by - ဘဝခြေရာ
‘သစ္စာစောင့်ရန် မိန်နာခံ … စိတ်ဓာတ်ခိုင်ကြောင်း စည်းကမ်းကောင်း …
လေ့ကျင့်တိုက်ရည် ကျန်းမာစေ… ရဲဘော်စိတ်ထား တို့စွန့်စား… သန္နိဌာန်ထား
အားဆယ်ပါး…’
‘တစ် … နှစ် … သုံး … လေး’
‘တစ် . နှစ် . သုံး . လေး
‘တစ် နှစ် သုံး လေး တစ် နှစ် သုံး လေး’
‘ပြည်သူ့စစ်သား . ပြည်သူ့စစ်သား’
ဒီအသံတွေဟာ စစ်သင်တန်းကျောင်းတွေရဲ့ ကိုယ်လက်ကြံ့ခိုင်ရေးနဲ့
သက်လုံလေ့ကျင့်ခန်း PT ပြေးရာမှာ ရွတ်ဆို နေကျ တိုင်ပင်ကြွေးကြော်သံတွေထဲက
တခုပါ။ တပ်မတော်ရဲ့ အား(၁၀)ပါး ကို မှတ်သားရ လွယ်ကူအောင် လေးလုံးစပ်
သံပေါက်ကဗျာသဖွယ် အတိုချုံးရေးစပ်ထားတဲ့ ဆောင်ပုဒ်လည်း ဖြစ်ပါတယ်။
မနက်စောစော မှိန်ပြပြ လျှပ်စစ်မီးရောင်အောက် မြေညီလမ်းကနည်းနည်း
ကုန်းဆင်းကုန်းတက်တွေပေါများတဲ့ မြွေလိမ်မြွေကောက် ကတ္တရာလမ်းမပေါ်မှာ
မိုးရေတွေ၊ နှင်းထုတွေကြားထဲ ချွေးရွှဲရွှဲစိုအောင် ဟန်ချက်ညီ ပြေးလွှားနေတဲ့
လူတန်းကြီးဟာ ဦးဆောင်သူ သင်တန်းဆရာ ရဲ့ တိုင်ပင်ခေါ် အချက်ပေးသံရတာနဲ့
ဘယ်ခြေ အကျမှာ (ဆောင်ပုဒ်ကို သံပြိုင်ညီညီ) စဆိုကြရတာပါ။
ကျနော်တို့ တပ်သားသစ်အခြေခံစစ်ပညာသင်တန်း တက်တုန်းက အသွားအပြန် ၁၀
မိုင်လောက် ရှည်လျားတဲ့ ခရီးတလျှောက် ဆောင်ပုဒ်များစွာကို တလှည့်စီ
အော်ဟစ်သီဆိုရင်း ပြေးလွှားလေ့ကျင့်ရတဲ့ နံနက်ခင်း ကိုယ်လက်ကြံ့ခိုင်ရေးနဲ့
သက်လုံလေ့ကျင့်ချိန်ဟာ ၁ နာရီဝန်းကျင် လောက် ကြာမြင့်ပါတယ်။ လေ့ကျင့်ရေး
ဆောင်ပုဒ်တခုဖြစ်တဲ့ ‘ချွေးထွက်များမှ သွေးထွက်နည်းမယ်’ ဆိုတဲ့ အတိုင်း
စစ်သားဆိုတာ စစ်မြေပြင်မှာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ဖို့၊ လွယ်လွယ်နဲ့
ထိခိုက်ဒဏ်ရာရတာမျိုး မဖြစ်စေဘို့ လေ့ကျင့်ရေးကွင်းမှာ မွန်းမွန်းတီးတီး
ခက်ခက်ခဲခဲ အပင်ပန်းခံ လေ့ကျင့်ယူရတာ ဖြစ်ပါတယ်။
စစ်နည်းဗျူဟာ အပါအဝင် ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတွေကို
ခံနိုင်ရည်ရှိရှိ သင်ကြားတတ်မြောက် နိုင်သော ကျန်းမာရေး အခြေအနေ
ကောင်းမွန်သော ဆေးအဆင့် (က) ရှိသူများကိုသာ စစ်သားစုဆောင်းရေး မှာ
သေချာစီစစ် ရွေးချယ်လက်ခံရတာလည်း ဖြစ်ပါတယ်။ ကျနော်တို့ ရေတပ်ထဲဝင်ဖို့
လျှောက်ထားစဉ်က ဘောလုံးကွင်းတပတ် အပြေးလေ့ကျင့်စစ်ဆန်းချက် နဲ့
ပဏာမဆေးစစ်ရာမှာပင် လျှောက်ထားသူ ဦးရေ (၄၀၀)လောက်မှာ (၂၀၀) ကျော်
စာရင်းလျော့နည်းသွားပါတယ်။ နောက်ထပ် အထွေထွေဗဟုသုတ အင်တာဗျူးနဲ့
ဆေးကြီးစစ်မှာလည်း လူ (၅၀) ကျော် ထပ်လျော့သွားတာမို့ တပ်ဝင်စာချုပ်
ချုပ်ဆိုတဲ့အချိန်မှာ လူ(၁၀၀) လောက်သာ ကျန်ရှိပါ တော့တယ်။
ဒါတွေက ကျနော်တို့ တပ်ထဲဝင်ခါစအချိန်မှာ သိမီကြုံတွေ့လိုက်ရတဲ့ စစ်သားပုံရိပ်တချို့ပါ။
……………………………………………………………………………………………
ဟိုတလောက အွန်လိုင်းပေါ်မှာ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ညီငယ်တဦးနဲ့
ရှေးဟောင်းနှောင်းဖြစ် ရယ်စရာ လွမ်းမောစရာလေးတွေ စမြုံ့ပြန်ပြောနေကြရင်း
သူက….
** ဒါ နဲ့  အကို အား ၇င် ပို့ စ် တစ်ခု တောင်း ချင် သေး တယ်ေ၇း ပေး လေနော်….
*** ပြောလေ ညီ… ဘယ်လိုမျိုးရေးစေချင်တာလဲ…
** တပ် နဲ့ ပါတ် သက် တာ ပေါ့….. အခြား ဟုတ် ပါ ဘူး ဗျာ
*** အစ်ရှူးတခု သိရရင် ပိုကောင်းမယ် ညီ….
** အခြား အဆင့် တပ် မတော်သား တွေ တပ် ထဲ ကို သွင်း မယ် ဆို၇င်… ဆေး အဆင့် (က) ကို
တိ တိ ကျ ကျ လိုက် နာ ဖော် ဆောင် ဖို့  ပေါ့…..
*** အင်း … နည်းနည်းလောက် အစဖော်ပေးပါလား …
** လက် ရှိ အခြေ နေ က ဘာမှ သေချာ မစစ်တော့ဘူး လေ.. ဆေး အဆင့် က အေ၇း မကြီး ဘူး
အေ၇ တွက် ကို ဘဲ ဦး စား ပေး နေ တဲ့ သဘော ဖြစ် နေတာ မလား
*** အင်း ဟုတ်တော့ ဟုတ်တယ်ဟ …
** အဲ ဒါ ကြီး က မှား နေ လို့  ပေါ့… ဖင် ကုန်း ချောင်း ဆိုး တွေ ဘာ တွေ လည်း မရှိ တော့ ဘူး
အကို ကေ၇း တတ် တော့ အဆင် ပြေ မှာ ပါ ….
*** အဲဒါတွေက အခု လက်ရှိအနေအထားလား ညီ …….
** ကျွန်တော် တို့  ၀င် ကတည်း က…. ၁၉၉၅ ကတည်း က ဆေး သိပ် မစစ် တော့ ပါ ဘူး
*** သြော် ………………
** သန္ဓေ၀င် တွေကို ခုထပီး ကောက်စစ် လည်း ဆေးအဆင့် ကျ မဲ့ သူ တွေ ရှိ နေမှာ
ဒု နဲ့  ဒေး ပါ… အေ၇ အ တွက် ကို ဦးစား မပေး ဘဲ အ၇ည် အချင်း ကို ဦး စား
ပေး သင့် တယ် ထင် လို့ ပါ….
*** အင်းပေါ့ …..
** အကို က အဲ ဒါ လေး တွေ ထောက် ပြ ၇င် အနည်းနဲ့ အများ တော့ အကျိုး သက်
ေ၇ာက် မယ် ထင် လို့  ပါ…. သုံး စား မ၇ တဲ့  အစု ဖွဲ့  ထက် စာ ၇င်… တစ်
ယောက် ရှိ တစ် ယောက်.. ၂ယောက် ရှိ ၂ယောက်… အဲ ဒါ က ပို ထိေ၇ာက်အောင် မြင်
မှာ ပေါ့…..
*** အေးပါ…. အကိုကြိုးစားရေးကြည့်ပါ့မယ် …
………………………………………………………………………………………………
သူနဲ့ စကားပြောပြီးချိန်မှာ ကျနော့်အတွေးအာရုံထဲ မြင်ကွင်းတချို့
ပြန်မြင်ယောင်လာမိတယ်… တပ်ထဲမှာ ကင်တင်းဆိုင်ထိုင်တဲ့အခါဖြစ်ဖြစ်..
တပ်အနီးပတ်ဝန်းကျင်က လက်ဖက်ရည်ဆိုင် ထိုင်တဲ့ အခါဖြစ်ဖြစ် …
ကြိုပို့ယာဉ်စီးဖို့ စောင့်ရတဲ့ နေရာမှာဖြစ်ဖြစ်…. အချိန်မတန်ခင်
အရွယ်အိုနေတဲ့ စစ်သားတချို့ကို တွေ့တွေ့ နေရတတ်တဲ့ မြင်ကွင်းတွေပါ။
သူတို့နဲ့ လုံးဝရင်းနှီးမှု မရှိသေးတဲ့လူဆိုရင် သူတို့ကို စစ်သက်
စီနီယာအတော် ကျတဲ့ ရဲဘော်ကြီးတွေလား… ဒါမှမဟုတ်… ပြစ်မှုတခုခု
ကျူးလွန်ထားလို့ အဆင့်လျှော့ချခံထားရတဲ့ ဆရာသမားတွေလား စသဖြင့်
အထင်မှားစရာပါ.. တချို့ဆို အရောင် လွင့်ပြယ်ဟောင်းနွမ်းနေပြီး..
အင်္ကျီလက်ပခုံး ကျောက်ဆူးတံဆိပ်အောက်နားမှာ အဖတ်ကွာထားတဲ့
အဆင့်တံဆိပ်ရာဟောင်းကလည်း ထင်းထင်းကြီး တွေ့နေရတတ်တော့ .. စိတ်ထဲ
သို့လောသို့လော သံသယ ပွားစရာတွေ ပိုဖြစ်ရတာပေါ့ …
တကယ့်တကယ်မှာတော့ သူတို့ဟာ စစ်သက် (၅) နှစ်ပတ်ဝန်းကျင် အသက် (၂၅)
နှစ်လောက် အရွယ် ကောင်းလေးတွေ။ ရုပ်သွင်က ညောင်နာနာ။ လက်ကြားမှာ
ဆေးလိပ်အမြဲညှပ်လို့.. ယူနီဖောင်း အင်္ကျီ အိတ်ထဲမှာလည်း ကျည်ဆံအပြည့် …
ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ပြန်ထုတ်လိုက်တဲ့ အကြိမ် တိုင်းလိုလို မီးခြစ်
တလုံးက လက်ထဲမှာအဆင့်သင့်။ စကားပြောနေရင်း မကြာခဏ တဖက်ကို လှည့်ပြီး
ချောင်းဟန့် လည်ချောင်းရှင်းတတ်တယ်။ ပြောလိုက်တဲ့ စကားသံကျ ချွဲသလိပ်
လှိုင်ခေါင်းသံ။ သူတို့ပုံမြင်ရတော့ ကိုယ်ပါအလိုလိုနေရင်း အသက်ရှူ
ကျပ်လာသလိုမျိုး ခံစားခဲ့ရဖူးတယ်။
ဒီအရွယ်တွေဟာ နုပျိုသွက်လက်ပြီး သန်မာ ဖျတ်လတ် အမြဲတမ်းတက်တက်ကြွကြွ
ရှိနေရမယ့် အရွယ်မျိုး။ သို့ပေမဲ့ သူတို့ကြည့်ရတာ နာတာရှည် ဂီလာနတွေလို
အားမရနိုင်စရာ။ မိုးကလေးနည်းနည်းအေးလာရင် အနွေးထည်မခွာတော့ဘူး။ နေပူထဲ
အလုပ်လုပ်ရပြန်တော့လည်း တကိုယ်လုံးနုံးခွေယိုင်နဲ့နေပြီး ယပ်ခပ်ပြုစုရ
တော့မတတ် ခြေပစ်လက်ပစ် ဖြစ်နေတာတွေ မြင်တွေ့ ကြုံဆုံခဲ့ရတာပါ။
၂၀၀၅ ခုနှစ်မှာ စုဆောင်းရေးဌာနကို တပ်သားသစ် ၂ ဦး အပ်နှံပေးခဲ့ဖူးပါတယ်။
သူတို့အတွက် အုပ်ချုပ်ရေး ကိစ္စတွေ အနီးကပ်ဆောင်ရွက်ပေးခဲ့ရပေမဲ့ …
ဆေးရုံမှာ ဆေးစစ်တဲ့အချိန်တော့ ကျနော်အပြင်မှာ မှာပဲ
စောင့်ဆိုင်းနေခဲ့တာပါ။ ဆေးစစ်တဲ့ ဆရာသမားဆီက ‘အိုကေ’ အဖြေတခုရတာနဲ့
နောက်ထပ်လုပ်စရာ တွေဆက်လုပ်နိုင်ဖို့ စုဆောင်းရေးဌာနကို ပြန်လာခဲ့ပါတယ်။
ဆေးစစ်တဲ့ပရိုစီဂျာ အသေးစိတ်ကိုလည်း မမေး ဖြစ်ခဲ့ပါ။ ထိုက်သင့်တဲ့
ဝန်ဆောင်မှုရှိရင် ဆေးအောင်တယ်လို့ပဲ အကြမ်းဖျင်းသိထားခဲ့တယ်။ အဲဒီအချိန်က
တလစာခွဲတမ်း တပ်သားသစ် ဦးရေ (၁၀၀) ပြည့်ဖို့ အသဲအသန် စုဆောင်းနေရတဲ့ကာလ။
ကျနော် စာရင်း သွင်းပေးခဲ့တဲ့ ရဲဘော်သစ် ၂ ယောက်လုံးဟာ ရပ်ကွက်ထဲမှာ
ရင်းနှီးပြီးသားအကြောင်းသိတွေ… အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားလည်း
ပြည့်မီတယ်။ ပြီးတော့ သူတို့ မိဘတွေကိုယ်တိုင် မိသားစု အရေးနဲ့
ကလေးတွေရှေ့ရေးတွေးပြီး လိုလိုလားလား အပ်နှံပေးခဲ့သူတွေ ဖြစ်တာကြောင့်
နောက်ကြောင်း အေးခဲ့ရပါတယ်။
ပြန်တွေးကြည့်တဲ့အခါ တပ်မှာ ကျန်းမာရေးစံသတ်မှတ်ချက် ပြည့်မီမှုမရှိတဲ့
ရဲဘော်တွေ တိုးပွားလာတာနဲ့အမျှ အရေအတွက် သာများလာပြီး တပ်မတော်အတွက်
အားမဖြစ်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာစေခဲ့ပါတယ်။ စစ်မှုထမ်းတဲ့ စိတ်ဓာတ်ကို
လေးစားပါတယ်။ သို့သော် ကြံ့ခိုင်မှုအားနည်းတဲ့ လျော့တိလျော့ရဲ
လှုပ်ရှားဟန်တွေ က အားမစရာ။
ဒီလိုဖြစ်လာရတဲ့ အခြေခံအကြောင်းအရင်းဟာ တပ်မတော်သားခေတ် မှေးမှိန်လာမှုက
အစပြုမယ်လို့ ယူဆမိ ပါတယ်။ ဒီဘက်ခေတ်မှာ တပ်မတော်ထဲကို
ဝင်ရောက်အမှုထမ်းလိုတဲ့ လူငယ်လူရွယ်တွေ နည်းပါးလာပြီး တပ်အင်အားကို
ချဲ့ထွင်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတော့ တပ်သားသစ် ဈေးကွက်မှာ
ရောင်းလိုအားက နည်း ဝယ်လိုအားကသာ များနေပြီး စုဆောင်းရေးတာဝန်ခံတွေအဖို့
ရွေးချယ်ဖို့ အခွင့်အလမ်း ကျဉ်းမြောင်း သွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ဒီတော့ စစ်တပ်ယန္တယား ပုံမှန် လည်ပတ်နိုင်ရေးအတွက် ရနိုင်သမျှကုန်ကြမ်း
အကုန်သိမ်းကျုံးယူရတဲ့ အဆင့်ဖြစ်၊ ဒီလိုနဲ့ ဆက်စခန်းသွားနေခဲ့ရာက တဖက်မှာ
အင်အားဖောင်းပွမှု ဖြစ်လာ ရသလို အခြားတဖက်မှာလည်း ပြုန်းတီးအင်အားဟာ
ဘရိတ်မအုပ်နိုင်အောင် များပြားခဲ့ရပါတယ်။
ပြီးခဲ့တာတွေအတွက် ရှိပါစေတော့လေ … နောင်လာမယ့် အနာဂတ်ကာလမှာ
အင်အားကျစ်လစ်ခိုင်မာပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့
တပ်မတော်တရပ်ဖြစ်လာစေဖို့ … လေ့ကျင့်သားပြည့်ဝတဲ့ တပ်မတော်သား ကောင်းတွေ
မွေးထုတ်ပေးနိုင်အောင်… စစ်သားဘဝ စတင် သန္ဓေတည်နိဒါန်းပျိုးရာ
စုဆောင်းရေးဌာနမှာ ကတည်းက ကျန်းမာကြံ့ခိုင်ပြီး ဆေးအဆင့် စံသတ်မှတ်ချက်
ပြည့်မီသော ရဲဘော်သစ်များကိုသာ ထာဝစဉ်ရွေးထုတ် စုဆောင်း
ခန့်အပ်နိုင်ပါစေကြောင်း ဆုတောင်းမျှော်လင့်လျက်….။
လေ့ကျင့်တိုက်ရည် ကျန်းမာစေ………………………
နေမင်းသူ
၂၃-၈-၂၀၁၃
No comments:
Post a Comment