လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာကို ထိုးဖောက်ရန်



***** မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာကို ထိုးဖောက်ရန် ပြင်ဆင်ရမည့် အချက်အလက်များ အဆိုတင်သွင်းခြင်း *****

ကမ္ဘာ့တိုက်ခိုက်ရေးအားကစား ပရိတ်သတ်တို့ကြားတွင် မြန်မာ့လက်ဝှေ့ သည် သည်းခြေခိုက် အားကစား တစ်ခုအဖြစ်စတင် နေရာယူလာနိုင်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ပရိတ်သတ်ဦးရေ နေ့စဉ်နှင့် အမျှ တိုးလာလျှက်ရှိပေသည် ။
မြန်မာ့လက်ဝှေ့ကို နှစ်သက် ခုံမင်ရသည့် အကြောင်းရင်းများအနက် ၊ တိုက်ခိုက်ရေး အားကစားသမား တစ်ဦး ၏ တိုက်ခိုက်ရေး လက်နက် စုံ ၊ သတ်ကွက်စုံ ခွင့်ပြုထားခြင်း ၊ လက်သီးဗလာထိုးသတ်ခြင်း ၊ ပြင်းဆိုင်မှူ ပြင်းထန် ခြင်း ၊ ကိုယ်ပိုင်ရိုးရာ ကိုယ်ပိုင်ဟန်ရှိခြင်း တို့ အဓိကပါဝင်ပါသည် ။

*****ရိုးရာမပျက်ထား ရမည့် အချက်များ*****


လက်သီးဗလာထိုးခြင်း ၊ ခေါင်းသတ် ၁ သတ် ၊ လက်သီး သတ် နှစ်သတ် ၊ တံတောင်သတ် နှစ်သတ် ၊ ဒူးသတ် နှစ်သတ် ၊ ခြေသတ် နှစ်သတ် ဟူသော သော သတ် ကိုးသတ် အပါအဝင် မောင်းကိုးမောင်းကိုလည်း ခံစစ်အတွက် သော်လည်းကောင်း ၊ လက်ဖျံ ကဲ့သို့သော မောင်းမျိုးကို ခံစစ် သာမက တိုက်စစ်အတွက်ပါ အသုံးပြုခွင့်ပေးထားခြင်း ၊ ချုပ်သိုင်း ၊ လက်ပွေ့ နဘမ်း အားစမ်း ၊ ကိုင်ပေါက် အောက်ဒေါက်ရှင်းတို့ကိုခွင့်ပြုခြင်း ၊ သုံးမိနစ် ငါးချီ ( ကြားပွဲ / မျိုးဆက်သစ် - သုံးမိနစ် သုံးချီ ) ထိုးစေခြင်း ၊ တစ်ချီမှ လေးချီအတွင်း အလဲထိုးခံရလျှင် ၊ အနာတရဖြစ်လျှင် ၊ လက်ပန်းကျလျှင် အနားတစ်ကြိမ်တောင်းခွင့်ရှိပြီး ဆက်လက်ထိုးသတ်နိုင်ခြင်း ၊ ရိုးရာဆိုင်းဝိုင်းထားရှိခြင်း ၊ ရိုးရာလက်ဝှေ့ ရေးပြစေခြင်း တို့ကိုမူ မူလရိုးရာမပျက် ထားရှိရမည် ။

***** ပြင်ဆင်ရမည့်  စည်းကမ်းများ *****

လက်ဝှေ့ ရေးကို လေးလေးစားစား ပြရန် နှင့် မွေထိုင်း ဘောင်းဘီ ၊ ထိုင်းစားလုံး ပါသော ဘောင်းဘီ ဝတ်ခွင့် မပြုခြင်းတို့ကို တင်းကြပ်စွာ စည်းကမ်းထုတ်ပြန်ရမည် ၊ မလိုက်နာပါက သတိပေး အဆင့် ၊ အရေးယူ အဆင့် တို့ဖြင့် ကိုင်တွယ် ဆောင်ရွက်ရမည် ။ 

လက်ရှိအမှတ်စဉ်ရေခြင်း စည်းမျဉ်း အရ တစ်ချီတည်းတွင် အမှတ်စဉ် သုံးကြိမ် အရေခံရလျှင် အရှုံး ( အနားတောင်း သည် အမှတ်စဉ် တစ်ကြိမ် နှင့် ညီ သည် ဟု မှတ်ပါ ) ၊ တစ်ပွဲလုံး အတွက် အမှတ်စဉ် လေးကြိမ် အရေခံရလျှင် အရှုံး ဖြစ်သည် ။ 

တစ်ချီတည်းတွင် အမှတ်စဉ် သုံးကြိမ် အရေခံရပါက သုံးကြိမ်မြောက်တွင် အရေခံရသူ ထ မလာနိုင်ပါက အရှုံးဟု သတ်မှတ်နိုင်သော်လည်း အရေခံရသူ ထ လာနိုင်ပါလျှက် ဆက်လက်ယှဉ်ပြိုင်ခွင့်မပြုပဲ ( အမှတ်စဉ်အကြိမ်ရေ ပြည့် ပီးရော သဘောမျိုး ဖြင့်) အရှုံးသတ်မှတ်ခြင်း ကိုပြင်ရမည် ။ အမှတ်စဉ် သုံးကြိမ်မြောက် ထလာပြီး ဆက်လက်ယှဉ်ပြိုင်ပြီးမှာ နောက်တစ်ခါ အလဲထိုးခံရ လျှင် ၊ မထနိုင်တော့လျှင် အမှတ်စဉ် ( လုံး ဝ ) လုံးဝ ထပ် ရေစရာမလိုပဲ လက်ခါပြကာ အရှုံးဟု ကြေညာရမည် ။ ( လက်ရှိ အမှတ်စဉ် ရေးခြင်း စည်းမျဉ်းမှာ နိုင်ငံ တကာ ကစားသမား များ သမက ပြည်တွင်း ကစားသမားများပါ ဇဝေဇဝါ ဖြစ်ရသည် ၊ ရိုးရာလက်ဝှေ့ ဝါသနာ အိုးတိုင်း ဤအချက်ကို သတိပြုမိပြီးဖြစ်ပေမည် ။ )

အလာတူပင် တစ်ပွဲလုံး အတွက် အမှတ်စဉ်လေးကြိမ်အရေခံ ရလျှင် အရှုံး ဆိုသည့်အတိုင်း လေးကြိမ်မြောက်တွင် ထလာနိုင်ပါက ဆက်လက် ယှဉ်ပြိုင်ခွင့်ပြုပြီး နောက်တစ်ကြိမ်အလဲထိုးခံရ သို့မဟုတ် ထမလာနိုင်မှ အမှတ်စဉ် ( လုံး ဝ ) လုံးဝ ထပ် ရေစရာမလိုပဲ လက်ခါပြပြီး အရှုံးဟု တန်းသတ်မှတ်ပေးရမည် ။

အနားတောင်းခွင့် ကုန်ဆုံးပြီးနောက် ပြင်းထန်စွာ အလဲထိုးခံရ၍ အထိနာလျှင် ၊ ဆက်လက်မယှဉ်ပြိုင်နိုင်တော့ဟု ယူဆနိုင်လျှင် ၊ ဒဏ်ရာကြီးကြီးမားမား ရလျှင် ၊ အကြောဆွဲ သတိမေ့နေလျှင် ၊ လက်ရည်ကွာလွန်းပြီး တစ်ဖက်သတ်ဖြစ်နေလျှင် ကြိုးဝိုင်းဒိုင် အာဏာအပြည့်ဖြင့် ရဲရဲ ဝံ့ဝံ့ ပွဲရပ်ရမည် ၊ မည်သူကျိုးကျိုးကန်းကန်း သေသေ ငါအမှတ်စဉ်ရေရပြီးရော ဆိုပြီး အမှတ်စဉ်ရေနေစရာမလို ပဲ လက်ခါပြ၍ ပွဲကိုရပ်ရမည် ။

မြန်မာ့ရိုးရာလက်ဝှေ့ စည်းမျဉ်း အောက်တွင်ထိုးရခြင်းကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ ရေးသာပြရမည် ၊ မွေထိုင်း လက်ဝှေ့ရေးအတွက် တကူးတက တီးလုံး ဖွင့်ပေးကာ နှစ်မိနစ် ကျော်ခန့် ခွင့်ပြုထားခြင်း မျိုး မရှိရ ။ မွေထိုင်းလက်ဝှေ့ရေးကို ခွင့်ပြုမှကို ရမည့် အထူးအခြေအနေများတွင် မွေထိုင်းလက်ဝှေ့ရေး အတွက် တစ်မိနစ်သာ အများဆုံးခွင့်ပြုရမည် ။

***** ဝိတ်တန်း နှင့် အတန်း သတ်မှတ်ချက်များ *****

ကမ္ဘာ့ တိုက်ခိုက်ရေး လောက တွင် လက်ရှိ တရားဝင် တွင်ကျယ်စွာ အသုံးပြုနေသော ဝိတ်တန်း စနစ်အတိုင်း ဝိတ်တန်းများ ထားရှိကာ ဝိတ်တန်းအလိုက် မြန်မာပြည် ချန်ပီယံများ မွေးထုတ်ပေးရမည် ။ ထိုသို့ ဝိတ်တန်းအလိုက် မြန်မာပြည်ချန်ပီယံများ ထာရှိ ပြီး မှသာ အလွတ်တန်း ချန်ပီယံ စိန်ခေါ်ပွဲလုပ်ကာ အလွတ်တန်းချန်ပီယံကို ထပ်ရွေးချယ်ရမည် ။ ထိုအခါ ဝိတ်တန်းငယ်လွန်းသူများ ဝင်မပြိုင်နိုင်ပါကလည်း ယခုခဲ့သို့မျက်နှာမငယ်ပဲ မိမိဝိတ်တန်းတွင်ပင် မြန်မာပြည် ချန်ပီယံ အဖြစ် ဂုဏ်ရှိစွာ ရပ်တည်နိုင်လေသည် ။ ( လောလောဆယ်တွင် ဝိတ်တန်းအလိုက် ရွှေခါးပတ် ချန်ပီယံများကိုဝိတ်တန်းအလိုက် မြန်မာပြည် ချန်ပီယံများ အဖြစ် ယူဆထားနိုင်ပါသည် ) 

ဝိတ်တန်းတူ သို့မဟုတ် ဝိတ်တန်းနီးစပ် မှ တွဲဆိုင်းကို ခွင့်ပြုရမည် ၊ စိန်ခေါ်ပွဲများတွင်လည်း အတန်းမကျော် လူမကျော်ပဲ အဆင့်ဆင့်သာ စိန်ခေါ်ထိုးသတ်စေရမည် ။ 

ဝိတ်တန်း နှစ်တန်း နှင့် အထက်ကွာသူတို့ စိန်ခေါ်ပွဲ ထိုးလိုလျှင် ထိုကစားသမား နှစ်ဦး ၏ မူလ ဝိတ် တန်းကို အတိုးအလျှော့ လုပ် ဝိတ်သိပ်မကွာ အောင် ညှိထိုးရမည် ။ ( ဥပမာ - ၇၀ ကီလို ကျားပေါက် နှင့် ၆၀ ကီလို မိုက်ရိုင်းတို့ထိုးသတ်ချင်လျှင် နှစ်ဦးစလုံး ၆၅ ကီလို ဝန်းကျင် ရအောင် လုပ်ပြီး ဝိတ် ညှိထိုးသတ် စေရမည် ) 

တွေ့မရှောင် ၊ ဝင်းထွန်း ၊ စိုးလင်းဦး တို့ကဲ့သို့ ဝိတ်အငယ်တန်းတွင် ပညာရှင် ဂန္ဒဝင် အဆင့်ပေါက်မြောက်ပြီး လက်ရည် အလွန်ကောင်းသူမျိုးကိုကား ချွင်းချက်အနေဖြင့် ( တစ်ခါတစ်ရံ ထပ်ဆင့်ချန်ပီယံ ရွေးပွဲ ၊ အလွတ်တန်း ချန်ပီယံရွေးပွဲ၊ လက်ရည်ဖြင့် အတန်းကို ဆုံးဖြတ်သော အောင်လံပွဲ ၊ ဒဂုံအောင်လံ လုပွဲ များတွင် သာ ) ဝိတ်တန်း ကွာသည့်  တိုင် တွဲဆိုင်း စီစဉ်ပေးရမည် ။ ဝိတ်ငယ်သူတို့၏ ရဲရင့်ခြင်း နှင့် သိက္ခာအတွက် ပွဲကြော်ညာ တွင် ဝိတ်တန်းငယ်မှ မည်သူက ဝိတ်တန်းကြီး မှ မည်သူ့ကို စိန်ခေါ်ထိုးသတ်မည် အကြောင်းကို ပါ တရေးတယူ ထည့်သွင်းဖော်ပြရမည် ။ ( လက်ရည် ၊ ပညာ ၊ ဝါ တူနေလျှင် ဝိတ်တန်းကြီးသူ စားသွားနိုင်သည့် သဘာဝကြောင့် ဝိတ်တန်းငယ် ကစားသမား ရှုံးခဲ့သည် ရှိသော် ပရိတ်သတ် တို့အနေဖြင့် ဝိတ်တန်းငယ် ကစားသမား တို့အပေါ်တွင် လိုအပ်သည် ထက် ပိုအထင်သေး ရှုံ့ချ အပြစ်တင်ခြင်း မရှိပဲ ဝိတ်တန်း နှင့် ပညာ သဘောသဘာဝကို စာနာ နားလည် တတ်စေရန် ဖြစ်သည် )

***** စည်းမျဉ်းခွဲများ ထားရှိခြင်း *****

လက်ရှိတွင် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ စည်းမျဉ်း ( အမှတ်ပေး မပါ ) ၊ ဒဂုံအောင်လံ စည်းမျဉ်း ( အမှတ်ပေး ) ၊ ရွှေခါးပတ်ချန်ပီယံ စည်းမျဉ်း ( အမှတ်ပေး ) ဟူ၍ရှိ၏ ။ 

နိုင်ငံ တကာ စိန်ခေါ်ပွဲများ ပြည်ပ ပွဲ များ အတွက် လက်ရှိ မူလ ရိုးရာ စည်းမျဉ်း နှင့် နိုင်ငံတကာ ခေတ်သစ် စည်းမျဉ်းများ ဟူ၍ နှစ်ခု ထားရှိရမည် ။

လက်သီး ဗလာ နှင့် ခေါင့် သတ် ပါခြင်း ၊ အနား တောင်းခွင့် ပါခြင်း ၊ အလဲထိုးမှ နိုင်ခြင်း စည်းမျဉ်းတို့ကို လက်ခံသော /ထိုးရဲသော နိုင်ငံခြားသား တို့ကို လက်ရှိ ရိုးရာစည်းမျဉ်းအောက်တွင် လက်ခံ ယှဉ်ပြိုင်ထိုးသတ်ရမည်။ ရိုးရာစည်းမျဉ်း မြန်မာ့ရိုးရာ လက်ဝှေ့ အမည် နာမအောက်တွင် ထိုးသတ်ခြင်း ဖြစ်၍ မူလ စည်းမျဉ်းအတိုင်း ( အထက်က အကြံပြုခဲ့သော ပြောင်းလဲရန်များမှ အပ ) လက်သီးဗလာ ၊ ခေါင်းသတ်တို့ကို လုံးဝ မဖြုတ်ပဲ ထိုးသတ်ရမည် ။

သို့သော်လည်း တချို့ ကစားသမားများမှာ လက်သီးဗလာ ၊ ခေါင်းတိုက် ၊ အလဲထိုးစည်းမျဉ်းဖြစ်ခြင်း တို့ကြောင့် မြန်မာ့လက်ဝှေ့ကို စမ်းချင်ပါလျှက် အနားမသိဝံ့ ကြ ၊ ထိုသူတို့အတွက်၊ နိုင်ငံတကာ စိန်ခေါ်ပွဲများ ၊ ပြည်ပ မြန်မာ့လက်ဝှေ့ ပွဲများအတွက် အထူးစည်းမျဉ်းခွဲ တစ်ခု ထုတ်ရမည် ၊ ထိုစည်းမျဉ်းခွဲကို မူလ ရိုးရာလက်ဝှေ့ စည်းမျဉ်း နှင့် ကွဲပြားစေရန် အမည် အသစ်တစ်ခု ပေးရမည် ၊ '' နိုင်ငံတကာ မြန်မာ့လက်ဝှေ့ စည်းမျဉ်း '' ဟု ခေါ်လိုက ခေါ်နိုင်၏ ( ပွဲစီစဉ်သူများလည်း လူရှာရလွယ် ၊နိုင်ငံခြား ကစားသမား လည်း စည်းမျဉ်း ရွေးချယ်ခွင့်ရှိ - နှစ်ဦး နှစ်ဖက် အကျိုးရှိ၏ ) ။ ထို နိုင်ငံတကာ မြန်မာ့လက်ဝှေ့ စိန်ခေါ်ပွဲစည်းမျဉ်း / ပြည်ပ စည်းမျဉ်း တွင် လက်အိတ်ကြပ် ( MMA လက်အိတ်ကဲ့သို့ လက်ချောင်းများကို မဖုံးအုပ်သသော လက်အိတ်မျိုး ဝတ်နိုင် /ကိုယ်ပိုင် တီထွင်နိုင် ) ကို ဝတ်ဆင်နိုင်သည် ၊ ခေါင်းသတ်မပါပဲ သတ်ရှစ်သတ် သာ ခွင့်ပြု မည် ၊ အနားတောင်းခွင့် မရှိ ၊ ငါးမိနစ် ငါးချီ စည်းမျဉ်း ပင်ဖြစ်ကာ အမှတ်စဉ် ရေတွက်ခြင်း အတွက်လည်း အကြိမ်ရေ အကန့်အသတ်မရှိခြေ ( ကြိုးဝိုင်း ဒိုင်မှာ ပါးနပ်ရန်လိုပြီး မည်သည့်အချိန် ပွဲရပ်ရမည် ကို သိရမည် ) ။ အလဲထိုး ၊ အကွဲထိုး ၊ ကြောက်ရှုံးမရှိပဲ ပွဲပြီးသွားက အမှတ်ဖြင့် ဆုံးဖြတ်ရမည် ၊ အမှတ်တူနေလျှင် အချီ ပို တစ်ချီ ထပ်ထိုးစေကာ ဆုံးဖြတ်ရမည် ။ ( ခေါင်းသတ် ဖြုတ်ထားသော စည်းမျဉ်းခွဲ ဖြစ်သဖြင့် မွေထိုင်း နှင့် ကစ်ဘောက်ဆင် လောကမှ ထိပ်သီး ဖိုက်တာများ မြန်မာ့လက်ဝှေ့ ဘက်သို့ ဦးလှည့်လာမည် ) 

ပြည်တွင်းမှာ ဖြစ်ဖြစ် ပြည်ပမှာ ဖြစ်ဖြစ် ပွဲကြီးများလုပ်ရင်လည်း မူလရိုးရာစည်းမျဉ်းနဲ့ ခြောက်ပွဲ ၊ နိုင်ငံတကာ မြန်မာ့လက်ဝှေ့စည်းမျဉ်းနဲ့ လေး ပွဲ ဆိုပြီး ပေါင်း ကျင်းပပေးရမှာ ဖြစ်ပါတယ် ။ မူလ ရိုးရာလက်ဝှေ့ စည်းမျဉ်းထိုးသူတွေဟာ နိုင်ငံတကာ မြန်မာ့လက်ဝှေ့ စည်းမျဉ်း ထိုးသူတွေထက် ထိုးကြေး ၃၀ % - ၄၀ % ခန့် ပိုရပါမယ် ။ မူလ ရိုးရာက ခါးပတ် က နိုင်ငံတကာ ခါးပတ်ထက် ပို အဆင့်မြင့် ဂုဏ်ရှိပါမယ် ။

ထို့ကဲ့သို့ ကြေးစား ပရော်ဖက်ရှင်နယ် လောကသားတို့အတွက် စည်းမျဉ်းမျာ့ထားရှိသကဲ့သို့ အပျော်တမ်း ထိုးချင်သူတို့အတွက်လည်း နိုင်ငံတကာ အပျော်တမ်း စည်းမျဉ်း နှင့် မိမိတို့ ရိုးရာစည်းမျဉ်း တို့မှ ယူသင့်သည်ယူ ပြင်သင့်သည်ပြင် ၍ အပျော်တမ်းသမား များအတွက် သက်ညှာသော စည်းမျဉ်းခွဲလေး တစ်ခု ထပ်ထုတ်ရမည် ။ ( ထိုအခါ ကျောင်းသူ ကျောင်းသား ၊ ကလေး လူကြီးမရွေး ၊ ကျားမ မရွေး ၊ အယုတ်အလတ် အမြတ် ပိုင်းခြားမရွေး အလွှာ ပေါင်းစုံ ၊ နောက်ခံပေါင်းစုံမှ ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိလာမည် ၊ ပြည်တွင်းတွင် နေရာရလာပြီး မြန်မာနှင့် မြန်မာ့လက်ဝှေ့ အမှန်တကယ် တစ်သားတည်းကျလာမည် ) 

ကျွန်ုပ်တင်သွင်းသော ဤ အဆိုတို့မှာ အစိုးရပိုင်း ၊ မြန်မာ့ရိုးရာ လက်ဝှေ့ လောက ပညာရှင်ဆရာများ ၊ မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ် တို့ မှ သုံးသပ် ဆင်ခြင် မျှော်မြင် ၍ ဦးဆောင် ပြောင်းလဲပေးနိုင်သော အချက်များဖြစ်ပါသည် ။ 

ကျနော်နဲ့ အမြင်တူရင် များများ Share ပါ ၊ ကိုယ်ပိုင် တွေးမိတာလေးတွေရှိရင်လည်း မျှဝေပါ ၊ အကြံပြုပါ ၊ ဆွေးနွေးပါခင်ဗျ ။

မြန်မာ့နှလုံးသားကဗျာ ရိုးရာလက်ဝှေ့ ဝါသနာရှင် 

Liger Paing

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>