လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ခင်နှင်းကြည်သာ



ခင်နှင်းကြည်သာ ဆိုသည်မှာ……..

ဒေါက်တာမောင်မောင်စံ(စာရေးဆရာ ကြည်မင်း) နှင့် ဒေါက်တာ ခင်မမတို့၏ သမီးလေးယောက်တွင် အငယ်ဆုံးသမီးဖြစ်သည်။
ဖေဖေသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပြီး မေမေသည် ထိုတက္ကသိုလ်၌ပင် ပါမောက္ခချုပ် (စီမံ) တာဝန်ဖြင့် အငြိမ်းစားယူခဲ့သည်။ထိုတက္ကသိုလ်သည် ပျဉ်းမနားမြို့နှင့် ၁၀ မိုင်ဝေးကွာသည့် ရေဆင်းကျေးရွာတွင်ရှိသည်။ မိခင်ဝမ်းအတွင်း အသက်မရှင်တော့ဟုဆိုကာ မန္တလေးတိုင်း ပျဉ်းမနားမြို့ရှိ ပြည်သူဆေးရုံကြီးမှာ မေမေ့ကို ဗိုက်ခွဲခဲ့သည်။ ကလေးက လမစေ့ ပေါင်မပြည့်သော်လည်း အသက်ရှင်နေခဲ့သည်။ ၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက် ၁၀နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့ပြီး ခင်နှင်းကြည်သာ လို့
ဖေဖေက အမည်ပေးခဲ့သည်။
ရေဆင်းကျေးရွာလေး၌ ၁၆နှစ်အထိ နေထိုင်ခဲ့ပြီး ၂၀၀၃ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်သို့ ပြောင်းရွေ့ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် စာကြည့်တိုက်နှင့် သုတမေဂျာဖြင့် ၂၀၀၆ခုနှစ်တွင် ဂုဏ်ထူးတန်းဘွဲ့ကို ယူခဲ့ပြီး မဟာဝိဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ၂၀၀၈ခုနှစ်တွင် ရရှိခဲ့သည်။ ရန်ကုန်မြို့ လမ်း၄၀ရှိ စာရေးသူများရည်ညွှန်းစင်တာတွင် စာကြည့်တိုက်မှူးအဖြစ် ၁နှစ်ခွဲခန့် တာဝန်ယူခဲ့ပြီးနောက် ဂျာနယ်လောကသို့ ၀င်ရောက်ခဲ့သည်။ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကာလ၌ ရန်ကုန်အခြေစိုက်ဖွဲ့စည်းထားသော ပရဟိတအဖွဲ့ဖြစ်သည့် ပုံပြောသူများအဖွဲ့တွင် ဘဏ္ဍာရေးမှူးတာဝန်ယူကာ ၃နှစ်ကျော် တာဝန်ယူခဲ့ပြီးနောက် အလုပ်တာဝန်များကြောင့် ထိုအဖွဲ့မှ အနားယူလိုက်သည်။
Venus News Weekly ဂျာနယ်တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေရင်း မကွေးတိုင်းပခုက္ကူခရိုင်အတွင်းရှိ ရေစကြိုမြို့နယ်မှ ပုံပြောသူများအဖွဲ့၏ ဖိတ်ခေါ်မှုကြောင့် ပုံပြင်များပြောရန် မြိုင်အနောက်ဘက်ရှိ တောင်တန်းပေါ်သို့ ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ထွက်ခွာခဲ့သည်။ ထိုခရီးမှ ပြန်လာပြီးနောက်ပိုင်းတွင် “ဖိနပ်မရှိဘူး၊ ဆေးမရှိဘူး၊ အနာတွေက နာတယ်” ဆိုသည့် ဆောင်းပါးကို ၂၀၁၂ခုနှစ် နိုဝင်ဘာလအတွင်း ရေးသားခဲ့ပြီး Venus News Weekly ၏ အတွဲ ၄၊ အမှတ် ၁၉ တွင် ဖော်ပြခဲ့ရာမှ အလှူရှင်များနှင့် လူထုက မြိုင်အနောက်ဘက်မှ မိုင် ၃၀ကျော်ဝေးသည့် တောင်တန်းပေါ်တွင် ရွာစာရင်း၌ မပါဝင်ဘဲ တောင်ပေါ်တွင် တဲထိုးနေသည့် တဲတိုက်လူတန်းစား၏ ပညာရေးကို သတိထားမိလာကာ ကျွန်မနှင့် ပါဝင်လက်တွဲလာခဲ့ကြသည်။
မိမိကိုယ်တိုင်လည်း တစ်ယောက်တည်းဖြစ်နေပြီး တစ်ယောက်တည်းဖြစ်ကာ ပရဟိတလုပ်ဆောင်နေချင်သူများဖြင့် စုစည်းလိုသောကြောင့် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်အမည်ရှိ ပရဟိတကွန်ရက်တစ်ခုကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကာ မြိုင်အနောက်ဘက်ရှိ တောင်တန်းဒေသ၏ ဖွံ့ဖြိုးရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့သည်။ တစ်နှစ်တာအတွင်း ပြည်တွင်းနှင့် ပြည်ပရှိ အလှူရှင်ပေါင်း (၂၀၀) ကျော်ခန့်ထံမှ အလှူငွေ ကျပ်သိန်း ပေါင်း (၁၅၀) ခန့် ရရှိခဲ့ပြီး ကျပ် သိန်း (၁၀၀) ကျော်အား မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့အနောက်ဘက်မှာ ရှိတဲ့ စာသင်ဆောင် ၄ ဆောင်။ တောင်အောက်တွင် စာသင်ဆောင် ၂ ဆောင်၊ ရေတွင်း ၃တွင်း၊ တောင်ပေါ်မှ ၅တန်းတက်ရောက်မည့် ကျောင်းသားကျောင်းသူ ၅၀ကျော်ကို ဆက်လက်ပညာသင်ရန် ထောက်ပံ့ခြင်း၊ တောင်ပေါ်ကျောင်းများ၌ ရေတွင်းနှင့် ရေကန်များ ဆောက်လုပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ကွန်ရက်စတင်တည်ထောင်ခဲ့စဉ်မှ ယနေ့အထိ တောင်တန်းတစ်ကြောနှင့် တောင်ခြေတစ်ဝိုက်ရှိ စုစုပေါင်း ရွာ ၁၀ ရွာခန့်အား လစဉ်နီးပါး ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။ ဒေသတကြော စိမ်းလန်းရေးအတွက် သစ်ပင် ၆၀၀ ကျော် စိုက်ပျိုးခဲ့ပြီး တရားပွဲများ ကျင်းပခြင်း၊ မြိုင်အနောက်ဘက်တစ်ကြောရှိ မူကြိုကလေးငယ် (၅၀၀) ကျော်အား အာဟာရတိုက်ကျွေးခြင်း၊ ဆေးနှင့် အနွေးထည်၊ အ၀တ်အထည်၊ ဖိနပ်၊ သင်ထောက်ကူ ပစ္စည်းများ၊ စာရေးစားပွဲပေါင်း အစုံ (၅၀)ကျော်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းအတွင်းရှိ ဆေးကျောင်းသားတစ်ဦးနှင့် ပညာရေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦး စုစုပေါင်း ၂ ဦးကိုလည်း လစဉ်ပညာသင်ထောက်ပံ့ကြေးငွေ ပေးလျှက်ရှိသည်။
မြိုင်အနောက်ဘက်ပိုင်းရှိ ကျေးရွာများအပြင် ၂၀၁၃ခုနှစ်အတွင်း ပခုက္ကူအတွင်းရှိ အနာကြီးရောဂါသည်များအား ဆေးကုသခြင်း၊ ဆေး၊ အ၀တ်အထည်များနှင့် အလှူငွေလှူဒါန်းခြင်း၊ ဧရာဝတီတိုင်း ဟသာင်္တမြို့၏ ရေဘေးသင့် ဒေသများသို့ ဆန်အိတ်များ၊ ဆေးနှင့် စားစရာများ လှူဒါန်းခြင်း၊ ပဲခူးတိုင်းအတွင်းရှိ သာယာဝတီမြို့မှ ဘ.က ကျောင်းသို့ ဆန်အိတ်များလှူဒါန်းခြင်း စသည်တို့ကို ဆောက်ရွက်ခဲ့ပါတယ်။ လက်ရှိတွင် တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်အတွင်း ကွန်ရက်တည်ထောင်သူအဖြစ်ပါဝင် လှုပ်ရှားနေပြီး မြစ်မခသတင်းမီဒီယာအေဂျင်စီ၏ သတင်းအယ်ဒီတာအဖြစ်လည်း တာဝန်ထမ်းဆောင်လျှက်ရှိကာ မိသားစုနှင့်အတူ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်း နေထိုင်လျှက်ရှိသည်။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



  • Total Posts: 1205
  • Total Comments: 31
  • Total Pages: 0
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>