လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဗိုလ်ကြီးဟောင်းဘချစ်နှင့် တွေ့ဆုံမေးမြန်းချက်



အာဏာရှင်အမြစ်ပြတ်ရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်းကို လုပ်ကြံရန် ကြိုးစားခဲ့သည့် နိုင်ငံတော်လုမှုတွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးဟောင်းဘချစ်နှင့် တွေ့ဆုံမေးမြန်းချက်
----- ----- ----- ----- -----

လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ခန့် ၁၉၇၆ ခုနှစ်က နိုင်ငံတော်လုပ်ကြံမှုဟု စွပ်စွဲခံရပြီး ဗိုလ်ကြီးတဦး သေဒဏ် ပေးခံရကာ တချို့တရားခံဗိုလ်မှူး၊ ဗိုလ်ကြီးများ တသက်တကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည် အပြစ်ပေးခံခဲ့ရပါ သည်။ သေဒဏ်ပေးခံရသူ ဗိုလ်ကြီးအုန်းကျော်မြင့်နှင့်အတူ တရားခံများမှာ ဗိုလ်ကြီးဝင်းသိန်း၊ ဗိုလ်ကြီးထွန်း ကျော်၊ ဗိုလ်ကြီးဘချစ်၊ ဗိုလ်ကြီးဝင်းမောင်၊ ဗိုလ်ကြီးအောင်ကြည်ဦးတို့ ဖြစ်ကြပါသည်။ 
၎င်းဗိုလ်ကြီးခြောက်ဦးသည် နိုင်ငံတော်အကြီးအကဲများကို လုပ်ကြံသုတ်သင်ရန် ကြံစည်မှုဖြင့် စွပ်စွဲခံရသည့် တရားခံများဖြစ်ပါသည်။ ထိုအချိန်တွင် မြန်မာပြည်ကို အုပ်ချုပ်နေသူမှာ စစ်အာဏာရှင် ဗိုလ်ချုပ်နေ ၀င်းဖြစ်ပြီး ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း
ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD အဖွဲ့ချုပ် နာယကကြီး) ဖြစ်ကာ ထောင်ချခံခဲ့ရပါသည်။

နိုင်ငံ့ခေါင်းဆောင်များအား လုပ်ကြံရန် ကြံစည်မှုဖြင့် တရားခံအဖြစ် အစွပ်စွဲခံရသူများတွင် ပဲခူးမြို့သား ဗိုလ်ကြီး ဘချစ်လည်း ပါဝင်ပါသည်။ ဗိုလ်ကြီးဘချစ်သည် ယခုအချိန်တွင် မည်သည့်နိုင်ငံရေးမှ မလုပ်တော့ဘဲ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ကြီး(၈) ရှေးဟောင်း နရဏီသိမ်အနီး မင်္ဂလာမိုးကုတ်ဝိပဿနာ တရားစခန်းမှာ တရား ဘာဝနာများအားထုတ်၊ တရားစခန်း၏ အလုပ်များနှင့်ယောဂီများ စိတ်ချမ်းသာစွာ တရားအားထုတ်နိုင်ရန် ဝေယျာဝစ္စများလုပ်ကိုင်ရင်း ငြိမ်းချမ်းစွာ ဘ၀ကိုဖြတ်သန်းလျက်ရှိနေပါသည်။ တနေ့တွင် ဗိုလ်ကြီးဘချစ်(ငြိမ်း) နှင့် တွေ့ဆုံရပါသည်။ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ စကားစမြည် ပြောဆိုမေးမြန်းခဲ့ပါသည်။ အလွန်စိတ် ၀င်စားစရာ သူ့ဘ၀အတွေ့အကြုံများကို ယခုလို သိရှိရပါသည်။

မေး- ဗိုလ်ကြီးတရားဓမ္မနဲ့ပဲ ပျော်မွေ့နေပြီပေါ့နော်။ 
ဖြေ- ဟုတ်ပါတယ်။ အသက် (၇၆)နှစ်ထဲ ရောက်နေပြီလေ။ ဒီအရွယ်ဆိုတော့ ကိုယ့်အတွက်လေး ပါအောင် လုပ်ရတော့မယ် မဟုတ်လား။ 

မေး- မှန်ပါတယ်။ ဗိုလ်ကြီး ဆုံတုန်းဆုံခိုက်ပေါ့နော်။ ဟိုတချိန်တုန်းက ဟိုးလေးတကျော်ကျော် နာမည်ကြီးခဲ့တဲ့ နိုင်ငံတော်လုပ်ကြံမှုလို့ စွပ်စွဲခံရတဲ့ ဗိုလ်ကြီးခြောက်ဦးထဲမှာ ဗိုလ်ကြီးလည်းပါတယ်။ ကျွန်တော် သိချင်တာက ဘာကြောင့် ဗိုလ်ကြီးက နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းတို့၊ ဗိုလ်ချုပ်ကြီးစန်းယုတို့ကို လုပ်ကြံ ချင်ရတာလဲဆိုတာ သိချင်ပါတယ် ဗိုလ်ကြီး။ 
ဖြေ- သူတို့မရှိမှ တိုင်းပြည်ကောင်းမှာမို့ သတ်ချင်တာ။ အဲဒါကြောင့်မို့ ဗိုလ်ကြီးအုန်းကျော်မြင့်က ဗိုလ်ချုပ်ကြီး နေ၀င်း (ဦးနေ၀င်း) အပါအ၀င် အာဏာရှင်တွေကိုလုပ်ကြံဖို့ ကြိုးစားခဲ့တာပဲ။ 

မေး- ဗိုလ်ကြီးပြောတဲ့ထဲမှာ သူတို့မရှိမှ တိုင်းပြည်ကောင်းမှာမို့ သတ်ချင်တယ်ဆိုတာ သိပ်မရှင်းလို့ ဗိုလ်ကြီး ထပ်ပြောပြပေးပါဦး။ 
ဖြေ- ပြောရမယ်ဆိုရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီစနစ် ထူထောင်ကတည်းက ဗိုလ်ကြီးအုန်းကျော် မြင့်တို့၊ ငါတို့က တို့မြန်မာပြည် ကြီးမွဲတော့မယ်။ ဒုက္ခရောက်တော့မယ်ဆိုတာသိနေလို့ ဒင်းတို့သေမှ၊ မရှိမှ တို့တိုင်းပြည်ကောင်းမှာလို့ ကြိုသိနေလို့ လုပ်ကြံဖို့ ကြံစည်တာပဲ။ တပါတီတည်းထူထောင်ကာ အာဏာရှင်စနစ် ကိုတည်ဆောက်တာပဲ။ သူတို့ လုပ်ချင်ရာလုပ်မယ် လုပ်ချင်ရာလုပ်ခဲ့လို့လည်း တို့တိုင်းပြည်ဟာ ရွှေပုံပေါ် စံနေရာကနေ သူ့လက်ထက်မှာပဲ ကမ္ဘာမှာ အမွဲဆုံးဖြစ်ခဲ့ရတာ မဟုတ်လား။ 

မေး- သြော်၊ တိုင်းပြည်မွဲတော့မယ်ဆိုတာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့၊ ဗိုလ်ကြီးတို့က မြန်မာပြည်ရဲ့ ကံကြမ္မာ ရှေ့အနာဂတ်ကို ကြိုသိနေတယ်ပေါ့နော်။ အဲဒီအချိန်မှာ ဗိုလ်ကြီးတို့ ဘယ်အရွယ်လောက်ရှိပြီလဲ ခင်ဗျာ။ 
ဖြေ- အဲဒီတုန်းက တို့အသက်က (၃၂) နှစ်ပဲရှိသေးတယ်။ အဲဒီအချိန်က တပ်မတော်မှာ ဗိုလ်ကြီးဆိုတာ အတော် ရှားတယ်။ ဗိုလ်ကြီးတယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ နှစ်တွေအများကြီး ကြိုးစားရတာ။ ဒါပေမဲ့ တိုင်းပြည် ဒုက္ခရောက်မယ်ဆိုရင်တော့ ဒီရာထူးလည်း မက်မနေနိုင်ဘူး။ ဒါကြောင့် ဗိုလ်ကြီးအုန်းကျော်မြင့်တို့၊ ငါတို့ ဒီလို ကြံစည်ခဲ့ရတာ။ 

မေး- အဲဒီအချိန်က အသက်လေးတွေက ငယ်ငယ်၊ ရာထူးကမြင့်ဆိုတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေ တဲ့အရွယ်မှာ တိုင်းပြည်နှင့်လူမျိုး ဒုက္ခရောက်မှာကို ကြိုမြင်ကြိုသိနေတဲ့ လူငယ်စစ်ဗိုလ်များရဲ့စိတ်ဓာတ်ရယ်၊ ရာထူးပါမက အသက်ပါ စွန့်သွားရှာတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်ရယ်၊ နောက်ဗိုလ်ကြီးတို့လို စိတ်ဓာတ်ရှိတဲ့ လူငယ်တွေ တပ်မတော်မှာ များများပေါ်ပေါက်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ဒါနဲ့ ဗိုလ်ကြီးတို့ ဘယ်လောက်ထိအောင် လုပ်မယ်လို့ကြံစည်ခဲ့ကြပါသလဲ။
ဖြေ- ဗိုလ်ကြီးအုန်းကျော်မြင့်အပါအ၀င် ငါတို့ကြံစည်ခဲ့တာကတော့ အာဏာရှင်အမြစ်ပြတ်တဲ့အထိပဲလေ။ လေ တပ်အကူအညီယူမယ်။ သမ္မတအိမ်ဝင်းတခုလုံး ဗုံးကြဲပစ်မယ်။ အဲဒီလောက်ထိ ကြံကြတာ။ အဲ . . . လေတပ်က ဗိုလ်ချုပ်သောင်းဒန်၊ ဗိုလ်ချုပ်သောင်းဒန်က ငါတို့ဆရာပေါ့ သူ့ကို အစီအစဉ်ပြောပြတော့ အဲဒီအချိန်က သူက အငြိမ်းစားယူထားပြီးပါပြီ။ သူက လေတပ်အကူအညီရဖို့ဆိုရင် ဗိုလ်ချုပ်စောဖြူ သူ့ကိုအကူအညီတောင်းဆိုတော့ သွားတောင်းတော့ အဲဒီမှာ အစပေါ်ပြီး အဖမ်းခံရတာပဲ။ အဲဒီတုန်းက တို့အကြံအစည်အောင်မြင်ခဲ့ရင် တိုင်းပြည်အခုလို ဒုက္ခရောက်မှာ မဟုတ်ဘူး။ အာဏာရှင်ဆိုတာလည်း ချုပ်ငြိမ်းသွားမယ်။ အဲဒီလိုမဖြစ်ခဲ့တော့ ဦးနေ၀င်းဟာ အာဏာရှင်ပီပီ တိုင်းပြည်ကို လုပ်ချင်ရာလုပ် တော့တာ၊ သူ့မိသားစု သူ့အမျိုးကောင်းစားဖို့တခုတည်းပဲကြည့်တာ။ 
တိုင်းပြည်မွဲအောင်လုပ်တဲ့အပြင် လူတွေရဲ့အကျင့်ကိုပါ ဖျက်ဆီးပစ်တာကလား။ ပြောရရင် အဲဒီတုန်းက ဒင်းတို့ မျက်နှာကို တံတွေးနဲ့တောင် ထွေးပစ်ချင်တာ၊ အဲဒီလောက်ထိ စိတ်ထဲမှာနာခဲ့တာ၊ ကြည့်လေကွာ တိုင်းပြည် လည်း ဆင်းရဲ၊ ပြည်သူတွေ မွဲပေမယ့် သူတို့ကတော့ တိုင်းပြည်သယံဇာတတွေရောင်းစားပြီး ချမ်းသာချင်တိုင်း ချမ်းသာနေကြတာလေ။ 

မေး- ဗိုလ်ကြီးတို့က ဦးနေ၀င်းအုပ်စုကို လုပ်ကြံပြီး ဘယ်သူ့ကိုများ တိုင်းပြည်ခေါင်းဆောင်တင်ဖို့ စိတ်ကူး ရှိလို့ပါလဲ။ 
ဖြေ- ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ၀န်ကြီးချုပ်ဦးစိန်ဝင်းကိုတင်မှာ၊ ဗိုလ်ချုပ်ကြီးတင်ဦးဆိုတာ အခုအမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်မှာ နာယကကြီး၊ အဲဒီအချိန်က အသက်ငယ်ဆုံးတပ်မတော်မှာ ရာထူးအမြင့်ဆုံး ကာကွယ်ရေး ဦးစီးချုပ်လေ၊ ၀န်ကြီးချုပ် ဦးစိန်ဝင်းရော ဗိုလ်ချုပ်ကြီးဦးတင်ဦးရော နှစ်ယောက်စလုံးဟာ ရိုးသားကြတယ်။ အဲဒါကြောင့် ဒီနှစ်ဦးကိုရွေးခဲ့တာ၊ ဒါပေမဲ့ တို့ဗိုလ်ချုပ်ကြီးတင်ဦးဟာ ဒီလုပ်ကြံမှုကိုသိပါလျက် ထိမ်ချန်တယ် ဆိုပြီး ရာထူးလည်း ပြုတ်ခဲ့တယ်။ ထောင်လည်း နှစ်ရှည်ကျခဲ့တယ်။ တို့နဲ့ထောင်မှာ အတူတူပေါ့ကွာ။

မေး- ဗိုလ်ကြီး စောစောကပြောခဲ့တယ်နော်။ တပါတီ အာဏာရှင်စနစ်ကို ဦးနေ၀င်းထူထောင်လို့ တိုင်းပြည် ဆင်းရဲတယ်၊ ဆင်းရဲမှာကို ကြိုမြင်ပြီး လုပ်ကြံဖို့ ကြံစည်ခဲ့တာလို့အဲဒါဆို ကျွန်တော်မေးမယ်။ အဲဒီအာဏာ ရှင်ကြီးရှိတုန်းက တိုင်းပြည်မှာ သစ်တောတွေလည်း မပြုန်းတီးဘူး။ လူတွေလည်း ပြည်ပမှာ အခုလို မျက်နှာ ငယ်နဲ့ အလုပ်သွားလုပ်ကြတာ နည်းတယ်။ အခုဆို ဗိုလ်ကြီးအမြင်ပဲ တောတွေလည်းကုန်ပြီး မြေပေါ်မြေ အောက် သယံဇာတဆိုလည်း ဘာတခုမှမရှိတော့ဘူး။ တောင်တွေ မြစ်တွေ ဓာတ်ငွေ့တွေဆိုလည်း အားလုံး တရုတ်လက်ထဲ ရောက်ကုန်ပြီ။ အခုဒီမိုကရေစီလက်ထက်ကျမှ တိုင်းပြည်ဟာ ပိုဆိုးနေတယ်လို့ပြောရင် ဗိုလ်ကြီးဘယ်လိုဖြေမလဲ။ 
ဖြေ- အေး ဟုတ်တယ်၊ ကြိုမြင်လို့ဆိုတာ ဒါပါပဲ။ တနေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိလို့ ဗိုလ်ကြီးအုန်းကျော် မြင့်တို့ ငါတို့ လုပ်ကြံခဲ့ရတာပဲ။ အာဏာရှင်ဆိုတာ သူတို့ သားစဉ်မြေးဆက်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ အစဉ်အဆက်လုပ်ထားပြီးသား။ 
ကြည့်ကွာ၊ ဦးနေ၀င်းဟာ ဘာလဲ၊ စစ်အာဏာရှင် ဦးနေ၀င်းက လမ်းစဉ်ပါတီကနေ ပါတီစုံပြောင်းတော့ ဘယ်သူ့ကို အာဏာလွှဲလဲ သူမွေးထားတဲ့ တပည့်တွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်၊ နောက် ဗိုလ်ခင်ညွန့်တို့ အဲဒါတွေဟာ ဦးနေ၀င်းမွေးထားတဲ့လူတွေ အခုဒီမိုကရေစီ အစိုးရပါလို့ပြောနေတဲ့ အစိုးရက ရော ဘယ်ကလာတာလဲ၊ ဒီပုတ်ထဲက ဒီပဲတွေလေ။ အေး လူသာပြောင်းချင်ပြောင်းပြ၊ ဘောင်းဘီချွတ်ပြလို့ မယုံလိုက်နဲ့ အားလုံးက ဦးနေ၀င်းချမှတ်ခဲ့တဲ့စနစ်အတိုင်း သွားနေတာ အဲဒါကို သဘောပေါက်ဖို့လိုတယ်။ 

မေး- ဒါဆို ကျွန်တော် ကြားဖြတ်ပြီး တခုမေးမယ်။ ရှစ်လေးလုံး အရေးတော်ပုံမှာ ပဲခူးမြို့မှာ ဗိုလ်ကြီးကိုယ်တိုင် သပိတ်မှောက်ခေါင်းဆောင်လုပ်ခဲ့တယ်နော်။ အဲဒီတုန်းက တတိုင်းပြည်လုံး အဲဒီလောက် အုံကြွခဲ့တာ ဘာဖြစ် လို့ စစ်အာဏာရှင်အမြစ်မပြတ်ခဲ့တာလဲ၊ အရေးတော်ပုံ မအောင်မြင်ခဲ့တာလဲ ဘာကြောင့်ပါလဲ ဗိုလ်ကြီး။ 
ဖြေ- တခွန်းတည်းပဲ ဖြေပါမယ်။ ခေါင်းဆောင်ကောင်းမရှိခဲ့လို့။ 

မေး- ဒါတင်ပဲလား ဗိုလ်ကြီး၊ ညီညွတ်မှုမရှိတာ၊ နေရာလုတာ၊ ဗိုလ်လုတာရော မပါဘူးလား။ 
ဖြေ- မှန်တယ်။ အဲဒီတုန်းက ၀န်ကြီးချုပ်ဦးနုက သူသာအစိုးရဖြစ်တယ်ဆိုပြီး လက်ရှိ အစိုးရနဲ့ယှဉ်ပြိုင်ထောင် တယ်။ ကြေညာတယ်။ ငါကတော့ ဦးနုမှန်တယ်လို့ ပြောချင်တယ်။ ဟုတ်တယ်၊ သူ့လက်ထဲက ဦးနေ၀င်းက အာဏာလုသွားတာလေ။ အခု သူပြန်တောင်းပြီ။ အဲဒီတုန်းကသာဝိုင်းပြီး ဦးနုဘက်က ထောက်ခံလိုက်ရင် ပွဲက ပြီးချင်ပြီးသွားမှာ။ သူ့အစိုးရဆိုတော့ လက်ရှိ အစိုးရနဲ့ သူနဲ့ထိပ်တိုက်တွေ့မှာလေ။ ဦးနုက နိုင်ငံရေး အား ကောင်းတယ်။ အဲဒီတုန်းက ဒေါ်စုကအစ မထောက်ခံဘူးလေ။

မေး- ကဲဒါဆို ပြောင်းလဲချိန်တန်ပြီ၊ NLD ကို မဲပေးမယ်လို့ ကြွေးကြော်နေကြပါပြီ။ ဒီတော့နိုင်ခဲ့ရင် တကယ်ရော ပြောင်းလဲမှာလား၊ ပြောင်းလဲတယ်ဆိုတာကလည်း အာဏာလွှဲပေးဦးမှနော် ဗိုလ်ကြီး။ 
ဖြေ- ကိုယ့်လူက အဲဒီလို မေးတော့ တကယ်ပြောင်းလဲမှာလားဆိုတာ ဒီနေ့ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဖြစ်ကြ တာရော၊ တကယ်ဖြစ်တာလား၊ အဲဒါကို ပြန်သုံးသပ်ရမယ်၊ တို့က လူကြီးနားမှာ နေလာရတာပါ။ အခုကိစ္စက သူ့လက်ထဲမှာရှိတဲ့ဓားကို ငါ့ကိုပေးစမ်း၊ ဘာလုပ်မလို့လဲဆိုတော့ မင်းကိုခုတ်သတ်မလို့ ဒီတော့ ဘယ်ပေးမလဲ၊ ခုတ်ချင်ခုတ် သူက ဦးအောင်ခုတ်မှာပေါ့။ အဲဒီလို ဦးအောင်ခုတ်ဖို့အတွက် ကမ္ဘာသိယုံအောင် သဏ္ဌာန်လုပ် သရုပ်တူ အောင်ရွှေမန်းတို့ သရုပ်ဆောင်ပြသွားတာ အဲဒီလိုပဲ သရုပ်ဆောင်ကောင်းတဲ့ လူတွေ သူတို့ဆီမှာ အများကြီးဇာတ်တိုက်ထားတယ်။ 

မေး- အခုနောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ဗိုလ်ကြီးအမြင်လေး သိပါရစေ။ 
ဖြေ- ရိုးသားဖြောင့်မတ်ပြီး အင်မတန်မှ လေးစားလောက်တဲ့ ခေါင်းဆောင်တယောက်ပါ။ ဗိုလ်ချုပ်သမီးပီသပါ တယ်။ ဒါပေမဲ့ သူ့ပါတီမှာကလည်း သူပဲကောင်းနေတာ။ အခုလက်ရှိ ဘေးနားမှာ ၀န်းရံနေတဲ့ သူတွေတချို့ အခွင့်အရေးတခုအတွက်ကြောင့်လို့ ဒီလိုပဲ မြင်တယ်။ ဆက်ပြောရရင် NLD ကျိန်းသေနိုင်မှာပါ။ ဒါပေမဲ့ အစိုးရ ဖွဲ့မယ်ဆိုရင် အင်အားမရှိဘူး။ အဆင်သင့်ပြင်ဆင်ထားတာ မမြင်ရဘူး။ တိုင်းပြည်နဲ့ ပြည်သူအတွက် ၂၀၁၅ ဟာ ကောင်းသောနှစ် ဖြစ်ပါစေလို့ ဒီလိုပဲ ဆုတောင်းပါတယ်။

ကျေးဇူးတင်ပါတယ်၊ ဗိုလ်ကြီး။
ရှေ့တပတ် ဆက်ရန် . . . 

မိုးမြင့်လွင်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>