The Messenger
ဒီတစ်ပတ်မှာတော့ အညတြ စစ်သည် တစ်ဦး၏ မှတ်တမ်းဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ အဲဒီစာအုပ်က တိုင်းပြည်ကို ကာကွယ်လိုတဲ့ လူငယ်တစ်ယောက် စစ်ထဲဝင်ပြီး ဂျပန် စစ်သင်တန်း တက်ခဲ့တဲ့ ခင်မောင်ညို (မန်း) ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ်္တိ ဖြစ်ပါတယ်။
ဂျပန်တော်လှန်ရေး အကြောင်းနဲ့ ပတ်သက်လာရင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ရဲဘော် သုံးကျိပ်ကစလို့ မသိတဲ့လူ ရှားပါတယ်။ ဒါပေမဲ့ အဲဒီဂျပန် တော်လှန်ရေးနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ကွယ်မှာ ဂျပန်တွေ မြန်မာနိုင်ငံကို ၀င်ပြီးမှ ဂျပန်ပြည်ကို စစ်ပညာတော်သင် သွားခဲ့ကြတဲ့ လူငယ်တွေရဲ့အကြောင်းကတော့ သိတဲ့လူ ရှားလှပါတယ်။
အညတြ စစ်သည် တစ်ဦး၏ မှတ်တမ်းကတော့ အဲဒီအကြောင်းတွေကို ဖော်ပြ ပေးပါလိမ့်မယ်။ အဲဒီစာအုပ်ဟာ ဂျပန်ခေတ်က ပြည်သူတွေရဲ့အခြေအနေ၊ စစ်သင်တန်း တက်ရတာရဲ့ ခက်ခဲပုံ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန် ပေးချက်အရ စစ်ပညာကို အရယူခဲ့တဲ့ မြန်မာလူငယ်များရဲ့ အတွေ့ကြုံတွေနဲ့ မြန်မာနိုင်ငံမှာ ဂျပန် တော်လှန်ရေး လုပ်လိုက်တဲ့ အခါမှာ ဂျပန်ရောက်နေတဲ့ ပညာတော်သင် ကျောင်းသား တစ်စု ဒုက္ခရောက်ပုံတွေကို ဖတ်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစာအုပ်ဟာ အခုမှ ပထမဆုံးအကြိမ် ထုတ်တာ မဟုတ်ပါဘူး။ ၁၉၆၉ ခုနှစ်က ပထမဆုံး အကြိမ် ထုတ်ခဲ့ပြီး၊ ဒုတိယအကြိမ် ကိုတော့ ၁၉၇၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ တတိယအကြိမ် ကိုတော့ ဒီနှစ် မတ်လမှာ မြန်မာ့ခေတ်စာပေက ထုတ်ဝေပြီး တန်ဖို (၅၀၀၀) ကျပ်နဲ့ ဖြန့်ဝေလိုက်ပါတယ်။
ဒီစာအုပ်ကို ရေးသားသူဟာ သမဂ္ဂ လှုပ်ရှားမှုတွေ၊ သခင် လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက်ပြီး ကိုယ့် ကိုယ်ကိုယ် သခင်လို့ ခံယူထားတဲ့ သခင်မောင်ကို ဖြစ်ပါတယ်။ သူရဲ့ စာအုပ်ထဲမှာ သူ့ရဲ့ ငယ်ပေါင်း ကြီးဖော်တွေရဲ့ အမှာစာတွေ ပါပါတယ်။ အဲဒီအမှာစာ တွေထဲက အမှာစာ တစ်ခုမှာတော့ …
““၁၉၇၀ ပြည့်နှစ်တွင် ကျွန်တော့်အား အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ဒုတိယတိုင်းမှူး (ဗိုလ်မှူးကြီး) အဆင့်ဖြင့် ပြောင်းရွှေ့ရသောအခါ အင်မတန် စိတ်ကောင်းရှိ၍ မျိုးချစ်စိတ် ထက်သန်လှသော ကျွန်တော့ သူငယ်ချင်း ကိုညိုကို ဗိုလ်မှူးအဖြစ် တွေ့ရသောအခါ ကျွန်တော် စိတ်မကောင်းနိုင်ပါ။ ဘ၀ဆိုတာ ဒီလိုပါလား။ ကိုခင်မောင်ညိုကို ငယ်ပေါင်းဖြစ်၍ ကျွန်တော် ကောင်းကောင်း သိပါသည်။
သူ၏ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ် သစ္စာရှိစိတ်သည် ကျွန်တော်တို့ထက် ပိုလျှင်သာ ပိုမည် မလျော့ပါ။ တစ်ခုတော့ ရှိသည် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ သူမြင်သလို သူယုံကြည်သလို မခြွင်းမချန် ပြောတတ်သည်”” လို့ ရေးထားပါတယ်။ အဲဒီအမှာစာကို ရေးသား သူကတော့ သီဟသူရစိုးသိမ်း ဖြစ်ပါတယ်။
ဆရာခင်မောင်ညို (မန်း) ကတော့ သူ့စာအုပ်ရဲ့အမှာစာမှာ ““ကျွန်တော်သည် စစ်ခေါင်းဆောင် တစ်ဦးလည်း မဟုတ်၊ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးလည်း မဟုတ်ခဲ့ပေ။ နိုင်ငံရေး (ကျောင်းသား နိုင်ငံရေး) မှ ပေးခဲ့သော အသိကြောင့် ဘီအိုင်အေ (ဗမာ့ လွတ်လပ်ရေး တပ်မတော်) သို့ တာဝန်သိသိဖြင့် ၀င်ခဲ့သော်လည်း၊ ကျွန်တော်သည် သာမန် တပ်သား အညတြ စစ်သည် တစ်ဦးမျှသာ ဖြစ်ပါ၏ ။ အသက်(၂၀) ပတ်ဝန်းကျင်သာ ရှိသော လူငယ် တစ်ဦးမျှသာ ဖြစ်၍ လူငယ်တစ်ဦး၏ အသိသာလျှင် ရှိပါ၏။ လူငယ်တစ်ဦး၏ အတွေးအမြင် ဖြင့်သာလျှင် တွေးတတ် မြင်တတ်ပါ၏”” လို့ ရေးထားပါတယ်။
ဒီစာအုပ်ကို ရေးသားခဲ့တဲ့ ဆရာခင်မောင်ညို (မန်း) ဟာ ဂျပန်ခေတ်မှာ ဖွင့်တဲ့ မင်္ဂလာဒုံ ဗိုလ်သင်တန်း ဒုတိယ အပတ်ကို တက်ခဲ့ပြီးတော့ ဂျပန်နိုင်ငံကို စစ်ပညာတော်သင် အဖြစ် ပထမ အပတ်က စစ်သည် (၃၀) နဲ့ ဒုတိယ အပတ်က စစ်သည် (၄၀) ကို ရွေးချယ် စေလွှတ်တဲ့ အထဲမှာ ပါဝင်ခဲ့ပါတယ်။
ဆရာခင်မောင်ညို (မန်း)ဟာ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ BDA တပ်မတော်ထဲကို ၀င်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ BDA တပ်မတော် အခြေစိုက်ရာ ပျဉ်းမနားကို ရောက်သွား ပါတော့တယ်။ အဲဒီခေတ်မှာ စစ်သည်တွေ အပေါ်ထားတဲ့ ပြည်သူတွေရဲ့ သဘောထားကိုလည်း ဖော်ပြထား ပါသေးတယ်။
““ထိုခေတ် တပ်မတော်သည် “ပြည်သူ့တပ်မတော်” ဟူသော အမည်ကို မသုံးခဲ့သော်လည်း၊ ပြည်သူ့ တပ်မတော်၏ အင်္ဂါရပ်နှင့် ညီသဖြင့် ပြည်သူ အများက “ပြည်သူတို့၏ တပ်မတော်” အဖြစ် အသိအမှတ် ပြုခဲ့ကြသည်။ တပ်မတော်သည် ထိုခေတ်က “ပြည်သူ့ တပ်မတော်” ၊ ရဲဘော်တွေက “ပြည်သူ့ အသည်းကျော်” တွေ ဖြစ်ခဲ့သည်ကို ထိုခေတ်ကို မီသူတိုင်း သိကြသည်။
““တပ်မတော်မှ ရဲဘော် အားလုံးသည် တိုင်းပြည်နှင့် တပ်မတော် အပေါ် သစ္စာရှိရမည်၊ တာဝန် ကျေပွန်ရမည် ဆိုသည့် ဆောင်ပုဒ်ကို ရင်ဝယ် ပိုက်လျက်၊ တိကျ မှန်ကန်သော ယုံကြည်ချက်ဖြင့် အမှုထမ်း ခဲ့ကြပါသည်။ ယခုမျက်မှောက် ခေတ်လောက် ရည်ရွယ်ချက်တွေ၊ သဘောတရားတွေ ယုံကြည်ချက်တွေ မများလှကြောင်း၊ နိုင်ငံရေးကို နားမလည်ကြောင်း ကိုတော့ ၀န်ခံပါသည်”” လို့ ရေးထားပါတယ်။
BDA တပ်ထဲကို ၀င်လာကြတဲ့ စစ်သည်တွေထဲက (၅၀) လောက်ကို ရွေးချယ်ပြီးတော့ မင်္ဂလာဒုံမှာ ဖွင့်ထားတဲ့ ဗိုလ်သင်တန်းကျောင်းကို စေလွှတ်ခဲ့ပါတယ်။ ဗိုလ်သင်တန်းကျောင်းကို ရောက်တဲ့ အခါမှာတော့ ပါးအရိုက်ကြမ်းတဲ့ ဂျပန် ဆရာတွေနဲ့ တွေ့ရတဲ့ အပြင် အနေဆင်းရဲ အစားဆင်းရဲနဲ့ စစ်ပညာကို ခက်ခက်ခဲခဲ သင်ကြားကြ ရပါတော့တယ်။
““မင်္ဂလာဒုံ သင်တန်းသည် အလွန် နာမည်ကြီး၏။ သင်တန်း ဆင်းရသည်မှာ အလွန်ပင်ပန်း၏။ အစားအသောက် မှာလည်း အလွန်ညံ့၏။ ဟင်းအဖြစ် ပဲပင်ပေါက်ပြုတ်ကို နှစ်လလောက် ဆက်၍ ကျွေး၏။ တစ်ခါတစ်ရံ ဖရုံသီးပြုတ်၊ ကန်စွန်းရွက် ပြုတ်ကိုလည်း နှစ်လ သုံးလ ဆက်၍ ကျွေးတတ်သည်။ တစ်ခါတစ်ရံ ညစ်၍ ဟင်းတွင် ဆားမခတ်ဘဲ ချက်ထားသည့် အခါများလည်း ရှိ၏။
““ထိုထက် ပိုဆိုးသည်က ကျောင်းသားများအား ဆုံးမရာတွင် အချိန်မရွေး၊ နေရာမရွေး ပါးရိုက်ခြင်းပင် ဖြစ်ပါသည်။ ဆရာများအား မည်ကဲ့သို့ ညွှန်ကြား ထားသည်တော့ မသိ၊ လိုသည်ထက် ပိုလွန်းသည်ဟု ယူဆမိသည်။ နောင်သောအခါတွင် ပါးရိုက် ခံရသည်မှာ သိပ်မဆန်းတော့သဖြင့် မည်မျှလောက် အရိုက်ခံ ရသည်ကိုပင် မှတ်မထားမိတော့ပါ”” လို့ စာရေးသူက ရေးထားပါတယ်။
မင်္ဂလာဒုံ သင်တန်းက အပြင်ထွက်တဲ့အခါ ၀တ်ဖို့ ၀တ်စုံတစ်ခု၊ အမြဲတန်း ၀တ်ဖို့ ၀တ်စုံနှစ်ခု၊ စစ်ဖိနပ် နှစ်ရံ၊ ခုံဖိနပ် တစ်ရံ၊ ကြွေရည်သုတ် ပန်းကျန်ပြား တစ်ချပ်၊ ဟင်းပန်းကန် တစ်လုံး၊ ဇွန်းတစ်ချောင်း၊ ရေဘူး တစ်လုံး၊ လွယ်အိတ် တစ်လုံး၊ အ၀တ် ပတ်တီးနှစ်စုံ၊ ဦးထုပ်နှစ်လုံး ပေးထားပါတယ်။ အိပ်ဖို့ အတွက်လည်း ကောက်ရိုးမွေ့ရာ တစ်ချပ်၊ ခြင်ထောင်တစ်လုံး၊ ဘာဘူစောင် နှစ်ထည်၊ စပါးခွံသွင်း ခေါင်းအုံးနှစ်လုံး ပေးထားပါတယ်။
ကျောင်းမှာတော့ အချိန်ပြည့် လေ့ကျင့်ခန်း ဆင်းရတယ်လို့ ဆိုပါတယ်။ အဲဒီလို အချိန်ပြည့် လေ့ကျင့်ခန်း ဆင်းရတဲ့ အတွက် ပင်ပန်းလွန်းတာကြောင့် ခေါင်းချလိုက်တာနဲ့ အိပ်ပျော် သွားပါသတဲ့။ ညအိပ်ရတဲ့ အချိန်က စာရေးသူ အတွက် ဇိမ်အရှိဆုံးဖို့ “နေ့ခံ ညစံ”လို့တောင် သူက သညာပြုပါတယ်။
လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ကလည်း ခက်ခဲလှသလို၊ ဆရာတွေ ကလည်း ပါးရိုက်ကြမ်းပေမယ့် ကျောင်းသားတွေက တော့ဇွဲနပဲနဲ့ စစ်ပညာသင်ကြား ကြပါတယ်။ အဲဒါကလည်း ကျောင်းဖွင့်ပွဲမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကြောင့်လို့ ဆိုပါတယ်။
အဲဒီ မိန့်ခွန်းထဲမှာ ဗိုလ်ချုပ်က ““ရဲဘော်တို့ အနေနဲ့ တိုင်းပြည် အတွက် အသက်ပေး ဆောင်ရွက်မယ် ဆိုတဲ့ စိတ်ထားနဲ့ တပ်မတော်ကို ၀င်လာတာ ဖြစ်တယ်။ ဗမာပြည်ဟာ မလွတ်လပ်သေးဘူး။ ဒို့တတွေ အများကြီး အလုပ်လုပ်ဖို့ ရှိသေးတယ်။ တိုင်းပြည် လွတ်လပ်ရေးရဖို့ အတွက် အင်အားကောင်းတဲ့ တပ်မတော်ကြီး ရှိနေဖို့ လိုတယ်။ လွတ်လပ်ရေး ရပြီးရင်လည်း ရပြီးတဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ဖို့ တပ်မတော် လိုနေတာပဲ။
““ဒါကြောင့် ဗမာ လူငယ်တိုင်း စစ်မှုထမ်းရမယ်။ စစ်ပညာတတ် နေရမယ်။ အခု ရဲဘော်တို့ကို စစ်ပညာ သင်ကြားဖို့ တပ်မတော်က တာဝန် ပေးအပ်လိုက်ပြီ။ ပညာလိုချင်လို ပညာသင်ရင် “ပညာရှာပမာ သူဖုန်းစား” ဆိုတာလို သူဖုန်းစားလို ကျင့်ရမယ်။ သည်းခံနိုင်ရမယ်””
““ရဲဘော်တို့ ပင်ပန်းမယ်။ ဆင်းရဲမယ်၊ ဒါပေမဲ့ တိုင်းပြည်မှာ ဒီနေ့ စစ်ပညာတတ်တဲ့ လူငယ်တွေ အများကြီး လိုတယ်။ တပ်မတော်မှာလည်း စစ်ပညာတတ်တဲ့ အရာရှိ အရာခံ အကြပ်များစွာ လိုတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ပင်ပန်း၊ ဘယ်လောက်ပဲ ဆင်းရဲ၊ တိုင်းပြည်အတွက် လိုအပ်နေတဲ့ ပညာကို ရအောင်ယူကြလို့ ကျုပ်ပြောချင်တယ်”” လို့ မိန့်ကြားခဲ့ပါသတဲ့။
အဲဒီမိန့်ခွန်းကို လိုက်နာပြီး ဂျပန်တွေ ပါးရိုက်တာကို ငုံ့ခံခဲ့ ကြပါသတဲ့။ ပင်ပန်း ဆင်းရဲလှသော လေ့ကျင့်ခန်း များကို ဖြစ်သလို စားပြီး လေ့ကျင့်ခဲ့ ကြပါသတဲ့။ စစ်သင်တန်း တက်ရာမှာလည်း နေ့စဉ်အချိန် ဇယားက အတိုင်းအတာ အကန့်အသတ်နဲ့မို့ ဖြစ်သလိုနေကြရင်း နောက်ဆုံးမှာတော့ သန်းကြီးမတွေ စွဲကပ် ကုန်ကြပါသတဲ့။ နောက် ၀ဲ၊ ယားနာတွေလည်း စွဲကပ် ကုန်ကြပါသတဲ့။ ဒါ့အပြင် ဖက်ခွက်နာတွေလည်း ပေါက်ကုန်ကြပါတယ်။
ဒီကြားထဲမှာ လူငယ်တွေ ဖြစ်နေကြတဲ့ အတွက် ပျော်စရာ၊ ရယ်စရာတွေကို ဖန်တီးတတ်ကြသလို ရယ်စရာ မောစရာတွေလည်း ဖြစ်တတ်ကြပါတယ်။ အစားအသောက် ရှားပါးလွန်းလို့ မြင်းကျွေးတဲ့ ပဲပြုတ်တွေကို ခိုးစားခဲ့ကြသလို ဂျပန် ဆရာများ၏ ချဉ်ဖတ်အိုးကိုလည်း ခိုးစားခဲ့ကြဖူးပါသတဲ့။
နောက်တော့ ဂျပန်တွေကို ဆန့်ကျင်ကြဖို့ ဂျပန်တွေ ဖွင့်ထားတဲ့ စစ်သင်တန်း ကျောင်းထဲမှာပဲ တိုးတိုး တိတ်တိတ် စည်းရုံးရေးတွေလုပ်၊ လေနတ်သား စာစောင်တွေဝေငှ လုပ်ကြပါတယ်။ အဲဒီအချိန်မှာပဲ စစ်သင်တန်း တက်တဲ့ အထဲက လူ (၄၀) လောက်ကို ဂျပန်ပြည်လွှတ်ဖို့ ရွေး ချယ် လေ့ကျင့် ပေးပါတယ်။ အဲဒီ အထဲမှာ ဒီစာအုပ် ရေးသားသူ ခင်မောင်ညို (မန်း) လည်း ပါပါတယ်။
သူတို့ထဲမှာ တော်လှန်ရေး လုပ်ချင်လို့ ဂျပန် မသွားချင်တဲ့ လူတွေ ရှိပါတယ်။ အဲဒါကြောင့် ဂျပန် တွေကို ကန့်လန့် တိုက်နေကြပါသတဲ့။ နောက်ဆုံးမှာတော့ သူတို့အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်းက အိမ်ကိုဖိတ်ပြီး ထမင်း ကျွေးပါသတဲ့။
အဲဒီမှာ ဗိုလ်ချုပ်က သူတို့ကို စကား ပြောပါတယ်။ ဗိုလ်ချုပ်ပြောတဲ့ စကားတွေကတော့ ““မင်းတို့ထဲက တချို့ ဂျပန် မလိုက်ချင်လို့ ငပုတွေနဲ့ ကလန်ကဆန် ဖြစ်ကြတယ်လို့ ကြားရတယ်။ ဒါမကောင်းဘူး။ မင်းတို့လည်း တချို့ သိချင် သိကြမယ်။ တို့လုပ်ရမယ့် အလုပ်ကတော့ ဆက်လုပ်ရမှာပဲ။ မင်းတို့ အဲဒီလို လုပ်နေရင် ငပုတွေ ရိပ်မိသွားမယ်။ မင်းတို့ အတွက်နဲ့ တို့လုပ်ရမယ့် အလုပ်တွေ အပျက်မခံနိုင်ဘူး””
““မင်းတို့ကို ငါအရင်ကလည်း ပြောခဲ့ဖူးပြီ။ “ပညာရှာပမာ သူဖုန်းစား”တဲ့။ ပညာရှာတဲ့ အခါ သူတောင်းစားလို ကျိုးကျိုးနွံနွံနဲ့ ပညာရှာ၊ ပညာကို ရအောင်ယူ၊ ဒို့ဘာလုပ်ချင် လုပ်ချင်၊ ဗမာလူငယ်တိုင်း စစ်ပညာတတ်မှ ဖြစ်မယ် ဆိုတာလည်း သိထား၊ ပညာလည်း ရအောင်ရှာ၊ လုပ်ရမယ့် တာဝန်လည်း မျက်ခြည် မပြတ်စေနဲ့””
““အေး၊ မင်းတို့ ကံကောင်းရင်တော့ မင်းတို့ ပြန်လာတဲ့ အထိ အချိန်မီချင် မီပါလိမ့်မယ်။ တကယ်လို့ မမီရင်တော့ ဟိုမှာပဲ ပိတ်ခံရလိမ့်မယ်။ ရှင်းရှင်းပြောရင် သေချင် သေမယ်ပေါ့ကွာ။ အခု မင်းတို့ကို လွှတ်တာဟာ တိုင်းပြည်က ပေးတဲ့ တာဝန်ပဲ။ အဲဒီတော့ ဘာမှ ပြောမနေနဲ့၊ လိုက်သွားပြီး ပညာကို ရအောင်ယူ၊ အကြောင်းကိစ္စ တစ်ခုခုရှိရင် အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းကြ၊ ဒါပဲ”” ဟူသတတ်။
အဲဒီလို ပြောနေချိန်မှာ ကျောင်းသားတွေက “အလံကြီး” လို့ နာမည် ပြောင်ပေးထားတဲ့ ဂျပန်ကြီးကို ဗိုလ်ချုပ်က ဂရုတစိုက် စကားမပြောခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒါကိုလည်း ကျောင်းသားတွေ “အလံကြီး ရှုံ့နေပြီကွ”လို့ ကြိတ်ဝမ်းသာ နေခဲ့ကြပါတယ်။ အဲဒီနေ့ ညနေစာကို ဒေါ်ခင်ကြည် ကိုယ်တိုင် ချက်ထားသော ထမင်းကို ရှစ်ခါ၊ ကိုးခါ လောက်ထည့်စားပြီး ပဲပင်ပေါက်ကြော်ကိုလည်း အများကြီး စားခဲ့ကြပါသတဲ့။ အဲဒါကိုလည်း ဗိုလ်ချုပ် က ““မင်္ဂလာဒုံမှာ ပဲပင်ပေါက်ချည်း ကျွေးတယ် ပြောတယ်။ မင်းတို့ ပဲပင်ပေါက် မမုန်းသေးဘူးလား”” လို့ မေးပါသတဲ့။
အဲဒီနောက်မှာတော့ ကျောင်းသား တစ်သိုက်ဟာ ၁၉၄၄ ခုနှစ် မတ်လ (၅၄) ရက်နေ့မှာ ဂျပန်ပြည်ကို ပညာတော်သင် ခရီး စထွက်ခဲ့ကြပါတယ်။ ရန်ကုန် ဘူတာကြီးကနေ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ထိုင်းနိုင်ငံ ဗန်ပေါင်မြို့၊ ထိုမှတစ်ဆင့် စင်ကာပူ၊ ပြီးနောက် မနီလာ၊ နောက် ဖော်မိုဆာ၊ ထိုမှ ဂျပန်ပြည်ကို ရထားတစ်တန်၊ သင်္ဘောတစ်တန်နဲ့ သွားခဲ့ကြရပါတယ်။ ဂျပန်ပြည်ကိုတော့ ၁၉၄၄ ခုနှစ် မေလ(၂၃) ရက်နေ့မှာ ရောက်ပါတယ်။
အဲဒီမှာလည်း စစ်ရေး လေ့ကျင့်ခန်းတွေကို အပြင်းအထန် လုပ်ရတဲ့ အပြင် အစားအသောက်ကလည်း ၀၀လင်လင် ကောင်းကောင်း မွန်မွန် မစားရပါဘူး။ ဒီလို လေ့ကျင့်နေရင်းမှာပဲ ပထမအသုတ် သင်တန်းသားများ သင်တန်းဆင်းပြီး ဒုတိယအသုတ် သင်တန်းသားများ သင်တန်း ဆင်းရမည့်အချိန် ရောက်လာသည်။ အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံမှာ ဂျပန်ဖက်ဆစ် တပ်မတော်ကို စတင် တော်လှန်နေပြီ ဖြစ်ပါတယ်။ နောက်တော့ ဒုတိယ အသုတ် ကျောင်းသားများလည်းသင်တန်းဆင်း လက်မှတ် ရလာခဲ့ပါတယ်။
ဒါပေမဲ့ စစ်ဖြစ်နေတော့ မြန်မာနိုင်ငံကို တန်းပြန်လို့ မရသေးဘဲ စစ်သံမှူး မိသားစုနဲ့ အတူ သူတို့ကျောင်းသား တစ်သိုက် နေကြရပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အစား အသောက် ရှားပါး လာပါတော့တယ်။ တွေ့သမျှစားပြီး အသက်ဆက်ပြီး နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို ပြန်လာ နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ပြန်ရောက်ပြီး မကြာခင်မှာပဲ ဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်တဲ့ သတင်းကို သူတို့တစ်တွေ ကြားရပါတော့တယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းလည်း တပ်မတော်က နုတ်ထွက် လိုက်ပါတယ်။
““ထိုသတင်းကို ကြားရသဖြင့် ကျွန်တော်တို့ အလွန် စိတ်ပျက်ကြ၏။ ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်ကြ၏။ လေးစားကြ၏။ အားကိုးကြ၏။ ကျွန်တော်တို့ လေးစား အားကိုးသည့် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နုတ်ထွက်သွားလေပြီ။ ကျွန်တော်တို့ မှီခိုရာဖြစ်သော တပ်မတော်ကြီးသည်လည်း ပြိုကွဲ၍ သွားလေပြီ””လို့ ရေးထားပါတယ်။
ဒါ့အပြင်လည်း ဂျပန်ပြည်က ပညာတော်သင် ကျောင်းသား တစ်သိုက်လည်း အင်္ဂလိပ် စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံရပါတယ်။ ဒီသတင်းကို ဗိုလ်ချုပ်အောင်ဆန်း ကြားတဲ့အခါ မှာတော့ ဒေါပွပြီး အမြန် ပြန်လွှတ်ပေးဖို့ အင်္ဂလိပ် အစိုးရကို တောင်းဆိုလို့ သူတို့ပြန်လွတ် လာခဲ့ပါတယ်။
၁၉၄၆ ခုနှစ် မှာတော့ တပ်မတော် ယခင်ရှိတဲ့ အင်အားထက် လျှော့ပြီး ပြန်ဖွဲ့ခဲ့ပါတယ်။ အဲဒီခုနှစ်မှာပဲ စာရေးသူလည်း တပ်မတော်ကို ကျောခိုင်း ခဲ့ရတော့သည်။
အညတြ စစ်သည် တစ်ဦး၏ မှတ်တမ်းကို ရေးသားသူ ဆရာ ခင်မောင်ညို (မန်း) ဟာ ၂၀၁၀ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ပြီး လေးနှစ်ကျော်ကြာပြီး တတိယအကြိမ် ထွက်ခဲ့တဲ့ ဒီစာအုပ်ထဲမှာ တွေးစရာ မှတ်စရာတွေ ပါနေတာကတော့ အမှန်ပါပဲ…။
No comments:
Post a Comment