူ ကလေးတွေအတွက် ပညာရေးအလှူပရဟိတလုပ်ဖို့ စိတ်ကူးခဲ့ရာက လက်တွေ့အကောင်အထည်ဖော်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာပ နဲ့ တာမွေမြို့နယ်မှာရှိတဲ့ Lucky Seven လက်ဖက်ရည်ဆိုင် ၂ ဆိုင်အပြင် တောင်ဥက္ကလာပ မြို့နယ်အတွင်းမှာရှိတဲ့ လက်ရည်ဆိုင်တွေမှာရှိတဲ့ ဝန်ထမ်းဖြစ်တဲ့ ကလေး၊ လူငယ်တွေကို စာသင်ကြားပေးနေရာမှာ ဘာအခက်အခဲ ရှိပါသလဲ။
“ကလေးတွေကလည်း သင်ချင်တယ်၊ ဆိုင်ရှင်တွေကလည်း ခွင့်ပြုပေမဲ့ ဆိုင်တွေရဲ့အားလပ်ချိန်က မတူကြတော့ စာသင်ချိန်ဆွဲရတာ နည်းနည်းခက်နေတယ်”လို့ အဖွဲ့ ကိုတင်မောင်မောင်အေးက ရှင်းပြပါတယ်။
သင်ခဲ့ဖူးတဲ့ ကျောင်းစာတွေ ဘယ်လောက်ထိမှတ်မိသလဲဆိုတာ သိချင်တဲ့အတွက် အရည်အချင်းစစ် စာမေးပွဲ တခုကို အရင်ဖြေခိုင်းတယ်လို့ သိရပါတယ်။
စာမေးပွဲ ရလဒ် ထွက်လာမှ ကလေး၊ လူငယ်တွေကို အခြေခံအဆင့်( Begineer) နဲ့ ပထမအဆင့်( level-1) အတန်းခွဲတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လက်ဖက်ရည်ဆိုင်ဝန်ထမ်းကလေး၊ လူငယ် ၁၀၀ ကျော်ကို သူတို့ဆိုင်သိမ်းချိန် ညနေ ၆ နာရီ ကနေ ၈ နာရီအထိ အချိန်၂ နာရီ အတွင်းမှာဘဲ လက်ဖက်ရည်ဆိုင်နဲ့ အနီးဆုံးနေရာအထိ သွားပြီး ကျောင်းသင်ခန်းစာနဲ့ အထွေထွေ ဗဟုသုတကို သင်ပေးနေတာပါ။
“ကလေးတွေက ကျောင်းစာတွေနဲ့ ဝေးနေတာကြာပြီဆိုတော့ သူတို့ကို စိတ်ရှည်သည်းခံပြီး သင်ပေးရတယ်၊ လိုချင်စိတ်လည်းရှိကြတော့ သင်ရတာအခက်အခဲမရှိဘူး၊ သူတို့တွေက စာကျက်ချိန်ဆိုတာလည်းမရှိတော့ သင်ပေးနေတဲ့အချိန်မှာ စာလုံးတွေကို မှတ်မိလွယ်အောင် စာလုံးတွေကို ရေးရင်း ဆိုရင်း သင်ပြရတယ်”လို့ မြန်မာရွေ့လျားပညာရေး ပရဟိတအဖွဲ့မှာ ဆရာမအဖြစ်တာဝန်ယူထားတဲ့သူက ရှင်းပြပါတယ်။
အခြေခံအဆင့်မှာတော့ သူငယ်တန်းအဆင့် ဖတ်စာကို ကျေညက်အောင်သင်ကြားပေးပြီး ပထမအဆင့် တန်းခွဲကိုတော့ အလယ်တန်းပညာရေးသင်ခန်းစာတွေကို သင်ကြားပေးပါတယ်၊
အထွေထွေဗဟုသုတဆိုတဲ့ သင်ခန်းစာကတော့ လူမှုဆက်ဆံရေး၊ ဂိမ်းကစားနည်း၊ အသက်မွေးဝမ်းကြောင်း စတဲ့ ကိစ္စတွေကို သင်ကြားပေးတာဖြစ်ပြီး အခြေခံနဲ့ ပထမအဆင့် က အတန်းသားတွေအားလုံး အတူတက်ရတယ်လို့ သိရပါတယ်။
တန်းခွဲတခွဲကို အချိန် ၃ လ သင်ကြားမှာဖြစ်ပြီး အချိန်ပြည့်တဲ့အခါမှာတော့ စာမေးပွဲဖြေပြီး အောင်မြင်သူက တဆင့်မြင့်တဲ့ အတန်းကို ပြောင်းလဲတက်ရမှာပါ၊ နောက်ပိုင်း သင်ရိုးပြီးသွားတဲ့အခါမှာတော့ ကျောင်းစာထူးချွန်သူတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဝါသနာပါသူ ခွဲခြားပြီး သူတို့ဝါသနာအလိုက် ပံ့ပိုးပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွာတရွာကနေ ရန်ကုန်မှာ စားပွဲထိုး အလုပ် လာလုပ်နေတဲ့ မောင် အောင်မင်းခိုင်က “ကျောင်းတက်ချင်ပါသေးတယ်၊ ဒါပေမဲ့ အဘွားက အသက်ကြီးပြီဆိုတော့ သား ရှာမကျွေးရင် အဘွားနဲ့ သား နှစ်ယောက် လုံးဒုက္ခရောက်မှာ၊ ပညာရေးမှာ ထောက်ပံ့သူရှိလာရင်တောင် သားတို့ စားဝတ်နေရေးက ရှိသေးတော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။
သူငယ်တန်းကနေ ရှစ်တန်းအထိ အတန်းတိုင်းမှာ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပေမဲ့ အဖေနဲ့ အမေ က ကွာရှင်းလိုက်ပြီးနောက်ပိုင်း အမေဖြစ်သူက သူ့ကိုပစ်ပြီး ထွက်ပြေးသွားကြသလို သူတို့မြေးအဘွားကို ရှာကျွေးတဲ့ ဦးလေးကလည်း အိမ်ထောင်ပြုသွားတော့ မောင်အောင်မင်းခိုင်နဲ့ သူ့အဘွားတို့ရဲ့ စားဝတ်နေရေးအတွက် ပညာရေးကို စွန့်လွှတ်လိုက်တယ်လို့ သိရပါတယ်။
လက်ဖက်ရည်ဆိုင်ရောက်နေကြတဲ့ ကလေးတွေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်အလုပ်တွေမှာ လုပ်ကိုင်နေကြတဲ့ ကလေးအလုပ်သမားတွေအများစုရဲ့ လစာက တလ ကို ၈,၀၀၀ ကနေ ၃၅,၀၀၀ ဝန်းကျင် သာ ရရှိနေကြပြီး တနေ့ကို အလုပ်ချိန် ၈ နာရီ ကနေ ၁၁ နာရီလောက်ထိ ရှိနေတာပါ။
ပွဲစားတွေက နယ်မြို့တွေနဲ့ ကျေးရွာတွေကို သွားကြပြီး လယ်ယာလုပ်ငန်းနဲ့ မိရိုးဖလာလုပ်ငန်းတွေမှာ စီးပွားရေး အဆင်မပြေကြတဲ့ မိဘတွေကို စည်းရုံး၊ မြို့ပေါ်မှာ အလုပ်လုပ်ရမယ်ဆိုပြီး ပိုက်ဆံ ကြိုတင်ပေးခေါ်လာကြတာတွေကြောင့် ရန်ကုန်မြို့ပေါ်မှာ နယ်ဒေသအသီးသီးက အလုပ်လာလုပ်နေကြတဲ့ ကလေးတွေ အများအပြားဖြစ်နေရတယ်လို့ ကလေးသူငယ်အရေးလှုပ်ရှားသူတချို့က ဧရာဝတီကို ပြောပြပါတယ်။
“တချို့ဆို ကိုယ့်အိမ်ဘယ်လိုပြန်ရမယ်ဆိုတာတောင် မသိကြဘူး၊ မိဘတွေကလည်း တောသူတောင်သားတွေဆိုတော့ နားမလည်ကြဘူး၊ ကလေးတွေရဲ့ ဘဝ ကို ပွဲစားတွေကပဲ ကြိုးကိုင်ချယ်လှယ်နေတာ” လို့ ကလေးသူငယ်အရေးလှုပ်ရှားဆောင်ရွက်နေသူတဦးက ပြောပါတယ်။
အလုပ်သမားတွေကို ထွက်ပြေးမှာစိုးတာကြောင့် အလုပ်ချိန်ပြီးတာနဲ့တပြိုင်နက် အခန်းတံခါးသော့ခတ်ပြီး ပိတ်ထားတဲ့အခြေအနေမျိုးတွေလည်း လက်ဖက်ရည်ဆိုင်လုပ်ငန်းနဲ့ အိမ်ဖော်လုပ်ငန်းတချို့မှာ ရှိနေတယ်လို့ သိရပါတယ်။
အမျိုးသားပညာရေးဥပဒေကြမ်းထဲမှာ လမ်းပေါ်ရောက်နေတဲ့ ကလေးသူငယ်တွေ၊ ကလေးအလုပ်သမားတွေအတွက် အသက်မွေးဝမ်းကြောင်းပညာတခုခု သင်ကြားပေးဖို့ ဆိုတဲ့ အချက်တချက်လည်း ပါနေတယ်လို့ သိရပါတယ်။
“အလုပ်လက်မဲ့တွေ၊ လက်ဖက်ရည်ဆိုင်ကလေးတွေအပါအဝင် အလုပ်လုပ်နေကြရတဲ့ ကလေးတွေအတွက် မူဝါဒ တခု ဆွဲသင့်တယ်၊ အစိုးရအနေနဲ့ကလည်း အဲဒီလိုကလေးတွေအတွက် အသက်မွေးဝမ်းကြောင်းပညာရေးကို အားပေးသင့်တယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်က မူလတန်းပညာရေး အခမဲ့စနစ် ကျင့်သုံးခဲ့ပြီး လက်ရှိမှာ အလယ်တန်းပညာရေးကိုပါ အခမဲ့စနစ်ကျင့်သုံးဖို့လုပ်နေပြီး မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့ အခြေခံလူတန်းစားက မွေးဖွားလာကြတဲ့ ကလေးသူငယ် တွေ ပညာသင်ကြားရာမှာ အဓိက အထောက်အကူဖြစ်နိုင်တဲ့ ဘုန်းတော်ကြီး၊ သီလရှင်သင်ပညာရေးကျောင်းတွေ နဲ့ ပညာဒါန စာသင်ကျောင်းတွေအပေါ် အစိုးရရဲ့ ထောက်ပံ့ဆောင်ရွက်မှု ကတော့ နည်းပါးနေသေးတယ်လို့ သိရပါတယ်။
ကျူရှင်သင်ပေးတယ်ဆိုတာက အပိုဝင်ငွေရှာရတာပါပဲ၊ ဆရာမ တယောက်ရဲ့ လစာက မိသားစု တစု ရဲ့ စားဝတ်နေရေး မဖူလုံဘူး လို့ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နွေးနွေးရီက ဧရာဝတီကိုပြောပါတယ်။
“လစာတွေကို လုံလုံလောက်လောက်ပေးထားမယ်ဆိုရင် ကျူရှင်သင်ပြီး အပိုငွေ ရှာနေစရာ လိုတော့မှာမဟုတ်ဘူး”
ကျောင်းချိန်မှာ အတန်းချိန်ပြည့် စာသင်နေရပြီး ညနေပိုင်းမှာလည်း ကိုယ်ပိုင်အားလပ်ချိန် မထားနိုင်ဘဲ ကျူရှင်သင်နေရတာက စားဝတ်နေရေးအခြေအနေနဲ့ ဝင်ငွေ ရရှိဖို့အတွက်ဆိုပေမဲ့ စိတ်ပင်ပန်းတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပညာကိုစွန့်ပြီး ဝမ်းရေးအတွက် ရုန်းကန်နေကြတဲ့ ကလေးအလုပ်သမားများစွာရှိနေပါတယ်၊ တချို့ကတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပညာဒါန ကျောင်းတွေကို တက်ပြီး အစိုးရစာမေးပွဲကို တနှစ် ကျရှုံးခံပြီး အပြင်ဖြေသဘောမျိုးဖြေဆိုကြတာပါ။
ဗြိတိန်နိုင်ငံအခြေစိုက် (Maplecroft Consult) အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ်၊ ညွှန်းကိန်းများအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကလေးအလုပ်သမား ပြဿနာ အဆိုးရွားဆုံး ရှိနေတဲ့နိုင်ငံဖြစ်နေပါတယ်။
ကုလသမဂ္ဂ ထုတ်ပြန်ချက်တရပ်မှာလည်း မြန်မာနိုင်ငံက အသက် ၇ နှစ်မှ ၁၆ နှစ်ကြား ကလေး ၃ ပုံ ၁ ပုံသည် လုပ်ငန်းခွင်ထဲ ရောက်နေကြတယ်လို့ ဆိုထားပါတယ်။
ဒီလို အခြေအနေမှာ ၃ ပုံ ၁ ပုံသော ကလေးငယ်များထဲ ပါဝင်တဲ့ မောင်ကျော်သက်တို့အတွက် စစ်ကျန် ဘတ်စ်ကားဟောင်းကြီးကို ပြန်လည်ပြုပြင်ထားတဲ့ ကားတွင်းစာသင်ခန်း ပေါ်ပေါက်လာတာဖြစ်ပါတယ်။

No comments:
Post a Comment